Chapter 68

1.1K 93 2
                                    

အပိုင်း (၆၈)

ကျိုးယွိယွမ်သည် တစ်ခဏ ငြိမ်သက်သွားပြီး သူ(မ)၏အကြည့်တို့က ရေကန်ထဲတွင် ကူးခပ်နေကြသော ငါးလေးများဆီ တိတ်တဆိတ် ရောက်သွား၏။

ကြည့်ရသည့်ပုံမှာ သူ(မ)သည် တစ်ခုခုကို နားလည်သွားသည့်နှယ်။

အနည်းငယ် ကြောင်အမ်းသွားမိခြင်းနှင့်အတူ သူ(မ)သည် ကလေးမလေး၏ခေါင်းကို ညင်သာစွာ ပွတ်လိုက်သည်။

"ကောင်းပြီ၊ ဖွားက အခုချက်ချင်းပဲ မြေးလေးအတွက် တစ်ယောက်ယောက်ကို လုပ်ခိုင်းလိုက်မယ်"

ကျိုးယွိယွမ် အဝေးသို့ လျှောက်သွားလိုက်သည်နှင့် ရွယ်ယွိ၊ ယဲအန့်နင်နှင့် အခြားသူများ၏ အကြည့်များသည် အပြစ်ကင်းပုံ‌ရသည့် ကလေးမလေးထံ တစ်ပြိုင်တည်း ရောက်သွားကြသည်။

ခုနလေးကတင်မှ သူတို့တွေ ၎င်းတို့ကို ရင်းရင်းနှီးနှီး ဘယ်လိုဆက်ဆံပေးရမလဲကို တွေးနေခဲ့ကြတာမလား၊ ဒါပေမယ့် နောက်စက္ကန့်လေးအတွင်းမှာပဲ သူက သူတို့ကို မီးမြှိုက်ချင်နေတယ်ပေါ့?

အခြေအနေကို သတိမထားမိသည့် ရွယ်ယန်သည် ‌မျက်နှာလေးကို လက်ဖြင့်ကိုင်ကာ ကန်ထဲမှ ငါးများကို လေးလေးနက်နက်ဖြင့် ဆက်ရေနေလေ၏။

ဘေးတွင်ရပ်နေသော ထီကျစ်သည် အကြိမ်အနည်းငယ် ဟောင်းသံပြုလိုက်သည်။ သေချာပေါက်ကိုပဲ၊ ကလေးမက သူနဲ့အတွေးလာတူနေတာကိုး။

ရွယ်ယန်တစ်ယောက် ငါးအုပ်လေးကို စိတ်အားထက်သန်စွာ ကြည့်နေသေးစဉ်တွင် သူ(မ)သည် နှုတ်ခမ်းကို စေ့ကာ သူ(မ)အဖွားနောက်သို့ လိုက်ရန် တစ်ဖက်သို့ လှည့်လိုက်သည်။

ယဲအန့်နင်မှာ ထိတ်လန့်သွား၏။။

"အားယန် ဘယ်သွားမလို့လဲ၊ အရမ်းမပြေးနဲ့လေ!"

ရွယ်ယန်သည် နာခံစွာဖြင့် ရပ်တန့်ကာ အစ်ကို၊ အစ်မများကို တစ်ခဏ စောင့်ပေးလိုက်သည်။ ထို့နောက် ကလေးမလေးသည် အစ်မဖြစ်သူ၏လက်ကို လက်ဦးစွာ လှမ်းဆွဲလိုက်သည်။

"ကျယ်ကျဲ အားယန် အသားလည်း စားချင်သေးလို့!"

ယဲအန့်နင်မှာ အနည်းငယ် ကူကယ်ရာမဲ့သွားမိတော့သည်။

"အဖွားကို ဝက်သားနှပ်စားချင်တဲ့အကြောင်း သွားပြောမလို့လား"

ကလေးမလေး၏ မျက်လုံးများသည် တောက်ပသွားပြီး အသည်းအသန် ခေါင်းညိတ်ပြလာ၏။

ရွယ်ယွိသည် သူ့ညီမလေးအား ချက်ချင်း ကောက်ချီကာ ဆိုလိုက်သည်။

"ဒါဆိုလည်း သွားကြတာပေါ့"

ဝံပုလွေတစ်ကောင်နှင့် ကလေးငါးယောက်သားသည် ခြံဝင်းထဲ အေးအေးဆေးဆေး လမ်းလျှောက်ကာ မီးဖိုချောင်ဆီ တည့်တည့်ဦးတည်လိုက်သည်။

ရှေးဆန်သော မီးဖိုချောင်ထဲတွင် ကျိုးယွိယွမ်သည် မီးဖိုရှေ့တွင် မတ်တတ်ရပ်ကာ ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်နေလေ၏။

သူ(မ) ငါးသွားယူရန် ဟန်ပြင်ကာ တစ်ဖက်သို့ လှည့်လိုက်စဉ် တစ်ဝက်တစ်ပျက်သာ ပြီးပြတ်သေးသော ဟင်းပွဲများထားရာ စားပွဲရှေ့ သွားရည်တမြားမြားဖြင့် ရပ်ကြည့်နေသည့် ကလေးမလေးကို တွေ့လိုက်ရသည်။

"ကလေးလေး ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ၊ ဗိုက်ဆာနေပြီလား"

ရွယ်ယန်သည် သူ(မ)၏လက်သေးသေးလေးဖြင့် ပန်းကန်တစ်ချပ်ကို လက်ညှိုးထိုးပြလာ၏။

"ဖွားဖွား၊ အားယန် ခဏနေကျ အဲဒီဝက်သားနှပ်စားလို့ရလား"

ကလေး၏ပုံစံမှာ အလွန်အမင်း ဆာလောင်နေသည့်နှယ်။ ကျိုးယွိယွမ်မှာ သူ(မ)၏နှလုံးသား နာကျင်လာသလို ခံစားလိုက်ရသည်။

"ကလေးလေး၊ ဒီဟင်းက မကျက်သေးဘူးလေကွယ်၊ ဖွားဖွားက အားယန်အတွက် အခုချက်ချင်း လုပ်ပေးမယ်နော်၊ အရင်ဆုံး အဆာပြေအောင် ကိုကိုနဲ့ မမတို့နဲ့အတူ မုန့်စားထားနှင့်ပါလား"

ရွယ်ယန်သည် သူ(မ)၏ဗိုက်လေးကို ပုတ်ကာ ဆိုလိုက်သည်။

"ဟုတ်ကဲ့!"

ကျိုးယွိယွမ်သည် ကလေးတစ်အုပ်ကို မီးဖိုချောင်ထဲမှ မထွက်သွားခိုင်းဘဲ သူတို့ ဘေးရှိ စားပွဲတစ်ခုတွင် ထိုင်စေလိုက်ပြီး တစ်စုံတစ်ယောက်ကို မုန့်ပန်းကန်အချို့ ယူလာခိုင်းလိုက်သည်။

သူ(မ)က လက်ကို လက်ကိုင်ပဝါဖြင့် သုတ်လိုက်ပြီး ကလေးများကို လှည့်မေးလိုက်သည်။

"ကလေးတို့၊ တခြားဘာစားချင်တာ ရှိသေးလဲ၊ ဖွားကို ပြော"

ရွယ်ယန်သည် ပထမဆုံး လက်ထောင်လာသူဖြစ်သည်။

"ဖွားဖွား! ကျယ်ကျဲက နံရိုးစားရတာကြိုက်တယ်"

ယဲအန့်နင်မှာ သူ(မ)၏ညီမလေးက သူ(မ)အကြိုက်ဆုံးအစားအစာကို ပြောလိုက်သည့်အချိန်တွင် မနေနိုင်အောင် သူ(မ)ကို ပွေ့ဖက်မိပြီး နမ်းရှိုက်လိုက်တော့သည်။

ကျိုးယွိယွမ်သည်လည်း ပြုံးလိုက်ပြီး ကလေး၏နဖူးကို ထိလိုက်သည်။

"‌ကျယ်ကျဲ ဘာကြိုက်လဲဆိုတာ ဒီကလေးလေးက ဘယ်လိုသိတာတုန်း"

ရွယ်ယန်က အဖွားဖြစ်သူ၏ နား,နားသို့ ကပ်ကာ တီးတိုးပြောလိုက်သည်။

"ဖွားဖွား၊ အားယန်က တိတ်တိတ်လေး ခိုးမှတ်ထားတာ!"

ယဲအန့်နင်သည် ကောင်းစွာ ကြားလိုက်ရပြီး ကလေးငယ်၏ စကားများက ချစ်စဖွယ်ကောင်းသလို ရင်ကိုနွေးထွေးစေသည်ဟုပင် ခံစားလိုက်ရသည်။

ရွယ်ယွိ၊ ရွယ်ကျစ်နှင့် ချောင်းကျဲတို့မှာ ရှလကာရည်အပုံးလိုက် ကိုင်ကာ မော့ချလိုက်ရတော့သည်။

"အားယန်၊ ကိုကိုတို့ ဘာကြိုက်တတ်လဲဆိုတာရော အားယန် သိရဲ့လား"

ရွယ်ယန်သည် ခေါင်းရှုပ်သွားစွာဖြင့် ခေါင်းကုပ်လိုက်သည်။

"ဟမ်? ကိုကိုက..."

ကလေးမလေးသည် တစ်ခဏ စဉ်းစားတွေးတောနေပြီးနောက်မှ ခိုင်မာစွာ ဆိုလာ၏။

"ကိုကိုက အစားအသောက် ဂျီးများတယ်လေ၊ သူက ဘာမှကို မကြိုက်ဘူး!"

ချောင်းကျဲမှာ သက်ပြင်းချမိတော့သည်။ နေရင်းထိုင်ရင်း အစားအသောက်ဂျီးများတဲ့သူ ဖြစ်သွားရတာပဲလား?

ကျိုးယွိယွမ်သည် ကောင်လေးသုံးယောက်၏ ခေါင်းကို သာမန်ကာလျှံကာ ခေါက်ကာ ဆိုလာ၏။

"နောင်ဆို အစားအသောက်မရွေးကြနဲ့တော့၊ မင်းတို့တွေ ညီမလေးကို မကောင်းတဲ့အကျင့်တွေ သင်ပေးမိရင် ဘယ်လိုလုပ်မလဲ"

ရွယ်ယွိတစ်ယောက် သက်ပြင်းချမိတော့သည်။

"ဟုတ်ကဲ့၊ ကျွန်တော် နားလည်ပါပြီ"

ဤနေရာရှိ လေထုသည် မြူးကြွသက်ဝင်လျက်ဖြင့် တစ်မိသားစုလုံး ပျော်ရွှင်နေကြသည်။

လျို့ဟွား၏ဘက်တွင်မူ...

သူ(မ)သည် တံခါးအပြင်ဘက်ရှိ အမျိုးသားကို မှုန်ကုပ်နေသောမျက်နှာဖြင့် ကြည့်လိုက်သည်။

"ရှင် ဘာလို့ ဒီကို ရောက်နေတာလဲ"

ရွှီယိသည် လက်ထဲရှိ အိတ်များကို မြှောက်ပြကာ ဆိုလာ၏။

"ရှောင်ယွိနဲ့ ကလေးတွေပြောတာ မင်း အိမ်မှာတစ်ယောက်တည်းကျန်ခဲ့တာမလို့ မင်း ထမင်းမစားဘဲ နေမှာ စိုးတာကြောင့် ကိုယ့်ကို မင်းကို လာတွေ့ပေးဖို့ တောင်းဆိုထားတာ"

လျို့ဟွားသည် တံခါးဝကို ပိတ်ရပ်ထားပြီး ဆိုလိုက်သည်။

"အိမ်မှာ ကျွန်မ တစ်ယောက်တည်းပါလို့ ဘယ်သူပြောလဲ"

ရွှီယိ၏မျက်နှာသည် တုတ်တုတ်မလှုပ်လျက်သားဖြင့်။

"အားမန်က ဈေးဝယ်ထွက်သွားတယ်လေ ဟုတ်တယ်မလား"

လျို့ဟွားတစ်ယောက် အံကိုကြိတ်ကာ မေးလိုက်သည်။

"အဲ့ဒီကြွက်စုတ်လေးတွေ ရှင့်ကို တခြားဘာတွေပြောထားသေးလဲ"

ရွှီယိ၏မျက်လုံးထဲမှ အပြုံးများသည် နက်ရှိုင်းသွား၏။

"သူတို့ပြောတာ ကိုယ်က ချက်ချင်းဆိုသလို အသာစီးရသွားနိုင်တယ်တဲ့"

လျို့ဟွားသည် သူ့အကြည့်ကို ရှောင်လွှဲလိုက်သည်။

"ကျွန်မက ဒီတိုင်း လူကြီးနှစ်ယောက်ကို အရူးလုပ်ထားခဲ့ရုံပဲ၊ အတည်မှတ်မနေပါနဲ့"

ရွှီယိ၏စကားသံတို့သည် လေးနက်နေ၏။

"ဒါပေမယ့် ကိုယ်ကတော့ အတည်မှတ်ယူထားပြီးပြီလေ"

တံခါးဘောင်ကို ဆုပ်ကိုင်ထားသော လျို့ဟွား၏လက်ချောင်းများသည် တင်းကျပ်သွားပြီး အချိန်အတန်ကြာ ရုန်းကန်နေရပြီးနောက်၊ နောက်ဆုံးတွင် သက်ပြင်းချလိုက်တော့သည်။

"ကောင်းပြီလေ၊ ဝင်လာခဲ့ပါ"

ရွှီယိမှာလည်း နှလုံးသားထဲမှနေ သက်မချနိုင်သွားပြီး နှုတ်ခမ်းကို ကွေးညွှတ်ကာ ဆိုလာသည်။

"ဒါဆို၊ ကိုယ် မင်းနှလုံးသားကို တကယ်ပဲ အနိုင်ရသွားခဲ့ပြီလို့ ဆိုလိုတာပေါ့နော်"

လျို့ဟွားသည် ဆိုဖာပေါ် ပစ်စလက်ခတ် လဲလျောင်းကာ ဆိုလိုက်သည်။

"ရှင့်ကိုယ်ရှင် အရှက်မဲ့တဲ့ပုံစံမျိုး ဘာလို့ပြော‌နေရတာလဲ၊ ပြီးတော့ ရှင့်ကို လေ့လာနေတုန်းပဲ"

ရွှီယိသည် သူ ယူလာသည့်ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်နေရင်း ဆိုလာ၏။။

"ရှက်စရာပဲ မဟုတ်ဘူးလား မဟုတ်ရင် မင်း ကိုယ့်ကိုသဘောတူဖို့ ဘာလို့ ဒီလောက်ကြာနေရတာလဲ"

လျို့ဟွား မျက်လုံးများကို မှိတ်ချထားလိုက်သည်။

"ခေါင်းစဉ်မပြောင်းနဲ့၊ ကျွန်မ ရှင့်ကို အရင်က ဘာလို့ သဘောမတူခဲ့လဲဆိုတာ ရှင် သိပါတယ်"

ရွှီယိသည် အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်မှ ဆိုလာ၏။

"အခုအချိန်မှာ ကတိတွေအကြောင်း ပြောဖို့က စိတ်ချရတဲ့ပုံပေါ်မှာ မဟုတ်ဘူး၊ ကိုယ် မင်းကို အစကနေပြန်ပြီး ပိုးပန်းရင်ရော မင်းဘေးနားက သူငယ်ချင်းမိတ်ဆွေတွေအကုန်၊ ကလေးတွေကအစ ကိုယ့်ကို အသိအမှတ်ပြုပေးလာတဲ့အထိလေ"

လျို့ဟွားသည် ဘာတစ်ခွန်းမျှ ပြန်မဖြေလာခဲ့၊ သူ(မ)သည် မျက်လုံးများကို ဖုံးအုပ်ရန် မျက်နှာပေါ် လက်မောင်းများ တင်ထား၏။

အချိန်အတော်ကြာသွားခဲ့ပြီ၊ ကြာသွားခဲ့သည်မှာ သူ(မ) အိပ်ပျော်သွားပြီဟု ရွှီယိ ထင်လိုက်သည့်အချိန် နောက်ဆုံးတွင်မှ သူ(မ)သည် ‌ဖြည်းညင်းစွာ ဆိုလာ၏။

"ကောင်းပြီလေ..."

_

ရွယ်မိသားစု စံအိမ်တော်တွင်။

ရွယ်ယန်သည် သူ(မ)၏အဖိုးအဖွားများ ပြင်ဆင်ပေးထားသည့် ပန်းကန်လုံးလေးကို ကိုင်ကာ စားပွဲပေါ်ရှိ အရသာရှိသော အစားအသောက်များကို တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေ၏။

ကလေးမလေး၏ ပါးစပ်မှ သွားရည်ကျလုနီးနီး ဖြစ်နေသည်ကို မြင်လျှင် ကျိုးယွိယွမ်သည် သူ(မ)အတွက် ဝက်သားနှပ်ကို တစ်ခါတည်း ထည့်ပေးလိုက်သည်။

"ကလေးလေး၊ အသားများများစားနော်"

ရွယ်ယန်တစ်ယောက် အပြင်းအထန် ခေါင်းညိတ်ပြလာ၏။

"ဟုတ်ကဲ့!"

ကလေးမလေး၏ တူကိုင်နိုင်စွမ်းမှာ အလွန်မကျွမ်းကျင်သေး၍ သူ(မ)အနေဖြင့် လူတိုင်းအတွက် ဟင်းခပ်ပေးရသည်မှာ အနည်းငယ် မလွယ်ကူလှချေ။

"အတူတူစားရအောင်!"

ယဲအန့်နင်သည် ကလေးမလေးအတွက် အရိုးမပါသည့်ငါးအသားကို ခပ်ထည့်ပေးလိုက်သည်။

"အားယန်၊ ခုနကပြောတာ ငါးပေါင်းစားချင်တာဆို၊ ဒီမှာအွန့်!"

ရွယ်ယန်သည် ငါးပန်းကန်ကို ခေါင်းရှုပ်စွာ ကြည့်လိုက်ပြီး အမေးရှိလာ၏။

"ကျယ်ကျဲ ဒီငါးက ဘာလို့ ကန်ထဲက ငါးလှလှလေးတွေနဲ့ မတူရတာလဲ"

ယဲအန့်နင်သည် ကလေးမလေး၏ ပါးစပ်ထောင့်တွင် ပေနေသော ဆော့များကို လက်ကိုင်ပဝါဖြင့် သုတ်ပေးလိုက်သည်။

"ကန်ထဲက ငါးလှလှလေးတွေက ကြည့်ရုံကြည့်ဖို့အတွက်ပဲ၊ စားလို့မရဘူး"

ရွယ်ယန်သည် ခေါင်းငုံ့ကာဖြင့် ဝက်သားနှပ်ကို အကိုက်ကြီးကြီး ကိုက်ချလိုက်ရာ မျက်နှာပေါ်တွင် ဆော့များ တစ်ဖန်ထပ်ပေသွားပြန်၏။ သူ(မ)၏မျက်နှာ အမူအရာမှာ 'အားယန် သဘောပေါက်ပြီ' ဟူ၍ဖြစ်ပြီး ပါးများကို စူဖောင်းကာ ရေရွတ်လာ၏။

"ကျယ်ကျဲ အားယန် နားလည်ပြီ!"

ယဲအန့်နင်သည် ကလေးမလေး၏ ပါးပြင်ကို လက်ညှိုးထိုးလိုက်ပြီး ဆိုလာ၏။

"အားယန်က အရမ်းတော်လွန်းနေတာပဲမလား!"

ရွယ်ယန်သည် အစ်မဖြစ်သူကို ခေါင်းရှုပ်စွာ ကြည့်လိုက်ပြီး သူ(မ)အား ချီးမွမ်းနေသည်ဟု ထင်ကာ ပြန်ဖြေလာ၏။

"ကျယ်ကျဲပြောတာ မှန်တယ်!"

ရှိနေကြသော လူများမှာ ဤပလွှားနေသည့်တိုင် ချစ်စဖွယ်ကောင်း‌နေသည့် ကလေးပေါက်စလေးအား သဘောကျပြီးရင်း ကျနေမိကာ မနေနိုင်အောင် အလိုလိုက် ပစားမှုများဖြင့် သွန်းဖြိုးပေးနေမိတော့သည်။

ကလေးမလေး သူ့အဖေဖြင့် အိမ်ပြန်သည့်အချိန်သည် အလွန်နောက်ကျနေပြီပင်။

ရွယ်ကျန့်ရှုန်သည် မျက်မှောင်ကြုတ်ကာ ဆိုလာ၏။

"အိမ်မှာပဲ နားနားနေနေ နေလိုက်ပါတော့လား၊ အခုပြန်ဖို့က အရမ်းနောက်ကျနေပြီလေ"

ရွယ်ကျင်းဟုန်မှာလည်း ကျဉ်းထဲကျပ်ထဲရောက်သွား၍ ရွယ်ယွိကသာ ဝင်ရှင်းပြလိုက်သည်။

"အဖိုး၊ အမေက အားယန် သူ့ဘေးနားမှာ မရှိရင် သောကများ‌တတ်လို့ပါ၊ ဒီရက်တွေအတွင်းမှာ တဖြည်းဖြည်း တိုးတက်လာနေပြီဆိုပေမယ့် သူ့ရဲ့စိတ်အခြေအနေက မတည်ငြိမ်သေးပါဘူး၊ ဒါကြောင့်မလို့ ကျွန်တော်တို့ ပြန်သွားလိုက်မှ အဆင်ပြေမှာပါ"

ကျိုးယွိယွမ်သည် လျို့ဟွားနှင့်ပတ်သက်၍ အနည်းငယ် စိတ်ပူမိလေသည်။

"မင်းအမေ စိတ်ပညာရှင်နဲ့ တွေ့နေတယ်မလား၊ မင်းတို့ ကလေးတွေနဲ့ပဲ အဆင်ပြေပါ့မလား၊ ဖွားတို့ မင်းတို့နားကို ပြောင်းလာခဲ့မယ်ဆိုရင်ရော"

ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးDonde viven las historias. Descúbrelo ahora