အပိုင်း (၆၆)
ရွယ်ယန်သည် ပထမဦးဆုံး ကြွေးကြော်လာသူဖြစ်ပြီး ကားထဲမှ ထွက်လာကာ ထီကျစ်အား ချက်ချင်း ခေါ်လိုက်သည်။
"ထီကျစ်၊ မြန်မြန်လာ!"
ထီကျစ်သည်တော့ ကားထဲမှနေ ကျက်သရေရှိရှိနှင့် အေးအေးလူလူ ခုန်ထွက်လာပြီး ကလေးမလေး၏ ဘေးနားသို့ သွားလိုက်သည်။
ရွယ်ကျင်းဟုန် အိမ်ရှေ့တံခါးမကြီးအား တံခါးခေါက်လိုက်သည်။ ရွယ်ယန်တစ်ယောက် ဘေးပတ်လည်အား ဝေ့ကြည့်ပြီးနောက် မနေနိုင်စွာဖြင့် ကွန်ပလိန်းတက်လာတော့သည်။
"ဖေဖေ၊ ဒါ ဖေဖေ့အိမ်မဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး ဖေဖေ့မှာ ကိုယ့်အိမ်သော့တောင် မရှိရတာလဲ"
ရွယ်ကျင်းဟုန်မှာ ကိုးရိုးကားရားရယ်ရင်းဖြင့် ရှင်းမပြရဲချေ။
သူ့မိဘတွေက သူ့ကို မောင်းထုတ်ထားတာပါလို့ သူ ဘယ်လို ပြောရမှာလဲ၊ ဒီကလေးပေါက်စလေးတွေကြောင့်သာ မဟုတ်ရင် သူ အခုချိန် ပြန်လာရင် သေချာပေါက် ကန်ထုတ်ခံထိမှာ။
တစ်မိနစ်ပင် မကြာလိုက်ခင် တံခါးကို လူအိုကြီးတစ်ယောက်က လာဖွင့်လေ၏။
ရွယ်ကျင်းဟုန်သည် ခေါင်းကို အနည်းငယ် ဦးညွှတ်လိုက်၏။
"ဦးလေးကျောက်"
လူအိုကြီးသည် ပြုံးကာဖြင့် ခေါင်းညိတ်ပြလိုက်သော်လည်း ချက်ချင်းဆိုသလို သူ၏အာရုံများသည် အငယ်ဆုံးလေးဆီ ရောက်သွား၏။
သူက ညင်သာစွာဖြင့် မေးလာ၏။
"ကလေးလေး၊ နာမည်ဘယ်လိုခေါ်လဲ"
ရွယ်ယန်သည် ဤမျက်နှာစိမ်းလူအိုကြီးအား လုံးဝ ကြောက်မနေချေ။
"ဖိုးဖိုး၊ သမီးက ရွယ်ယန်လို့ခေါ်ပါတယ်"
အိမ်တော်ထိန်းကျောက်သည် မျက်နှာထက်ရှိ ပါးရေနားရေများ တွန့်သွားသည်အထိ ပြုံးလေတော့သည်။
"အရမ်းကောင်းတယ်၊ ချစ်စရာကောင်းတဲ့ ကလေးလေးပဲ"
ကလေးမလေး၏မျက်လုံးများသည် ဝင်းလက်သွား၏။
"ဖိုးဖိုး တကယ်ပဲလား၊ အားယန်က ချစ်ဖို့အကောင်းဆုံးပဲလား"
အိမ်တော်ထိန်းသည် ပြုံးကာ ခေါင်းညိတ်ပြ၏။
"ဒါပေါ့..."
ရွယ်ယန်တစ်ယောက် ဟစ်ကြွေးလာတော့သည်။
"အို့! ဖေဖေ့ အားယန်က ချစ်ဖို့အကောင်းဆုံးတဲ့!"
ရွယ်ကျင်းဟုန်သည် သူ(မ)ကို ကောက်ချီလိုက်သည်။
"ဟုတ်တာပေါ့ ဟုတ်တာပေါ့၊ ခဏနေ မင်းတို့ ဖိုးဖိုးနဲ့ ဖွားဖွားကို တွေ့ရတော့မှာ၊ မင်းတို့လေးတွေ အနောက်ကလိုက်ခဲ့ကြ"
သူတို့ ခြေလှမ်းအနည်းငယ် လှမ်းရုံကာ ရှိသေး၊ အလျင်အမြန် လျှောက်ထွက်လာသည့် လူအိုစုံတွဲကို တွေ့လိုက်ရသည်။
"သူတို့တွေ ရောက်နေကြပြီလား၊ အိုး! ကျွန်မရဲ့အဖိုးတန် မြေးလေးကို ဓာတ်ပုံထဲကနေပြီးပဲ လွမ်းနေခဲ့ရတာ!"
အသက်ငါးဆယ်၊ ခြောက်ဆယ်စွန်းစွန်သာ ရှိဟန်တူသည့် အမျိုးသမီးကြီးသည် အလျင်အမြန် လျှောက်လာ၏။ သူ(မ)ဘေးနားရှိ အမျိုးသားကြီးသည်လည်း ကျန်းကျန်းမာမာ၊ သွက်သွက်လက်လက် ရှိနေဟန်ပင်။
အဖွဲ့နှစ်ဖွဲ့သည် မကြာလိုက်ခင်မှာပင် မျက်နှာချင်းဆိုင် တွေ့ကြတော့သည်။ ရွယ်ကျန့်ရှုန်နှင့် ကျိုးယွိယွမ်၏အကြည့်များသည် အမွေးပွပွပန်ဒါဝတ်စုံလေးနှင့် ကလေးမလေးအပေါ် ဦးစွာ ရောက်သွား၏။
သူတို့ခြေလှမ်းများသည် တစ်ချိန်တည်း ဆိုသလို ရပ်တန့်သွားကြပြီး အမှန်တကယ်တမ်းတွင် သူတို့မှာ ရှေ့သို့ပင် ခြေလှမ်းမလှမ်းဝံ့တော့ခြင်းဖြစ်သည်။
ရွယ်ကျင်းဟုန်သည် သူ့သမီးလေးအား အောက်ချပေးကာ ညင်သာစွာဖြင့် ကျောကုန်းလေးအား ပုတ်ပေးလိုက်သည်။
"ကလေး ဖိုးဖိုးနဲ့ဖွားဖွားကို နှုတ်ဆက်လိုက်အုံးလေ"
ရွယ်ယန်သည် အဖေဖြစ်သူကို ကြည့်ပြီးနောက် သူ(မ)၏အဖိုးအဖွားများကို ကြည့်လိုက်သည်။ ကလေးမလေးသည် သူ(မ)အစ်ကို၏နောက်သို့ ဝင်ပုန်းလိုက်ပြီး ခေါင်းလေးထုတ်ကာ မဝံ့မရဲဖြင့် အော်ခေါ်လိုက်သည်။
"ဖွားဖွား၊ ဖိုးဖိုး"
ရွယ်ကျန့်ရှုန်နှင့် ကျိုးယွိယွမ်မှာ ရုတ်ခြည်း အပြုံးပန်းများပွင့်လာတော့ပြီး ကလေးမလေးအား လက်ယက်ခေါ်လိုက်သည်။
"ဒီကိုလာပါအုံး ကလေးရဲ့၊ ဖိုးဖိုးနဲ့ ဖွားဖွား သမီးလေးကို သေချာကြည့်ပါရစေအုံး"
ရွယ်ယန်သည် မသိစိတ်အရ သူ(မ)အစ်ကိုထံသို့ ကျုံ့ဝင်သွားသော်လည်း နောက်ဆုံး၌ လူတိုင်း၏အားပေးတိုက်တွန်းမှုအောက်တွင် အဖိုးအဖွားဆီသို့ နှေးကွေးစွာ လျှောက်သွားလိုက်ပြီး သူတို့အား ပွေ့ဖက်လိုက်သည်။
ကျိုးယွိယွမ်၏မျက်လုံးများသည် နီမြန်းလာတော့သည်။
"ကလေးလေး"
ဒါက ရွယ်မိသားစုက သူ(မ)ရဲ့အဖိုးတန်ရတနာလေး!
ရွယ်ကျင်းဟုန်သည် အားပျော့စွာဖြင့် စကားဆိုလာ၏။
"အမေနဲ့ အဖေ၊ ဧည့်ခန်းထဲသွားပြီး စကားပြောကြရအောင် အပြင်မှာက နည်းနည်းအေးတော့လေ"
ကျိုးယွိယွမ်သည် သူ(မ)မျက်လုံးများကို ပွတ်လိုက်သည်။
"ဟုတ်သား မင်းပြောတာ မှန်တယ်၊ ငါ သတိမထားမိလိုက်ဘူး၊ ကလေးလေး ဖွား မြေးလေးကို ချီမယ်နော်"
ရွယ်ယန်သည် သူ(မ)အဖေကို မော့ကြည့်ပြီးမှ အဖေဖြစ်သူ၏အားပေးသော အကြည့်အောက်တွင် အဖွား၏ ရင်ခွင်ထဲ ခုန်ဝင်လိုက်သည်။
ဤနူးညံ့လှသော ကလေးငယ်အား နောက်ဆုံးတွင် ပွေ့ဖက်နိုင်သွားပြီးသည့်အခါတွင်မှ ကျိုးယွိယွမ်မှာ အနည်းငယ် စိတ်ကျေနပ်သွား၏။ သူ(မ)သည် အခြားကလေးများကို နှုတ်ဆက်လိုက်သည်။
"ကလေးတို့၊ အန့်နင်၊ လာကြလေ အဖွားနောက် လိုက်ခဲ့"
ယဲအန့်နင်သည် ရွယ်ကျင်းဟုန်၏ သွေးသားအရင်းချာ မဟုတ်သော်လည်း ဤလူအိုကြီးနှစ်ယောက်သည် သူ(မ)အား သူတို့၏ မြေးအရင်းချာပမာ ဂရုစိုက်ကြ၏။
ဤအချိန်တွင် ယဲအန့်နင်သည် သဘာဝအတိုင်း အနေဝေးလွန်းသည်ဟု မခံစားနေရပေ။
ချောင်းကျဲသည် ရွယ်ယွိနှင့် ရွယ်ကျစ်တို့ နောက်မှနေ လိုက်လာ၏။ သူက အသံတိုးတိုးဖြင့် ဆိုလိုက်သည်။
"မင်းတို့အဖိုးအဖွားက အားယန်ကို အရမ်းသဘောကျနေကြတာပဲ နော်"
ရွယ်ယွိသည် သက်ပြင်းချလိုက်၏။
"အဖိုးနဲ့ အဖွားက သမီးမိန်းကလေး လိုချင်ခဲ့ကြတာလေ၊ အရင်ဆုံး သူတို့က အဖေ့ကို ရခဲ့တယ် ပြီးတော့ အမေက ငါတို့ညီအစ်ကိုနှစ်ယောက်ကို မွေးပေးတယ်၊ နောက်ဆုံး အချိန်အကြာကြီး စောင့်ပြီးမှတော့ ဒါပေါ့ သူတို့ ပျော်ရွှင်ကြမှာပဲလေ"
ချောင်းကျဲသည် ညင်သာစွာ ပြုံးလိုက်သည်။
"ကောင်းသားပဲ..."
ဤကလေးငယ်အား လူများ ပို၍ချစ်ကြလေ သူတို့အတွက် ပို၍ ပျော်ရလေပါပင်။
ရွယ်ယွိနှင့် ရွယ်ကျစ်သည်လည်း အတွေးတူကြသဖြင့် လူကြီးများ၏ ဘက်လိုက်ပစားမှုအား လုံးလုံး ဂရုမထားကြပြီး သူတို့မှာ ပိုပြီး ပစားထားပေးဖို့ကိုတောင် မျှော်လင့်နေကြသေးသည်။
ယဲအန့်နင်လည်း ထိုနည်း၎င်းပါပေ။
ကလေးမလေးသည် အဖွားဖြစ်သူ၏ အချီခံထားရပြီး ဦးစွာ ထီကျစ်ကို ဝေ့ရှာကြည့်နေ၏။
ကျိုးယွိယွမ်သည် ကလေးငယ်၏ခေါင်းကို ဖွလိုက်သည်။
"ဘာတွေလိုက်ရှာနေတာလဲ မြေးလေး"
ရွယ်ယန်သည် အနည်းငယ် စိတ်လှုပ်ရှားနေသည့်နှယ်။
"ထီကျစ်ရောဟင်၊ ခုလေးတင် ဒီမှာရှိနေတာ ထီကျစ်ရေ!"
ကျိုးယွိယွမ်နှင့် ရွယ်ကျန့်ရှုန်မှာ ထီကျစ်က ဘယ်သူဘယ်ဝါမှန်း မသိကြပဲ ရွယ်ကျင်းဟုန်ကိုသာ ခေါင်းရှုပ်စွာ လှမ်းကြည့်လိုက်ကာ သူ အမြန်ဆုံး ရှင်းပြလာဖို့ကို မျှော်လင့်လိုက်သည်။
အခြားသူများအား ခြောက်လန့်မိမည်စိုး၍ ချောင်နားတွင် ပုန်းနေသော ထီကျစ်သည် ချီတုံချတုံဖြင့် ထွက်လာပြီး နှစ်ကြိမ်အော်လိုက်၏။
ဝံပုလွေပေါက်စ၏ နူးညံ့ညံ့အော်သံက အဖိုးရွယ်၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်သွား၏။ သူသည် မျက်မှောင်ကြုတ်ကာဖြင့် ထီကျစ်ကို ကြည့်လိုက်သည်။
"ဝံပုလွေ? မင်းတို့ ခေါ်လာတာလား"
ရွယ်ယန်သည် အဖွားဖြစ်သူ၏လက်ထဲမှ မနည်းရုန်းကန် ထွက်လိုက်ရပြီး ထီကျစ်ကို ပြေးဖက်ကာ ၎င်း၏အမွေးများကို ပွတ်သပ်ပေးလိုက်သည်။
"ထီကျစ် မကြောက်နဲ့နော်၊ အားလုံးက သဘောကောင်းကြပါတယ်"
ထီကျစ်သည် ကလေးမလေးထံ တိုးဝှေ့လိုက်ပြီး သူ(မ)အား ညင်သာစွာ တုံ့ပြန်လိုက်သည်။
ရွယ်ယန်မှာ အနည်းငယ် ဝမ်းနည်းကြေကွဲသွားရသည်။ ထီကျစ်မှာ ဤနေရာကို မကြိုက်သဖြင့် ပုန်းလျှိုးကွယ်လျှိုး နေ,နေရသည်။
ကလေးငယ်၏ အတွေးများအားလုံးကို ရှင်းလင်းစွာ ရေးထားသည့် မျက်နှာကို ကြည့်ပြီး ကျိုးယွိယွမ်မှာ ရုတ်ခြည်း သောကရောက်သွားရသည်။
သူ(မ)က ရွယ်ကျန့်ရှုန်၏ ကျောကို ရိုက်ထည့်လိုက်သည်။
"ဝံပုလွေဆိုတော့ရော ဘာဖြစ်လဲ၊ သူက ကျွန်မတို့ မြေလေးတွေနဲ့ တည့်တယ်ဆိုတာ ရှင် မမြင်ဘူးလား၊ ယန်အာက သူ့ကို ကောင်းကောင်းမွေးထားမှဖြင့် ရှင် ဘာစိတ်ပူနေစရာရှိတုန်း"
ရွယ်ကျန့်ရှုန် : "..."
သူ ဒီတိုင်း နည်းနည်းအံ့သြမိသွားရုံလေးတင်ပါ!
ကလေးမလေးသည် အနည်းငယ် ရှုပ်ထွေးသွားရ၏။ ဖွားဖွားက ဘာလို့ ဖိုးဖိုးကို ရုတ်တရက်ကြီး ရိုက်လိုက်တာလဲ?
ကလေးမလေးသည် နှေးကွေးစွာ တုံ့ပြန်မိပြီး အဖိုးဖြစ်သူ၏ ရင်ခွင်ထဲ ပြေးဝင်လိုက်သည်။
"ဖွားဖွား ဖိုးဖိုးကို မရိုက်ပါနဲ့!"
ရွယ်ကျန့်ရှုန်တစ်ယောက် ဘဝင်လေဟပ်သွားတော့သည်။
"တွေ့လား၊ ကလေးက မင်းကို ငါ့ကို မရိုက်ခိုင်းဘူး"
ကျိုးယွီယွမ်သည် သူ့ကို မျက်စောင်းထိုးကာဖြင့် ကလေးငယ်အား ပွေ့ဖက်လိုက်သည်။
"ကလေးလေး ခုနက ဘာလို့ စိတ်မပျော်ဖြစ်သွားရတာလဲ"
ရွယ်ယန်သည် ခေါင်းကုတ်ကာ တီးတိုးပြောလိုက်သည်။
"ဖွား၊ ထီကျစ်က အရမ်း လိမ္မာပါတယ်၊ လုံးဝကြောက်ဖို့မကောင်းပါဘူး လူကိုလည်း မကိုက်ဘူး"
ကျိုးယွိယွမ်သည် ကလေးငယ်ကို နမ်းရှိုက်လိုက်သည်။
"ဖွားဖွား သိတာပေါ့၊ ဖွားတို့လည်း ထီကျစ်ကို အရမ်းသဘောကျတာ"
ရွယ်ယန်သည် အံ့ဩဝမ်းသာစွာဖြင့် မျက်လုံးများ ပြူးသွား၏။
"တကယ်လား၊ ထီကျစ် ဒီကိုလာ! ဖွားက နင့်ကို အရမ်းသဘောကျတယ်တဲ့!"
ထီကျစ်မှာ အနည်းငယ် ကူကယ်ရာမဲ့သွားရသည်။ ဒီကလေးပေါက်စကတော့လေ ဘာလို့ သူများကို ဒီလောက် လွယ်လွယ်ယုံရတာတုန်း! ကံကောင်းလို့ပေါ့ ဒီလူက ကလေးမရဲ့ အဖွားဖြစ်နေလို့!
သူသည် ရွယ်ယန်ဆီသို့ လျှောက်သွားလိုက်ပြီး ဝပ်တုပ်ထိုင်နေသည့် ကျိုးယွိယွမ်ကို ကြည့်လိုက်သည်။
တစ်ခဏကြာကြည့်ပြီးနောက်တွင် ရွယ်ကျင်းဟုန်က ရှင်းပြလာ၏။
"အမေ၊ ထီကျစ်က ရွယ်ယန်ခေါ်မွေးထားတဲ့ ဝံပုလွေသားပေါက်လေးပါ၊ သူက အားယန်ရဲ့စကားကို အရမ်းနားထောင်တတ်တာ၊ ကျွန်တော်တို့ သူ့ကို တိဆေးခန်းပြထားပေးပြီးတာမလို့ စိတ်ပူစရာ မရှိပါဘူး"
ကျိုးယွီယွမ် ထီကျစ်၏ အမွေးကို ပွတ်သပ်လိုက်သည်။
"တကယ် လိမ္မာတာပဲ၊ ဒီလိုသာဆို ကောင်းတာပေါ့၊ အစက ငါတို့တွေ အားယန်ကို တီဗက်မက်စတစ်ဖ် (Tibetan mastiff) တစ်ကောင် မွေးခိုင်းမယ်လို့ စီစဉ်ထားကြတာ အဲ့ဒါမှ ကလေးကို နောင်ဆို ကာကွယ်ပေးနိုင်မှာလေ၊ ကြည့်ရတာ မလိုတော့ဘူးနဲ့တူပါတယ်"
ရွယ်ကျန့်ရှုန်သည်လည်း အလွန် အံ့အားသင့်သွား၏။
"ငါ တစ်ခါမှ ဒီလိုနာခံတတ်တဲ့ ဝံပုလွေမျိုး တစ်ခါမှမမြင်ဖူးဘူး၊ သာမန်ဝံပုလွေတွေထက်လည်း တော်တော်လေး ကြည့်ကောင်းတယ်"
ရှောင်ရွယ်ယန်သည် အလေးအနက် နားထောင်နေပြီး သူ(မ)၏ခေါင်းလေးကိုပင် အားတက်သရော ညိတ်ပြနေလေသေး၏။ သူ(မ)ခေါင်းထက်ရှိ ပန်ဒါနားရွက်လေးများသည် သူ(မ)၏လှုပ်ရှားများနှင့်အတူ လှုပ်ယမ်းနေတော့သည်။
ထိုပုံစံလေးကို ကြည့်ပြီး ကျိုးယွိယွမ်၏ နှလုံးသားမှာ အရည်ပျော်ကျသွား၏။
"အိုခေ အိုခေ အခု ကိစ္စအားလုံးရှင်းပြီးဆိုတော့ အထဲဝင်ရအောင်"
သူ(မ)သည် ရွယ်ယန်ကို ရင်ခွင်ထဲသို့ ထည့်ကာ ညင်သာစွာဆိုလိုက်သည်။
"ကလေးလေး၊ ဖိုးဖိုးနဲ့ ဖွားဖွားရဲ့နေရာက အရမ်းကောင်းတာ၊ အခုဆို မြေးလေး ထီကျစ်နဲ့ လုပ်ချင်တာမှန်သမျှ လုပ်လို့ရပြီနော်"