အပိုင်း (၇၂)
သို့သော် သူ ချက်ချင်း အဖြေရှာတွေ့လိုက်သည်။ ဒါ လျို့ဟွားရဲ့ကောင်လေးအသစ် ဖြစ်လောက်မယ်ထင်တယ်။
ရွယ်ကျင်းဟုန် အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ နေရာဖယ်ပေးလိုက်သည်။
"ကျွန်တော် အထဲ ဝင်သွားဖို့က အဆင်မပြေလောက်ဘူးဆိုတော့ ခင်ဗျားပဲ လာပြီး ကလေးတွေ ရွှေ့တာကို ဝိုင်းကူပေးလိုက်ပါလား"
သူ၏သဘောထားက ရွှီယိမျှော်လင့်ထားသည်ထက် အနည်းငယ် ကျော်လွန်နေ၏။ သို့သော် သေချာစဉ်းစားကြည့်လိုက်ချိန်တွင် ဤသည်ကာ အတော်လေး သာမန်ရိုးကျဆန်ပုံရသလိုပင်။ ထို့ကြောင့် သူ့မှာ ပြုံးရုံသာ တတ်နိုင်လေသည်။
"ကောင်းပါပြီ"
...ဒါက စည်းခြားနေတာဆိုလည်း သူ ဂရုမစိုက်ဘူး...
လျို့ဟွားတို့မိသားစုသည် ခရစ္စမတ်အတွက် ရက်အတော်ကြာ ကြိုတင်ပြင်ဆင်နေသဖြင့် အိမ်နီးချင်းမိသားစုများအားလုံး ဤပျော်ရွှင်ဖွယ်ကောင်းသော အငွေ့အသက်များ ကူးစက်ခံလိုက်ရသည်။
လျို့ဟွားသည် ခေါင်းပေါ်တွင် ဖဲပြားကြီးများ တပ်ထားကြသော ကလေးတစ်သိုက်၏ ဓာတ်ပုံကို ရက်ရက်စက်စက် ရိုက်နှိပ်ကာ သူတို့လေးများ၏ ကန့်ကွက်မှုကို လျစ်လျူရှုပြီး ဧည့်ခန်းထဲရှိ အထင်ရှားဆုံးနေရာတွင် ထောင်ထား၏။
ရွယ်ယွိတစ်ယောက် ဧရာမဓာတ်ပုံကြီးရှေ့တွင် မတ်တတ်ရပ်ပြီး မနေနိုင်အောင် သက်ပြင်းရှည်ကြီး ချမိတော့သည်။
ဒီခရစ္စမတ်ကတော့ ပျော်ဖို့ကံမပါဘူးနဲ့တူတယ်...
"ဝိုး! သာ့ကောကော အားယန်တို့ ဒီဓာတ်ပုံထဲမှာ အရမ်းကြည့်ကောင်းနေကြတယ်နော်!"
ကလေးမလေးသည် ဘယ်အချိန်ကတည်းကမှန်းမသိ ရွယ်ယွိအနားသို့ ရောက်နေပြီး တအံ့တဩ ရေရွတ်လာ၏။
ရွယ်ယွိ သူ့ညီမလေးကို ငုံကြည့်လိုက်ပြီး၊ ထို့နောက် ဓာတ်ပုံကို ပြန်ကြည့်ကာ တစ်ဖန် သက်ပြင်းချမိပြန်တော့သည်။
တကယ်တော့ သူကပဲ မပျော်မရွှင်ဖြစ်နေတာကိုး!
ထားပါလေ၊ ကလေး ပျော်နေသရွေ့ ဒါတွေက အရေးမကြီးပါဘူး။
ရွယ်ယွိ သူ့ညီမလေးကို ကောက်ချီလိုက်သည်။
"တခြားသူတွေရော အားယန်"
ရွယ်ယန်သည် အစ်ကိုဖြစ်သူ၏ လည်ပင်းအား ကျွမ်းကျွင်စွာ ဖက်ထားလိုက်သည်။
"ခရစ္စမတ်ပင်ကို ပို့ပေးတဲ့သူတွေ ရောက်နေပြီလေ အကုန်လုံး အပြင်မှာ ကြည့်နေကြတယ်!"
ရွယ်ယွိသည် လက်ထဲမှ ကလေးအား တစ်ချက်ပြန်ပင့်လိုက်သည်။
"ဒါဆို ကိုကိုတို့လည်း သွားပြီး ကြည့်ရအောင်လေ"
သူတို့မှာ တံခါးဆီသို့ လျှောက်သွားလိုက်သည်နှင့် ပိတ်ဆို့နေသော လူတစ်စုကြောင့် အပြင်ဘက်ကို ဝေဝေဝါးဝါးသာ လှမ်းမြင်လိုက်ရသည်။ ရွယ်ယန်တစ်ယောက် သူ့လည်ပင်းကို ဆန့်ထုတ်ကာ ဝေးဝေးမျှော်ကြည့်နိုင်ရန် ကြိုးစားလိုက်သည်။
ရွယ်ကျစ်သည် အပြင်ဘက်မှနေ ခက်ခက်ခဲခဲ တိုးထွက်လာရ၏။ သူ့မှာ အသက်ပင်ဖြောင့်အောင် မရှူနိုင်သေးခင် သူ့ခေါင်းအထက်မှ အသံကို ကြားလိုက်ရသည်။
"အကုန်လုံး ခရစ္စမတ်ပင်ကို ကြည့်နေကြတာလား"
ရွယ်ကျစ် သူ့အဝတ်များကို ခါကာ မတ်မတ်ပြန်ရပ်လိုက်သည်။
"ဟုတ်တယ်၊ အမေက နှစ်ပင်ဝယ်လာတာ၊ သူပြောတာတော့ အသေးလေးကို ဧည့်ခန်းထဲမှာထားပြီး အကြီးကို ခြံထဲမှာ ထားမယ်တဲ့"
သူ စကားပြောနေစဉ် သစ်ပင်များကို သယ်လာသည့် အရပ်ရှည်ရှည် အမျိုးသားအချို့ အထဲဝင်လာကြသည်။
"ကျွန်တော်တို့ ဒါကို ဘယ်နားမှာ ထားပေးရမလဲ"
သူတို့ထဲမှ တစ်ယောက်က အမေးရှိလာ၏။
လျို့ဟွား ဝင်လာပြီး ဘေးပတ်ပတ်လည်ကို တစ်ခဏကြည့်လိုက်ပြီးနောက် ထောင့်တစ်နေရာကို ညွှန်ပြလိုက်သည်။
"လောလောဆယ် အဲ့မှာ ထားထားပေးပါ၊ ကျွန်မတို့ ပြီးမှ ရွှေ့လိုက်မယ်၊ အကြီးကိုတော့ ခြံလယ်ကောင်မှာ ထားထားလိုက်လို့ရတယ်"
ရှုပ်ထွေးသော ဆွေးနွေးမှုအပြီးတွင် လူတိုင်းမှာ နောက်ဆုံးတွင် ကျေနပ်ရုံမျှ ကျေနပ်သွားကြသည်။
အန်းစီထုန်သည် ဘယ်အချိန်ကတည်းကမှန်းမသိ ဝင်ရောက်ပူးပေါင်းလာ၏။
"ကျွန်မတို့ နည်းနည်းလောက် အလှဆင်လိုက်တာနဲ့ တော်တော်လေး ကြည့်ကောင်းသွားမှာ"
လျို့ဟွား သူ(မ)ကို အမြင်ကတ်စွာ စွေကြည့်လိုက်သည်။
"ဘယ်သူ့ကို လာပြောနေတာလဲ"
အန်းစီထုန်သည် ယုံကြည်ချက်အပြည့်ဖြင့် ဆိုလာ၏။
"ကျွန်မလည်း ရှင်တို့နေရာမှာ ခရစ္စမတ်ကို ကုန်ဆုံးချင်လို့လေ"
ရွယ်ယန်က သူ(မ)အစ်ကို၏ လက်မောင်းထဲမှနေ ခေါင်းလေး ထောင်ထွက်လာ၏။
"မမ! အားယန်မှာ ချောကလက်တွေ အများကြီးပဲ ရှိတယ်!"
အန်းစီထုန်၏မျက်လုံးများသည် ကလေးမလေးကို မြင်သည်နှင့် အရောင်လက်သွား၏။
"ပေါင်ပေ့! အန်တီ ကလေးကို ဖက်ပါရစေအုံး!"
လိမ္မာရေးခြားရှိသော ရွယ်ယန်လေးသည် အန်းစီထုန်၏ လုယူခြင်းကို ခံလိုက်ရပြီး အကြိတ်အနယ် ဖျစ်ညှစ်ခံနေရတော့သည်။
ကလေးမလေးသည် ပါးများကို စူဖောင်းကာ မျက်နှာလေးကို အုပ်ထားလိုက်တော့သည်။
"မမ၊ နောက်ဆို အားယန်ရဲ့မျက်နှာကို ဒီလိုမညှစ်ပါနဲ့၊ မေမေပြောတယ် အားယန်ရဲ့မျက်နှာ ဒီလိုဝိုင်းနေတာ အညှစ်ခံရလို့တဲ့"
အန်းစီထုန်သည် သူ(မ)ကို တင်းကျပ်စွာ အမှန်ပြင်ပေးလာ၏။
"ပေါင်ပေ့၊ ကလေး အန်တီ့ကို အန်တီလို့ခေါ်ရမှာ ပြီးတော့... ပေါင်ပေ့မျက်နှာက အစကတည်းက ဒီလိုဝိုင်းဝိုင်းပဲ မဟုတ်ဘူးလား"
ရွယ်ယန်သည် ၎င်းကို ဘယ်သောအခါမှ ဝန်ခံမည်မဟုတ်။
"မဟုတ်ဘူး မဟုတ်ဘူး! ဒီလိုလုပ်လို့ ဝိုင်းနေတာ!"
အန်းစီထုန် တစ်ခဏ တွေးတောလိုက်ပြီးနောက် ရွယ်ယန်ကို အောက်ချပေးလိုက်ပြီး ကလေးမလေး သတိမထားမိနေသည့်အချိန် သူ(မ)၏မျက်နှာလေးအား ပွတ်သပ်လိုက်ပြီး ရယ်မောကာ ထွက်ပြေးသွား၏။
ရွယ်ယန်မှာ ကြောင်အမ်းနေမိရင်း အချိန်လွန်မှ သိလိုက်ရကာ အမေဖြစ်သူအား ကြေကွဲစွာ ကြည့်လိုက်သည်။
"မေမေ အန်တီက အားယန်ရဲ့မျက်နှာကို ညှစ်သွားပြီး ဝိုင်းအောင်လုပ်သွားတယ်"
ကလေးမလေးသည် သူ(မ)မျက်နှာဝိုင်းနေရခြင်းက သူ(မ) အစားအလွန်အကျွံနေခြင်းကြောင့်ဆိုတာ လုံးဝ မသိချေ။
လျို့ဟွား ကလေး၏ခေါင်းလေးကို ပုတ်ပေးလိုက်သည်။
"ပေါင်ပေ့ ဘာမှမဖြစ်ဘူးနော် မေမေ အဲ့အန်တီကို သွားရိုက်ပေးမယ်"
သူ(မ)က အင်္ကျီလက်ကို ခေါက်တင်ကာ အပြင်သို့ ထွက်သွား၏။
ရွယ်ယန်မှာ သူ(မ)၏နောက်ကျောကို ခေါင်းရှုပ်စွာ ကြည့်လိုက်ပြီး သိပ်မကြာလိုက်ခင် အပြင်ဘက်မှနေ အန်းစီထုန်၏အသံကို ကြားလိုက်ရသည်။
"လျို့ကျဲ! တောင်းပန်ပါတယ် တောင်းပန်ပါတယ်! ကျွန်မ ထပ်မလုပ်တော့ပါဘူး!"
ကလေးမလေးသည် လန့်ဖျပ်သွားပြီး ခြေတံတိုတိုလေးများဖြင့် အပြင်သို့ ပြေးထွက်ကာ အော်ဟစ်လိုက်သည်။
"မေမေ့! ရန်မဖြစ်ရဘူးလေ!"
လူကြီးတွေက တကယ့်ကို ကိုင်တွယ်ရခက်လိုက်တာ! အမြင်ကွယ်တာနဲ့ကို ရန်စဖြစ်ကြတော့ပဲ!
သို့ရာတွင် ကလေးမလေး အပြင်သို့ ပြေးထွက်လာချိန် သူ(မ)မှာ လျို့ဟွားနှင့် အန်းစီထုန်တို့ တစ်ယောက်ကိုတစ်ယောက်ဖက်ကာ အားပါးတရ စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။
ရှောင်ရွယ်ယန် : "..."
ကောင်းတယ် မေမေက ငါ့ကို ထပ်လိမ်သွားပြန်ပြီ
...မျဉ်းက တစ်ဖန်ပေါ်လာပြန်ချေသည်...
မကြာသေးမီက ရာသီဥတု ကောင်းမွန်လာပုံရသော်လည်း နှင်းများက ထူထပ်စွာ ကျဆင်းနေဆဲပင်။
ရှန်နျန်သည် ခရစ္စမတ်မတိုင်မီ နှစ်ရက်အလိုက မြူနီစပယ်စာရေးပြိုင်ပွဲတွင် ပါဝင်ခဲ့ပြီး ပထမဆုရရှိခဲ့သောကြောင့် လူတိုင်းသည် ခရစ္စမတ်နေ့တွင် သူ(မ)အတွက် လက်ဆောင်နှစ်ခုကို ပြင်ဆင်ထားကြသည်။
ရွယ်ယန်သည် ရှန်နျန်၏လက်ကို ဆွဲကာ ခြံထဲသို့ ပြေးသွားလိုက်ပြီး ကြီးမားသော ခရစ္စမတ်ပင်ကြီးအား လက်ညှိုးထိုးပြလိုက်သည်။
"နျန်နျန်၊ နျန်နျန်အတွက် အားယန်ရဲ့လက်ဆောင်က သစ်ပင်ပေါ်မှာ!"
ရှန်နျန် ပြုံးကာ ဒူးထောက်ထိုင်လိုက်ပြီး ကလေးမလေးကို နမ်းလိုက်သည်။
"ငါ သိတာပေါ့! အားယန်အတွက် ငါရဲ့လက်ဆောင်ကိုလည်း အပင်ပေါ်မှာ ချိတ်ထားတယ်"
ကလေးငယ်၏ ဖြူစင်လှသော မျက်နှာလေးပေါ် ကျဆင်းနေသော နှင်းချပ်များက အိပ်မက်နှင့် ဆင်တူပြီး အနည်းငယ် အစစ်အမှန်မဟုတ်သယောင် ခံစားရစေ၏။
ရှန်နျန်မှာ မသိလိုက်စွာဘဲ ရွယ်ယန်၏လက်ကို တင်းကျပ်စွာ ဆုပ်ထားလိုက်ပြီး အိမ်ထဲသို့ ဦးဆောင်ခေါ်သွားလိုက်သည်။
"အားယန် အထဲမှာ မီးသွားလှုံရအောင် အပြင်မှာ အေးတယ်"
ကလေးမလေးမှာ ရှန်နျန် ဘာကြောင့် မပျော်မရွှင်ဖြစ်သွားရမှန်း မသိချေ။
"အို့ခေ နျန်နျန်!၊ အားယန် နျန်နျန်နဲ့ ချောကလက်တူတူစားမယ်နော်!"
"ရတယ်လေ၊ ငါတို့တွေ ဘယ်သူမှမသိအောင် တိတ်တိတ်လေးခိုးစားကြမယ်!"
"အမ်ဟမ်!"
ယနေ့ကာ လျို့မိသားစု၏ အလုပ်အများဆုံးနေ့ပင်။ လူများပြည့်နေသော ဧည့်ခန်းကို ကြည့်ပြီး လျို့ဟွားမှာ ခေါင်းကိုက်ချင်လာ၏။
"ဟေး၊ ကလေးတွေ ဆော့တာက အကြောင်းမဟုတ်ပေမယ့် နင်တို့လူကြီးတွေက ကျေးဇူးပြုပြီး ဒီမှာ လာပြီးလှဲမနေလို့ရမလား"
အန်းစီထုန်သည် ကိုယ်နေဟန်ထားကို ပြောင်းလိုက်ပြီး သူ(မ)ဘေးရှိ လွတ်နေသောနေရာကို ပုတ်ပြလိုက်သည်။
"လျို့ကျဲ၊ ဒီမှာလာပြီး လှဲပါအုံးလား"
လျို့ဟွာ : "..."
ဒီတစ်ယောက်က တော်တော်အရှက်မရှိတာပဲ!
ဆိုဖာကို လူကြီးတွေက အပိုင်းသိမ်းထားသဖြင့် ရွယ်ယွိနှင့် အခြားသူများမှာ ကော်ဇောပေါ်တွင်သာ ထိုင်ရတော့သည်။
ယဲအန့်နင်သည် ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်သည်။
"ရှန်နျန်နဲ့ အားယန်တို့ ဘယ်သွားကြတာလဲ"
ချောင်းကျဲက အေးဆေးစွာ ဆိုလာ၏။
"သူတို့တွေ ခြံထဲကနေ ဝင်လာပြီး ခိုးကြောင်ခိုးဝှက်နဲ့ အပေါ်ထပ်ကို တက်သွားတာ တွေ့လိုက်တယ်"
ယဲအန့်နင်သည် မျက်လုံးများကို အန္တရာယ်ရှိစွာ ကျဉ်းမြောင်းလိုက်သည်။
"သူတို့တွေ မဟုတ်တာ တစ်ခုခုလုပ်တော့မှာ သေချာတယ်၊ လာ သူတို့ကို သွားဖမ်းရအောင်"
ရွယ်ယွိသည် ပျင်းရိစွာဖြင့် အကြောအချဉ်များ ဆန့်လိုက်သည်။
"မင်း မနာလိုဖြစ်နေတာကြောင့်များလား၊ အားယန်ရဲ့အရှေ့မှာ မျက်နှာသာပေးခံရချင်တယ်ပေါ့?"
ယဲအန့်နင် အနားရှိ ခေါင်းအုံးကို ဆွဲယူကာ ရွယ်ယွိထံ လွှင့်ပစ်လိုက်သည်။
"နင့်အပူမပါဘူး!"
ရုတ်တရက် ရွယ်ကျစ်၊ ချောင်းကျဲနှင့် ချီလင်းဟန်တို့သည် ပြောင်ဘွင်းဘွင်း အတင်းတုပ်နေကြ၏။
"ဒီနှစ်ယောက်က တစ်ခုခုတော့တစ်ခုခုပဲ"
"သိသာလွန်းတာပဲလေ"
"ပြီးခဲ့တဲ့အခေါက်တုန်းက ရွယ်ယွိ ယဲအန့်နင်ကို ဘလူးတုမိုက်ခရိုဖုန်းတောင် ပေးခဲ့သေးတယ် အထူးစပရှယ်မှာထားတဲ့ဟာနော်"
ရွယ်ယွိ သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"မင်းတို့တွေ နောက်တစ်ခါကျ ပါဝင်ပတ်သက်နေတဲ့လူတွေ မရှိတဲ့ တစ်နေရာရာမှာ အတင်းပြောကြရင် ငါ ကျေးဇူးတင်မိမှာပဲ မဟုတ်ရင်တော့ မင်းတို့ ထရိုက်ခံထိလိမ့်မယ်"
ယဲအန့်နင်သည် လေပူဖောင်းတင်းပုတ်ကို လှမ်းဆွဲလိုက်သည်။
"နောက်တစ်ခါဆိုတာ မရှိဘူး၊ အခုပဲ သူတို့ပါးစပ်တွေကိုပိတ်ပေးလိုက်ကြတာပေါ့"
ချီလင်းဟန်သည် လက်ဦးစွာ မတ်တတ်ထရပ်ကာ အပေါ်ထပ်သို့ ပြေးတက်သွားလိုက်သည်။
"ကံကောင်းပါစေ သားကြီးတို့! ငါ အားယန်ကို သွားရှာလိုက်အုံးမယ်!"
ရွယ်ကျစ်နှင့် ချောင်းကျဲ : "..."
