အပိုင်း(၄၈)
ရွယ်ယန် : “...”
ကျယ်ကျဲကပါ အားယန်ကို လိမ်တာပဲလား?
ရွယ်ကျစ်က ကလေးမလေး၏ဦးထုပ်ကို ပြန်ဆောင်းထားပေးလိုက်ပြီး အေးဆေးစွာ မေးလိုက်သည်။
“ဒါဆို ငါတို့တွေ အခု ဘယ်ကို သွားကြမှာလဲ”
ယဲအန့်နင်က မြေပုံကို ထောက်ပြလာ၏။
“ချားရဟတ်”
ချားရဟတ်နံဘေးတွင် အထူးသဖြင့် စိတ်ကူးယဉ်ဆန်သော ပန်းရောင်ပုံရိပ်များဖြင့် ဝန်းရံထား၏။ ရွယ်ယန်၏ မျက်လုံးများက တောက်ပလာပြီး
“ကျယ်ကျဲ ဒီနေရာက အရမ်းလှတာပဲ!”
ယဲအန့်နင်မှာ ပန်းရောင်နှင့် မိန်းကလေးဆန်ဆန်အရောင်များအား ကြိုက်နှစ်သက်သည့် အသက်အရွယ်ကို ကျော်လွန်သွားပြီဖြစ်သော်လည်း ရွယ်ယန်နှင့် အလွန် ပနံသင့်စွာ နေပေးနေ၏။
“အင်း အရမ်းလှတာပဲ”
ရွယ်ယန်က ယဲအန့်နင်နှင့် ရှန်နျန်တို့၏လက်ကို ဆွဲကာ သူတို့ကို မော့ကြည့်လာပြီး
“ကျယ်ကျဲ ဒါ ဆော့ရအောင်!”
ယဲအန်န့င် ကလေးမလေး၏ခေါင်းအား ပွတ်လိုက်သည်။
“အိုခေ”
လျို့ဟွာက သူ(မ)အိတ်ကပ်ထဲမှ ကတ်အချို့ကို ထုတ်ပေးလာ၏။
“မင်းတို့ကလေးတွေ ဒါကို ယူပြီး သွားဆော့ ကျမပျောက်စေနဲ့နော်!”
ထိုအရာများက ကလေးများအတွက် ရွယ်ကျင်း သူ့လက်ထောက်ကို အထူးတလည် စီစဉ်ခိုင်းထားသည့် VIP ကတ်များဖြစ်သည်။ ထိုအထဲတွင် ကလေးမလေးသုံးယောက်၏ကတ်များက မင်းသမီးအမှတ်အသားလေးများဖြင့် အထူးခြားဆုံး ဖြစ်သည်။
ရွယ်ယန်က ကတ်များကို ပျော်ရွှင်စွာ ယူလိုက်ပြီးနောက် သူ(မ)အစ်မများကို ချားရဟတ်ဆီ ဆွဲခေါ်သွား၏။
လျို့ဟွားနှင့် အခြားသူများက အောက်တွင်သာ ကြည့်နေကြပြီး အထူးသဖြင့် ရွယ်ယွိ၊ သူက ဤသို့သော နူးနူးညံ့ညံ့ ပန်းရောင်မြင်ရုပ်လေးများပေါ် လုံးဝ တက်စီးမည်မဟုတ်ကြောင်း အတိအလင်း ပြောထား၏။
ရွယ်ယန်က အဝင်ဝတွင် မတ်တတ်ရပ်ရင်း သူ(မ)လက်သေးသေးလေးကို ဆန့်ထုတ်ပြီး ထိုနေရာတွင် ရပ်နေသော မိန်းမငယ်လေးထံ သူ(မ)ကတ်ကို အတင်းထိုးပေးနေ၏။
“မမ! သမီးဟာ! သမီးဟာ!”
မိန်းကလေးမှာ ဒိုင်နိုဆောပေါက်စလေး ခြေဖျားထောက်ကာ မတ်တတ်ရပ်ပြီး လက်လှမ်းမှီရန် အားထုတ်နေပုံကြည့်ပြီး သဘောတွေ့သွားတော့သည်။ သူ(မ)က ပြုံးကာ ရွယ်ယန်၏ခေါင်းကို ပုတ်လိုက်ပြီး သူ(မ)အား ဘောလုံးနှစ်လုံး ကမ်းပေးလိုက်သည်။
သူများကလေးတွေ တစ်ယောက်တစ်လုံးပဲ ရတာလေ!
သို့သော် ရှောင်ရွယ်ယန်က တစ်ခဏ စဉ်းစားနေပြီးနောက် အပိုဘောလုံးတစ်လုံးကို အမျိုးသမီးလေးထံ ပြန်ပေးလိုက်ပြီး အလေးအနက် ရှင်းပြလာ၏။
“မမ မမဒီလိုလုပ်ရင် တခြားကလေးတွေ ဝမ်းနည်းကုန်မှာပေါ့”
မိန်းမငယ်လေးမှာ အံ့အားသင့်သွားရပြီး ပြုံးကာဖြင့် သူ(မ)ကို ကမ်းပေးလာသည့် ဘောလုံးအား ပြန်ယူလိုက်သည်။
“အိုခေ မမက အခုချိန်ကစပြီး သတိထားလိုက်ပါ့မယ်နော်”
တကယ့် ချစ်စရာအိန်ဂျယ်လေးပါလားနော်!
ထို့နောက် ချက်ချင်းပင် ယဲအန့်နင်နှင့် အခြားသူများသည်လည်း ဘောလုံးတစ်ယောက်တစ်လုံးစီ ရလိုက်ကြသည်။
ကလေးမလေးက အိပ်မက်ဆန်ဆန် ချားရဟတ်လေးအား သဘောကျလိမ့်မည်ဟု သူတို့ ထင်ထားကြသော်လည်း သူ(မ)က သစ်သားမြင်းရုပ်၏လည်ပင်းကို ငြိမ်သက်စွာဖြင့် ဖက်ထားရင်း သိပ်ပြီး စိတ်လှုပ်ရှားနေသည့်ဟန် မပေါ်နေပေ။
ယဲအန့်နင်က ကလေးမလေး၏ ပါးကို ညှစ်လိုက်ပြီး နူးနူးညံ့ညံ့ သံစဉ်များအကြား ညင်သာစွာ မေးလိုက်၏။
“အားယန် ဒါကို မကြိုက်လို့လား”
ရွယ်ယန်က သူ(မ)မျက်နှာကို သစ်သားမြင်းရုပ်၏လည်ပင်းပေါ် တင်ပြီး ပြန်မဖြေခင် အလေးအနက် စဉ်းစားနေလိုက်သေး၏။
“ကျယ်ကျဲ ဒါကြီးက ပျော်ဖို့... ကောင်းတယ်လို့ မထင်ဘူး”
ရှန်နျန်က ကလေးမလေး၏လက်ကောက်ဝတ်ထက်တွင် ချည်ထားသော ဘောလုံးကို ထိုးကြည့်နေ၏။
“ပျော်ဖို့မကောင်းတာလား စိတ်လှုပ်ရှားဖို့ မကောင်းတာလား၊ ငါတို့ သရဲအိမ်ထဲ သွားကြမယ်ဆိုရင်ရော?”
ရွယ်ယန်က နားထောင်ပြီး စိတ်အားထက်သန်စွာ ခေါင်းညိတ်လာ၏။
“သရဲအိမ် သွားချင်တယ်!”
ယဲအန့်နင်မှာ အနည်းငယ် ကူကယ်ရာမဲ့နေတော့သည်။
“အားယန် လှုပ်မနေနဲ့လေ၊ ဒီအဝိုင်းပတ်တာ မပြီးခင်အထိ အောက်ဆင်းလို့ရမှာ မဟုတ်ဘူး”
ကလေးမလေးက နာခံစွာဖြင့် မြင်းလည်ပင်းကို ထပ်ပြီး ဖက်ထားလိုက်သည်။
“အားယန် သိပါတယ်”
သူ(မ)ကစားချင်သည့် နောက်ထပ် အရာများအကြောင်း စဉ်းစားရင်းဖြင့် ရွယ်ယန်တစ်ယောက် စောင့်နေရင်း ဆန္ဒစောလာတော့သည်။ ချားရဟတ် ရပ်သွားသည်နှင့် သူ(မ)မှာ သူ(မ)အစ်မများကို ဆွဲချရန် မစောင့်နိုင်လုနီးပါးပင်။
လျို့ဟွားနှင့် အခြားသူများက ထွက်ပေါက်တွင် စောင့်နေကြသဖြင့် ကလေးမလေးသုံးယောက် ထွက်လာလျှင်ထွက်လာချင်း သူတို့ကို တွေ့လိုက်ရသည်။
လျို့မန်က ရွယ်ယန်ကို လက်ဝှေ့ယမ်း ပြလာ၏။
“အားယန် အားမန်တို့ ဒီမှာ!”
ရွယ်ယန်က သူ့လက်မောင်းလေးပေါ်တွင် ဘောလုံးသုံးလုံး ချည်နှောင်ထားပြီး ခြေလှမ်းစိပ်စိပ်လှမ်းကာ ချက်ချင်း အော်ခေါ်လိုက်သည်။
“မေမေ့! အားမန်! အားယန်တို့ ခဏနေ သရဲအိမ်ထဲ ဝင်လို့ရလား”
လျို့ဟွားက မျက်မှောင်ကြုတ်လာ၏။
“သရဲအိမ်?”
ကလေးမလေးက နှုတ်ခမ်းကို စူထော်လာ၏။
“မေမေ! မေမေ!”
လျို့ဟွားမှာ ဤကလေးမကြောင့် အခက်တွေ့ရပြီး ခေါင်းကိုက်လာတော့သည်။
“အိုခေ အိုခေ သရဲအိမ်ဆိုတော့လည်း သရဲအိမ်ပေါ့၊ ဒါပေမယ့် အားယန် မေမေ့ကို ပေးချီခိုင်းထားရမယ် ကိုယ့်ဘာသာကိုယ် လမ်းဆင်းမလျှောက်ရဘူး”
ရွယ်ယန် တစ်ခဏ စဉ်းစားကြည့်ပြီး ချီတုံချတုံဖြင့် သဘောတူလိုက်သည်။
“အို့ ရတယ်”
သရဲအိမ်မှာ ချားရဟတ်နှင့် အနည်းငယ် အလှမ်းဝေး၏။ ရွယ်ယန်က ဘေးပတ်ပတ်လည်အား ကြည့်နေပြီး ရှုမျှော်ခင်းလည်ပတ်ကြည့်ရှုပေးသည့် ကားကို တိုက်ရိုက် လှမ်းခေါ်လိုက်သည်။
ရွယ်ယန်ကို သူ(မ)အမေက ချီထားရင်းဖြင့် ပတ်ပတ်လည်အား လှည့်ပတ်ကြည့်ကြသည်။ လျို့ဟွားမှာ မနေနိုင်အောင် ကလေးမလေး၏ နူးညံ့ချောမွေ့သော ပါးနုနုလေးအား ဆွဲညှစ်လိုက်သည်။
“အားယန် လျှောက်လှုပ်မနေနဲ့လေ၊ မေမေ သမီးကို မချီနိုင်ဘဲ နေတော့မယ်”
ရွယ်ယန်က နာခံစွာဖြင့် ငြိမ်ကျသွား၏။ ရွယ်ယွိက မျက်မှောင်ကြုတ်လိုက်ပြီး ဆိုလာ၏။
“အမေ ကျွန်တော် အားယန်ကို ချီထားလိုက်မယ်”
လျို့ဟွားလည်း ယဉ်ကျေးမနေတော့ဘဲ ရွယ်ယွိ၏လက်မောင်းများထဲ ကလေးမကို ထိုးထည့်ပေးလိုက်သည်။
“ကောင်းပြီလေ မင်းညီမကို မင်းဘာသာ ချီထားတော့”
သူ(မ)လှုပ်ရှားမှုများက သပ်ရပ်လှသဖြင့် ရွယ်ယွီမှာ အနည်းငယ် ကြက်သေသေသွားရသည်။
ရွယ်ယန်သည်တော့ သူ(မ)အား ဘယ်သူချီချီ ဂရုမစိုက်ချေ။ ကလေးမလေးက ကားပေါ်မှ လက်ရန်းကို ကိုင်ပြီး မျက်တောင်မခတ်စတမ်းဖြင့် ဘေးပတ်ဝန်းကျင် မြင်ကွင်းများအား ငေးကြည့်နေ၏။
သူ(မ)လက်ကောက်ဝတ်တွင် ချီထားသော ဘောလုံးသုံးလုံးက လေညင်းနှင့်အတူ လွင့်မျောနေ၏။
ရွယ်ယွိက ပါးပါးဝက်ဘောလုံးကို ညွှန်ပြပြီး ကလေးမလေးကို ဆိုလာ၏။
“အားယန်၊ ဒါက အားယန်နဲ့ တူတယ်မထင်ဘူးလား”
ရွယ်ယန်မှာ တွေဝေစွာ မော့ကြည့်လိုက်ပြီး ပန်းရောင် ဝက်ကို တွေ့လိုက်ရသည်။
ကလေးမလေးက စိတ်ဆိုးစွာဖြင့် လက်ကို ပိုက်ပြီး အခြားသူများအား တိုင်ပြောလိုက်သည်။
“မေမေ ကိုကိုပြောတယ် အားယန်က ဝက်တဲ့!”
လျို့ဟွားမှာ အနှီကောင်လေးက အတော်လေး အားအင်ပြည့်ဝနေသည်ဟု ခံစားလိုက်ရသည်။ သူ(မ)က ဝတ်ကျေတမ်းကျေဖြင့် လက်များကို ဝှေ့ပြလိုက်သည်။
“အမ်ဟမ်...”
စိတ်ကျေနပ်စေမည့် အဖြေကို မရသဖြင့် ရွယ်ယန်တစ်ယောက် သူ(မ)အမများကို တစ်ဖန်ထပ်၍ ပြဿနာရှာတော့သည်။
“ကျယ်ကျဲ ကျယ်ကျဲ ကိုကိုကပြောတယ် အားယန်က ဝက်တဲ့!”
ယဲအန့်နင်သည် ထုံးစံအတိုင်း လိုက်လိုက်လျောလျော နေပေးဆဲပင်။
“သူ ဘယ်လိုတောင် ပြောထွက်ရတာလဲ! ငါတို့အားယန်လေးက သေချာပေါက် ဘဲငန်းလေးဟာကို!” (အရူး)
ရွယ်ယန် : “...”
သူ(မ) အဲ့ဒါကို နားမလည်ဘူးလို့ မထင်နဲ့!
နောက်ဆုံးတွင် ချီလင်းဟန်တစ်ယောက် အမှတ်မထင်ဖြစ်ဟန်ဆောင်ပြီး ရွယ်ယွိအား ဆူငေါက်ပေးလိုက်ကာမှ ရွယ်ယန်တစ်ယောက် ပြဿနာဆက်မရှာတော့ချေ။
ရှုမျှော်ခင်းကြည့်နေကြသည့် အခြားသော ခရီးသည်များမှာ ထိုမိသားစုလေးအား ကြည့်ပြီး မနေနိုင်အောင် ပြုံးမိကြသည်။ ကလေးတွေက အရမ်း ချစ်ဖို့ကောင်းကြတာပဲ!
လျို့ဟွားမှာ အစက သူ(မ) ကြောက်လန့်ပြီး အထဲ မဝင်ရဲလောက်ဘူးဟု စဉ်းစားမိကာ ရွယ်ယန်အား သရဲအိမ်တံခါးကို ပေးကြည့်ရုံသာပေးကြည့်မည်ဟု တွေးထားမိခဲ့သည်။
“ဝိုး! ဒီနေရာက အရမ်းမိုက်တာပဲ!”
ဒိုင်နိုဆောဝတ်စုံနှင့် ကလေးမလေးက အံ့အားတသင့်ဖြစ်နေ၏။
လျို့ဟွားနှင့် လျို့မန်တို့၏ မျက်နှာများမှာ အမေးသင်္ကေတများ အပြည့်ဖြင့်။ ဒီ 3D အရိုးခေါင်းတွေနဲ့ ကြောက်စရာကောင်းတဲ့ မွန်းစတားတွေ၊ သရဲတွေနဲ့ လုပ်ထားတဲ့ တံခါးက ဘယ်နားကများ အရမ်းမိုက်သွားရတာလဲ?
သို့သော် ရွယ်ယန်က အမှန်တကယ်ကို လုံးလုံး မကြောက်သည့်ဟန်၊ လျို့ဟွားတစ်ယောက် ကူကယ်ရာမဲ့စွာ သက်ပြင်းတချချဖြစ်ရတော့သည်။
“အိုခေ ဝင်ဖို့အသင့်ပြင်ကြမယ်”
ရွယ်ယန်က သူ(မ)အကို၏လည်ပင်းကို ဖက်ထားလိုက်သည်။
“မေမေ အားယန် အသင့်ဖြစ်ပြီ!”
တံခါးအဝင်ဝရှိ ပြတင်းပေါက် သေးသေးလေးဘေးတွင် လက်မှတ်စစ်ဆေးသူက ဇွန်ဘီမျက်နှာတစ်ပိုင်းဖြင့် ယဲအန့်နင် အားလုံး၏ကတ်များကို ကမ်းပေးလိုက်သည့်အချိန် ပြူထွက်လာ၏။
လေထုကို ဖန်တီးရန်အလို့ငှာ လက်မှတ်စစ်သည့်သူက သူ၏လက်သည်းရှည်ရှည်များဖြင့် ယဲအန့်နင်၏လက်ကို အမှတ်တမဲ့ ကုတ်ခြစ်လိုက်သည်။
အလွန် ကြောက်ဖို့မကောင်းနေသည့်တိုင် ယဲအန့်နင်မှာ မနေနိုင်အောင် ပခုံးတွန့်မိသွားသည်။
ကတ်များကို အလျင်အမြန် ပြန်ယူပြီး ယဲအန့်နင်တစ်ယောက် အခြားသူများထံ အပြေးသွားလိုက်သည်။
“အိုခေ ငါတို့ အခု ဝင်လို့ရပြီ”
သရဲအိမ်၏ အထဲထဲမှာ ရံဖန်ရံခါ မှိတ်တုတ်မှိတ်တုတ် လင်းနေသော မီးရောင်ဖျော့ဖျော့အနည်းငယ်ဖြင့် လွန်စွာ မှောင်မည်းနေ၏။
လူကြီးတစ်ယောက်ဖြစ်သည့် လျို့ဟွားပင် အနည်းငယ် ကြောက်လန့်နေမိသည်။ သူ(မ)က စိတ်ပူစွာဖြင့် ရွယ်ယန်ကို ကြည့်လိုက်သော်လည်း ကလေးမလေးက ဘေးပတ်လည်အား စိတ်အားထက်သန်စွာ လိုက်ကြည့်လို့နေ၏။
“...” အို့ ထားလိုက်တော့၊ အရင်ဆုံး အာရုံစူးစိုက်ထားတာက ပိုကောင်းပါတယ်လေ။
ရွယ်ယွိနှင့် အခြားသူများက မကြောက်ကြသော်လည်း ယဲအန့်နင်နှင့် ရှန်နျန်က အနည်းငယ် ကြောက်လန့်နေသည့်ပုံပင်။
ချီလင်းဟန်၊ ရွယ်ကျစ်နှင့် ချောင်းကျဲတို့က မိန်းကလေးများကို ဝန်းရံထားပြီး ရွယ်ယွိက အလယ်ကောင်မှနေ၍ ဒိုင်နိုဆောပေါက်စလေးကို ချီထားရင်း ဖြည်းညင်းစွာဖြင့် ရှေ့သို့ ဆက်လျှောက်ကြသည်။
ချောက်ချားဖွယ် အသံကြီးများ သူ့နားထဲ ပျံ့လွင့်လာချိန် ရွယ်ယွိမှာ သူ့ညီမလေးအတွက် အတော်လေး စိတ်ပူသွား၏။
ယခုအချိန်တွင် သူ(မ)က လုံးလုံးမကြောက်နေသော်ငြား။
သိပ်မကြာလိုက်ခင် ရွယ်ယွိတစ်ယောက် သူ့နား,နားတွင် ရုတ်တရက် ထူးဆန်းသော အသံတစ်ခုကို ကြားလိုက်ရပြီး သူ တုံ့ပြန်ချိန်ပင် မရလိုက်ခင် တွဲလောင်းကျနေသော အမျိုးသမီးသရဲက သူတို့အရှေ့တွင် ရုတ်တရက် ပေါ်လာ၏။
သူတို့တွေ ခြောက်လှန့်မှုများအတွက် အရှေ့အနောက် ပြင်ဆင်ထားခဲ့သော်လည်း၊ သရဲက အပေါ်ကနေ တွဲလောင်းကျလာလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ!
