အပိုင်း (၃၉)
အန်းစီထုန်တစ်ယောက် ရွယ်ယန်ကို အလွန် သဘောကျသွားခဲ့ပြီး နောက်တစ်နေ့တွင် ကလေးအား သူ(မ)ပေးချင်သည့် လက်ဆောင်အပြုံလိုက်ကို သွားဝယ်တော့သည်။
လျို့ဟွားက သတင်းကြည့်ရန် ကွန်ပျူတာရှေ့တွင် ထိုင်နေခြင်းဖြစ်ပြီး တံခါးဘဲလ်မည်သံကြားရချိန်တွင် သူ(မ)က ထထွက်ပြီးဖွင့်ပေးလိုက်ကာ ပစ္စည်းအပြုံလိုက် ကိုင်ပြီး တံခါးအရှေ့တွင် ရပ်နေသည့် အန်းစီထုန်ကို တွေ့လိုက်ရသည်။
သူ(မ)က နောက်နှစ်လှမ်းဆုတ်ပေးကာ အန်းစီထုန်ကို ပေးဝင်စေလိုက်ပြီး
"ဘာကိစ္စလဲ"
အန်းစီထုန်က ဘာမပြောညာမပြောဖြင့် သူ(မ)လက်ထဲမှ ပစ္စည်းတစ်ဝက်ကို လျို့ဟွားထံ ကမ်းပေးလိုက်ပြီး
"ကလေးတွေအတွက် လက်ဆောင်တွေ ဝယ်လာပေးတာ... အသေးလေးရော သူ့ကို ပေးဖက်စမ်းပါအုံး!"
လျို့ဟွားက သူ(မ)နှင့် အတော်လေး ဆက်ဆံရေးအဆင်ပြေပြီး သူ(မ)တို့ ပထမဆုံးကြိမ်တွေ့ကတည်းက ရင်းနှီးသွားခဲ့ကြသည်ပင်။ သည်အချိန်တွင် သူ(မ)သည်လည်း သဘာဝအလျောက် ယဉ်ကျေးမနေတော့ပဲ
"အားယန်က မူကြိုမှာ အားမန် သူ့ကို ကျောင်းကနေ သွားကြိုနေတယ် ခဏနေလောက်ဆို ပြန်လာလောက်တော့မှာ"
အန်းစီထုန်တစ်ယောက် အနည်းငယ် စိတ်ပျက်သွားသော်လည်း သူ(မ)က လျင်မြန်စွာပင် ပြန်ပြီးတက်ကြွသွားပြန်၏။
"ဒါဆိုလည်း ငါ ဒီမှာပဲ စောင့်တာပေါ့"
လျို့ဟွား သူ့ကို အာရုံစိုက်မနေတော့ပဲ သူ(မ)ဘာသာ သတင်းဆက်ကြည့်နေလိုက်သည်။
ရွယ်ယန်က မူကြိုတွင် အကျော်ကြားဆုံးသော ကျောင်းသူပေါက်စလေးဖြစ်ပြီး ရိုးအဖြူစင်ပြီး ချစ်ဖို့ကောင်းရုံသာမက သူ(မ)ရဲ့ လွယ်အိတ်လေးထဲတွင်လည်း အမြဲ မုန့်တွေအပြည့် ပါတာကြောင့်!
အခြားသော သူငယ်ချင်းလေးများ အော်ဟစ်ငိုယိုတိုင်း သူ(မ)က သူ(မ)ထိုင်ခုံတွင် ထိုင်ပြီး ပြဿနာမရှာဘဲ သူ(မ)ဘေးမှ သူငယ်ချင်းကိုပင် အပြေးနှစ်သိမ့်ပေးတတ်ပြန်၏။
သူ(မ)က တကယ့်ကို အိန်ဂျယ်လေးပင်။
လျို့မန်က ကျောင်းမဆင်းခင် မိနစ်အနည်းငယ်အလိုတွင် မူကြိုဂိတ်ဝသို့ ရောက်နေပြီဖြစ်သည်။ ကျောင်းဆင်းခေါင်းလောင်းတီးသည်နှင့် ဆရာမက ကလေးပေါက်စလေးများတစ်အုပ်ကို ဦးဆောင်ခေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။
သူ(မ)က ရွယ်ယန်ကို ရှာရန် ဟန်ပြင်လိုက်သည့်အချိန် နောက်တစ်စက္ကန့်တွင် ကလေးမလေး၏ တက်ကြွသော အသံကို ကြားလိုက်ရသည်။
"အားမန် အားယန် ဒီမှာ!"
ရွယ်ယန်က လျို့မန်အား လက်ဝှေ့ယမ်းပြလာခဲ့သည်။ သူ(မ)က ဆရာမ သူ(မ)ကို မူကြိုတံခါးဝထိ ပို့ပေးသည်အထိ စောင့်ဆိုင်းပြီးနောက်မှ လျို့မန်ရင်ခွင်ထဲ ခုန်ဝင်တော့သည်။
နူးနူးညံ့ညံ့ကလေးငယ်၏ကိုယ်က သူ(မ) ရင်ခွင်ထဲ ခုန်ဝင်လာသည်နှင့် လျို့မန်မှာ မနေနိုင်အောင် အတူရယ်မိတော့သည်။ သူ(မ)က ကလေးမလေး၏နှာခေါင်းကို ညင်သာစွာ ညှစ်လိုက်ပြီး
"အားယန် ဘာလို့ ဒီနေ့ ဒီလောက်တောင် ပျော်နေတာလဲ"
ရွယ်ယန်က ဂုဏ်ယူစွာဖြင့်
"ဆရာမက အားယန်ကို လိမ္မာတဲ့အတွက် ဒီနေ့ ချီးကျူးလိုက်တယ်!"
လောင်ရှစ်လိက အပြုံးဖြင့် ဖြည်းညင်းစွာ လျှောက်လာပြီး
"ဟုတ်တယ် အားယန်က အရမ်း လိမ္မာတာပဲ"
လျို့မန်က မတ်တတ်ရပ်လိုက်ပြီး ဆရာမကို နှုတ်ဆက်ရင်း ပြုံးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် လောင်ရှစ်"
လောင်ရှစ်လိက ခေါင်းခါပြပြီး
"ကလေးက တကယ်ကို လိမ္မာတာမလို့ပါ မလိုပါဘူး"
လူကြီးအချင်းချင်း အာလာပသလ္လာပပြောနေချိန် ကလေးမလေးက လျို့မန်ဘေးနားတွင် လိမ္မာစွာရပ်ပြီး သူ(မ)စကပ်ကို ဆုပ်ကိုင်ထား၏။
အိမ်အပြန်လမ်းတွင် ရွယ်ယန်တစ်ယောက် သူ(မ)ကျောင်းလွယ်အိတ်ထဲမှ တစ်ခုခုကို ရှာဖွေရန် အခက်တွေ့နေ၏။ လျို့မန်က အနည်းငယ် ပဟေဠိဖြစ်စွာဖြင့်
"ဘာလုပ်နေတာလဲ အားယန်"
ရွယ်ယန်က ရပ်တန့်လိုက်ပြီး လျို့မန်အား သူ(မ)ကျောင်းလွယ်အိတ်ကို ကမ်းပေးလိုက်သည်။
"အားမန် အားယန်ကို ကူပြီးထုတ်ပေးပါ ဆရာမက ဒီနေ့ အားယန်ကို စုပ်လုံးတွေအများကြီး ဆုချလိုက်တယ်"
လျို့မန်က ကလေးမလေး၏ စကားများသံကို ဂရုတစိုက် နားထောင်ပြီး
"အားယန်က အရမ်းတော်တာပဲ!"
ရွယ်ယန်က သူ(မ)မျက်နှာကို ရှက်ကိုးရှက်ကန်းဖုံးပြီး
"အားယန်က အဲ့လောက်ထိ မတော်ပါဘူး!"
လျို့မန်မှာ ကလေးမလေးကြောင့် သဘောတွေ့လို့နေပြီး နှစ်ယောက်သားက ခပ်ဝေးဝေးမလျှောက်လိုက်ရခင် အနီးနားရှိ ကျောင်းဂိတ်ဝသို့ ရောက်သွားခဲ့ကြသည်။ နှစ်ဦးစလုံးက အလိုလို ခြေလှမ်းများကို နှေးလိုက်ကြပြီး တစ်စုံတစ်ယောက်ကို စောင့်နေတော့သည်။
ရွယ်ကျစ်နှင့် ချောင်းကျဲတို့က သွက်လက်သော ခြေလှမ်းများဖြင့် ကျောင်းဝင်းထဲမှ ထွက်လာကြသည်။ တစ်ချက်ကြည့်ရုံတည်းဖြင့် ပန်းခင်းနားတွင် ဆောင့်ကြောင့်ထိုင်နေသည့် ကလေးမလေးကို သူတို့ တွေ့လိုက်ရသည်။
ရွယ်ကျစ်က လက်ဝှေ့ယမ်းပြလိုက်ပြီး
"အားယန်!"
ရွယ်ယန်၏မျက်လုံးများက လှမ်းကြည့်လိုက်သည့်အချိန် တောက်ပသွားပြီး အကိုနှစ်ယောက်သားက သူ(မ)ဆီ ပြေးလာခဲ့ကြသည်။ သူ(မ)က ထခုန်လုမတတ်ဖြင့်
"ကိုကို!"
လျို့မန်မှာ လန့်ဖျပ်သွားပြီး
"အားယန်! လှုပ်မနေနဲ့ ပန်းခင်းက ခပ်မြင့်မြင့်နဲ့ မတော်တဆ ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ"
ရွယ်ယန်က သူ(မ)၏ချွဲနွဲ့မှုကတ်ကို ထုတ်သုံးလိုက်ပြီး
"အားယန် မှားမှန်းသိပါပြီ အားမန်!"
ကလေးမလေးက သူ(မ)၏အသံချိုချိုလေးဖြင့် တောင်းပန်လာ၏။ လျို့မန်မှာ ကူကယ်ရာမဲ့သွားပြီး ကလေး၏နဖူးကို ထိုးကာ
"နံစော်တဲ့ ကလေးပေါက်စလေး!"
ရွယ်ယန်က အလေးအနက်ဖြင့်
"မေမေကပြောတယ် အားယန်က နေ့တိုင်း မွှေးပြီးချိုနေတာတဲ့"
ရွယ်ကျစ်မှာ ထိုအသံကြားချိန် ရယ်လိုက်ပြီး ကလေးမလေး၏လက်ကို ဆွဲကာ အိမ်ပြန်လမ်းကို ဦးဆောင်ခေါ်သွားလိုက်သည်။ သူ့မှာ မနေနိုင်အောင် ရယ်မိရင်း
"အမေက အားယန်ကို လိမ်ခဲ့တာ အားယန်က နံစော်တဲ့ကလေးပေါက်စလေ"
ရွယ်ယန်က စိတ်ဆိုးစွာဖြင့် သူ့လက်ကို ခါထုတ်လိုက်ပြီး ချောင်းကျဲကို သွားဆွဲလိုက်သည်။
"ရှောင်ကျဲကောကော သူတို့ကို မသိချင်ယောင်ဆောင်ကြရအောင်နော်"
ချောင်းကျဲက ကလေးမလေးကို ချစ်မြတ်နိုးသော နူးညံ့သောအကြည့်တို့ဖြင့် ကြည့်လိုက်ပြီး
"အိုခေ သူတို့ကို လျစ်လျူရှုထားရအောင်"
ရွယ်ကျစ်က မျက်လုံးလှိမ့်လိုက်ပြီး
"ကလေးကို အလိုလိုက်နေ သူ ကျင့်သားရသွားပြီး အနှေးနဲ့အမြန် လူဆိုးဘုရင်ကြီးဖြစ်လာမှ"
ချောင်းကျဲက ညင်သာစွာ ပြုံးနေဆဲဖြစ်ပြီး
"ခြေလှမ်းငါးဆယ်က ခြေလှမ်းတစ်ရာကို လှောင်နေတာလား"
သူကျတော့ ကလေးကို အလိုမလိုက်တာကျလို့!
ရွယ်ကျစ် : "..."
မင်း ကိစ္စမဟုတ်ဘူး!
လျို့မန်က သူတို့အနောက်မှ လိုက်ပြီး အူပေါက်မတတ် ရယ်နေခဲ့သည်။ အိမ်က,ကလေးတွေက တစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနှီးကြတာပဲ!
သူတို့ အိမ်သို့ပြန်ရောက်ချိန်တွင် ရွယ်ယန်က ပုံမှန်အတိုင်း အော်ခေါ်လေ၏။
"မေမေ! အားယန် ပြန်လာပြီ!"
သို့ရာတွင် တစ်ခဏကြာပြီးနောက်၌ မိခင်ဖြစ်သူအစား သူ(မ)အား အပြေးတပိုင်းလာဖက်သည်မှာ အန်းစီထုန်ဖြစ်နေခဲ့သည်။
"အသည်းလေး! အန်တီ နောက်ဆုံးတော့ ကလေးလေးကို ဖက်လို့ရပြီ"
ကလေးမလေးကို ကောက်ချီပြီးသည်နှင့် သူ(မ)မှာ မနေနိုင်အောင် သူ(မ)ခေါင်းကို ပုတ်ပြီး မျက်နှာသေးသေးလေးကို ဆွဲညှစ်နေတော့သည်။
ရွယ်ယန်က သူ(မ)ကို ခေါင်းရှုပ်စွာ ကြည့်လိုက်ပြီး တစ်ခဏကြာပြီးနောက် မရေရာစွာ ခေါ်ကြည့်လိုက်သည်။
"အန်တီ"
အန်းစီထုန်နှလုံးသားမှာ အရည်ပျော်သွားပြီး
"အသည်းပိစိလေး!"
လျို့ဟွားက လျှောက်လာပြီး သူတို့ကို အမြင်ကတ်စွာ ကြည့်ကာ
"တော်လောက်ပြီပေါ့ အားယန်မှာ အိမ်စာလုပ်ဖို့ရှိနေသေးတယ်"
အန်းစီထုန်မှာ ချီတုံချတုံဖြင့် ကလေးမလေးကို ချပေးလိုက်ပြီး ကလေး၏ခေါင်းအား ပွတ်သပ်ရင်း
"အားယန်က ငယ်ငယ်လေးပဲရှိသေးတာကို အိမ်စာတွေလုပ်နေရပြီပေါ့?"
လျို့ဟွားက စိတ်အနှောင့်ယှက်ဖြစ်စွာဖြင့်
"နင့်ရဲ့ကလေးအပေါ် စိုးရိမ်ပြတဲ့နည်းလမ်းက မှားနေတယ် မြန်မြန်သာ အိမ်ပြန်လိုက်တော့"
အန်းစီထုန်က အေးစက်စွာ နှာမှုတ်ပြီး
"ပြန်မှာပါ!"
သို့ရာတွင် သူ(မ)က တစ်ဖက်သို့လှည့်လိုက်သည်နှင့် ညင်သာစွာ သိမ်မွေ့စွာဖြင့် အားယန်ကို မေးကြည့်လိုက်သည်။
"အားယန် သမီး အန်တီတို့အိမ်မှာ အိမ်စာလုပ်ဖို့ လာချင်လား အန်တီ့မှာ အရုပ်တွေနဲ့ မုန့်တွေမှအများကြီး"
လျို့ဟွားမှာ သည်းညည်းမခံနိုင်တော့ချေ။
"ကလေးကို ဖျက်ဆီးမနေနဲ့"
အန်းစီထုန်က ရယ်လိုက်ပြီး ကလေးအား ခိုးနမ်းကာ သူ(မ)အိမ်ဖြစ်သည့် ဘေးအိမ်သို့ ပြေးသွားလေသည်။
ရွယ်ယန်က ခေါင်းရှုပ်စွာ မျက်တောင်လေးခတ်ပြီး လျို့ဟွားက ကလေးမလေး၏ဆံပင်ကို ပွတ်သပ်လိုက်သည်။
"အားယန် အရင်ဆုံး အပေါ်ထပ်သွားပြီး ကိုကိုတွေနဲ့ အိမ်စာသွားလုပ် အဲဒီအန်တီက အားယန်အတွက် လက်ဆောင်တွေ ဝယ်ပေးထားတယ်"
သူ(မ)အမေ မနာလိုဖြစ်နေလောက်မည်ဟု တွေးပြီး ရွယ်ယန်က အမေဖြစ်သူ၏မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ အနမ်းကြီးကြီးပေးလိုက်ပြီး
"အိုခေ!"
လျို့ဟွားက ရယ်ပြီး ရွယ်ယန်၏ပါးလေးအား ညှစ်လိုက်သည်။
"ကလေးဆိုးလေး!"
'ကလေးဆိုးလေး' ဆိုသည်မှာ သူ(မ)အတွက် လူတိုင်း၏ နာမည်ပြောင်ဖြစ်လာသည်ကို မသိရှာလေဘဲ ရွယ်ယန်တစ်ယောက် နှုတ်ခမ်းစူကာ အစ်ကိုဖြစ်သူနှင့်အတူ အပေါ်ထပ်သို့ တက်သွား၏။
သူ(မ)က ကလေးဆိုးမဟုတ်ဘူး!
အကုန်လုံးကို မြင်နေသည့် ရွယ်ကျစ်က ဘာမှမပြောဘဲ ပြုံးရုံပြုံးနေခဲ့သည်။
ရွယ်ယွိသည်တော့ ဒီရက်ပိုင်းအတွင်း အလုပ်များနေပုံရပြီး သူဘာလုပ်လို့လုပ်နေမှန်း မည်သူမျှ မသိဘဲ ကွန်ပျူတာရှေ့တွင် မကြာခဏ ထိုင်နေတတ်သည်။ သို့သော် သူက ဂျူနီယာအထက်တန်းကျောင်းသားတစ်ယောက်အနေဖြင့် အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲအတွက် ပြင်ဆင်နေချိန် ဖြစ်သောကြောင့် လူကြီးများက သူ ပြန်လည်လေ့ကျင့်ခန်းလုပ်နေသည်ဟု ထင်လိုက်ကြသည်။
စာကြည့်ခန်းထဲသို့ ရွယ်ကျစ်နှင့် ချောင်းကျဲနောက် ညီမဖြစ်သူပါ လိုက်ဝင်လာသည်ကို မြင်လျှင် ရွယ်ယွိ၏ အေးစက်သော အကြည့်များက နူးညံ့ပျော့ပျောင်းသွားရသည်။
"အားယန် ဒီကိုလာ"
သူက ဖွဖွလေးပြုံးပြီး ကလေးကို လှမ်းခေါ်လိုက်သည်။
ရွယ်ယန်က စုပ်လုံးလက်တစ်ဆုပ်စာ ကိုင်ထားပြီး လျှောက်သွားလိုက်ပြီးနောက် ရွယ်ယွိလက်ထဲ ထိုးထည့်ပေးလိုက်သည်။
"ကိုကို ဒီမှာ ကိုကို့အတွက် စုပ်လုံးတွေ"
ရွယ်ယွိက စုပ်လုံးကို ယူလိုက်ပြီး ကြည့်ကာ
"ဒီနေ့ အားယန်မှာ ဒီလောက်စုပ်လုံးတွေအများကြီး ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ အမေသာမြင်ရင် အားယန်ကို ဆူလိမ့်မှာနော်"
ကလေးမလေးက အနည်းငယ် ဘဝင်ခိုက်နေသည့်ဟန်ဖြင့်
"ဒီနေ့သကြားလုံးတွေက အားယန်ကို လောင်ရှစ်က ဆုချပေးထားတာ အားယန်က ကိုကိုနဲ့ မမတို့ကို ဝေပေးတာ"
အသေးလေး၏ ဘဝင်ခိုက်နေသည့်ပုံစံက ချစ်စဖွယ်ကောင်းလွန်းလှ၏။ ရွယ်ယွိ၏နှလုံးသားမှာ မနေနိုင်အောင် နူးညံ့သွားရပြီး
"ဒီလိုဆို အားယန်က အရမ်းတော်တာပဲပေါ့"
ရွယ်ယန်က လုံးဝကို မနှိမ့်ချနေပေ။
"အားယန်က နောင်ကျရင်လည်း ဒီထက်ပိုပြီး တော်လာအုံးမှာ!"
ရွယ်ယွိက ရယ်လေ၏။
"ဟုတ်ပါပြီကွာ"
မူကြိုတွင် အိမ်စာက အနည်းငယ်သာ ပါပြီး အများစုက ပန်းချီများနှင့် လက်မှုပညာများသာဖြစ်သည်။ ရွယ်ယွိမှာ အစက သူ(မ)အား ကူညီပေးချင်ခဲ့သော်လည်း သူ(မ)၏ ကျွမ်းကျင်သော လှုပ်ရှားမှုများကို မြင်သည်နှင့် သူ့အကူအညီမလိုအပ်ဘူးဆိုတာ သိလိုက်ရသည်။
သို့နှင့် ကလေးမလေးက သူ(မ)တစ်ယောက်တည်းဖြင့် ပန်းချီများနှင့် လက်မှုပညာ ပရောဂျက်ကို ပြီးဆုံးသွားခဲ့ပြီး နေရာတိုင်းသို့ ပတ်သွားပြီး ကြွားလုံးထုတ်တော့သည်။
