အပိုင်း (၅၃)
အအေးခံအစာခြောက်မှာ အလွန် မကောင်းလှချေ။ ရွယ်ယန်မှာ နှစ်ကိုက်လောက်ဝါးပြီးသည်နှင့် ၎င်းကို ထပ်မစားချင်တော့ပေ။ ထို့နောက် အစ်ကိုဖြစ်သူ၏ ညွှန်ကြားချက်အတိုင်း အမှိုက်ပုံးထဲသို့ ကျန်သည့်အစာများအားလုံးကို ထွေးထုတ်လိုက်သည်။
ယဲအန့်နင်မှာ အလွန်အမင် စိတ်ပူမိပြီး ကလေးမလေးအား ဒေါသထွက်စွာ အော်လိုက်သည်။
“ကလေးစုတ်လေး ဘာလို့တွေ့ကရာ အကုန်လျှောက်စားနေတာလဲ”
ရွယ်ယန်က သူ(မ)၏အညှစ်ခံထားရသော မျက်နှာလေးကို ဖုံးကာ,ကာ အသံတိုးတိုးလေးဖြင့် ပြန်လည်ချေပလာ၏။
“ကျယ်ကျဲ အားယန် ဗိုက်ဆာလို့...”
ရွယ်ယွီက ခြေနှစ်လှမ်းလှမ်းကာ လျှောက်ဝင်လာပြီး နားလည်သွားဟန်တူကာ ယဲအန့်နင်၏ စိုးရိမ်ကြီးနေသော မျက်နှာကို မြင်လျှင် တစ်ခဏ ရပ်တန့်သွားပြီးမှ ဆိုလာ၏။
“စိတ်ပူမနေပါနဲ့၊ ကလေးတွေလည်း ဒီအစာခြောက်တွေကို စားလို့ရတယ်”
ယဲအန့်နင်မှာ အံ့အားသင့်သွား၏။
“ဟမ်?”
ရွယ်ကျစ်နှင့် အခြားသူများသည်လည်း လျှောက်ဝင်လာပြီး အခြေအနေကို မြင်သည့်အခါ ရှင်းပြလာ၏။
“အစကတည်းက အားယန် ထီကျစ်ရဲ့အစာတွေကို မတော်တဆယူစားမိမှာစိုးလို့ အနံ့အရသာမရှိတဲ့ အသားသန့်သန့်တွေကိုပဲ ဝယ်လာခဲ့တာ၊ ဘာမှ စိတ်ပူနေစရာမလိုဘူး”
သူက ပြောရင်းဖြင့် တစ်ပိုင်းယူကာ ကိုက်စားကြည့်လိုက်ပြီးနောက် ရွံရှာစွာ မျက်မှောင်ကြုတ်လိုက်သည်။
ရှန်နျန်က သူ(မ)၏သံသယတို့ကို ဖော်ပြလာ၏။
“အားယန် မတော်တဆ စားမိမယ်ဆိုတာ နင် သေချာရဲ့လား သူ့ဘာသာ စားချင်လို့စားတာ မဟုတ်ဘူးလား”
ထိုစကားလုံးများက ရွယ်ကျစ်အား သူ့ညီမလေးကို မသိစိတ်အရ ငုံ့ကြည့်သွားမိစေပြီး သူ(မ)၏ လိပ်ပြာမလုံစွာ လက်ချောင်းများ လိမ်ညှစ်နေပုံကို မြင်လျှင် သူ့မျက်နှာမှာ မည်းမှောင်လာတော့သည်။
“အားယန်!”
ကလေးမလေးမှာ အတော်လေး ဝမ်းနည်းကြေကွဲသွား၏။
“ဒါပေမယ့်... အားယန်က ဗိုက်ဆာလို့လေ!”
ချီလင်းဟန်က ကလေးမလေး၏ မျက်နှာဝိုင်းဝိုင်းလေးကို ညှစ်လိုက်ပြီး
“အားယန် ဗိုက်ဆာတယ်ဆိုလည်း ကိုကိုတို့ကို ပြောလို့ မရဘူးလား၊ ဒီမုန့်တွေက ကလေးတွေအတွက် မသင့်လျော်ရင် ဘယ်လိုလုပ်မလဲ”
ရွယ်ယန်က သူ(မ)အမှားကို နာခံစွာ ဝန်ခံလာ၏။
“အားယန် မှားမှန်းသိပါပြီ”
ရွယ်ယွိက မျက်မှောင်ကြုတ်လိုက်ပြီး
“ပြောကာမှပဲ ဘာလို့ ငါတို့အမေ အိမ်ကို ခုထိ ပြန်မလာသေးတာလဲ၊ ပုံမှန်ဒီအချိန်ဆို ညစာပြင်ပြီးနေလောက်ပြီမလား”
သူတို့တွေ ကလေးကိုပဲ လုံးလုံး အပြစ်တင်လို့မရဘူးပေ။
သူ ပြောနေစဉ် ထမင်းစားခန်းမှနေ၍ လျို့မန်၏ အသံ ထွက်လာ၏။
“ကလေးတွေ ထမင်းစားလို့ရပြီ!”
သူ(မ)က ပြောရင်းဖြင့် သူတို့ဆီ လျှောက်လာ၏။ လူတိုင်း ရွယ်ယန်အနားတွင် ဝိုင်းနေကြသည်ကို မြင်လျှင် သူ(မ)မှာ အနည်းငယ် မှင်သက်သွားရသည်။
“မင်းတို့တွေ ဒီမှာ ဘာလုပ်နေကြတာလဲ၊ ဘာဖြစ်လို့လဲ”
ယဲအန့်နင်က တိုင်တန်းလာ၏။
“လျို့မန်ကျယ်ကျဲ အားယန်လေ ထီကျစ်ရဲ့အစာတွေကို ခိုးပြီးယူစားနေလို့”
ကလေးမလေးက လျို့မန်၏ ခြေထောက်ကို ပြေးဖက်လိုက်ပြီး သူ(မ)အား မျက်ရည်အဝေ့သားဖြင့် ကြည့်ကာ
“အားမန် အားယန်က အရမ်းဗိုက်ဆာနေလို့ပါ”
လျို့မန်မှာ စိတ်မကောင်းဖြစ်ရကာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတော့သည်။
“အားမန် တောင်းပန်ပါတယ် အားယန်ရယ် အကြာကြီး အလုပ်များနေခဲ့လို့၊ အခု အားမန်တို့ ထမင်းသွားစားလို့ရပြီလေ”
ချီလင်းဟန်နှင့် ယဲအန့်နင်တို့က သူတို့ ယနေ့တွင် ရွယ်ယန်၏နေရာတွင် ထမင်းစားကြမည်ဟု စဉ်းစားထားသောကြောင့် အကုန်လုံး အနောက်မှ လိုက်သွားကြသည်။
ရွယ်ယွိက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“လျို့မန်ကျယ်ကျဲ ဘာလို့ ကျွန်တော်တို့အမေ ခုထိ ပြန်မလာသေးတာလဲ”
လျို့မန်က ကောင်းကင်ကို လှမ်းကြည့်ပြီး ရှင်းပြလာ၏။
“မဒမ်က အလုပ်ကိစ္စဆွေးနွေးစရာရှိလို့ ထွက်သွားတာ ဒီနေ့ ညစာပြန်လာစားဖြစ်မှာ မဟုတ်ဘူးလို့ စာပို့ထားတယ်”
ရွယ်ယွိမှာ အနည်းငယ် စိတ်ပူနေသော်လည်း တခြားဘာမှ မပြောတော့ချေ။
မည်သို့ဆိုစေ လျို့မန် သူ(မ) ဘာလုပ်နေလဲဆိုတာ သူ(မ)ကိုယ်တိုင် သိပါလိမ့်မည်။
လူတိုင်းထံမှ အဆူခံထားရသည့် ကလေးမလေးသည် ယခုအခါတွင် နာခံစွာဖြင့် ထမင်းစား စားပွဲတွင် ထိုင်ကာ သူ(မ)၏ပန်းကန်လုံးလေးအား ကိုင်ပြီး စားဖို့ရာအတွက် စောင့်နေ၏။
လျို့မန်က ရွယ်ယန် မျှော်လင့်နေသည့် သူ(မ)အရှေ့ရှိ ဝက်ကြော်နှပ်ကို ထည့်ပေးလိုက်ပြီး အပြစ်ရှိစွာဖြင့် ကလေးမလေး၏ခေါင်းကို ထိလိုက်သည်။
“အားယန် မြန်မြန် စားတော့လေ၊ အသားများများစားနော်”
ရွယ်ယန်သည်လည်း လုံးဝ အားနားမနေပါချေ။ သူ(မ)က ဝက်ကြော်နှပ်နှစ်တုံးအား သူ(မ)၏ပါးစပ်လေးထဲသို့ ကြိုးစားထိုးထည့်လိုက်သည်။
ပါးများက ဖောင်းကားလာသော်လည်း သူ(မ)၏ မျက်လုံးဝိုင်းဝိုင်းလေးများက ညစာစားပွဲရှိ ဟင်းလျာများအား မျက်တောင်မခတ်စတမ်း ကြည့်နေသေး၏။
လျို့မန်မှာ သဘောတွေ့သွားရသည့်တိုင် တစ်ချိန်တည်းဆိုသလို စိတ်မကောင်းဖြစ်ရပြန်၏။
“အားယန် မြန်မြန်မစားနဲ့လေ၊ ဘယ်သူကမှ အားယန်ရဲ့ဟင်းတွေကို မလုပါဘူး”
ရွယ်ယန်က ပါးစပ်ထဲမှ အသားအား ဝါးရန် ခက်ခက်ခဲခဲ ကြိုးစားနေပြီး သိကြောင်း ဗလုံးဗထွေးသာ ပြန်ဖြေလာ၏။
ကလေးမလေး၏ အသားများ အဆက်မပြတ် စားနေပုံကို ကြည့်ပြီး ချီလင်းဟန်သည် မျက်မှောင်ကြုတ်ကာ သူ(မ)ပန်းကန်လုံးထဲသို့ အရွက်စိမ်းဟင်းလျားအချို့ကို ခပ်ထည့်ပေးလိုက်သည်။
ရွယ်ယန်သည် သူ(မ)၏ပန်းကန်လုံးထဲမှ ရုတ်တရက် ပေါ်လာသော အရွက်ဟင်းအပိုများကို ဗလာကျင်းစွာ ငေးကြည့်နေချိန် ချီလင်းဟန်၏အသံကို ကြားလိုက်ရသည်။
“အားယန် အရွက်ပါ စားသင့်တယ်လေ”
ကလေးမလေးက ငြင်းဆန်၏။
“ချီကောကော၊ အားယန်က အရွက်မစားချင်ဘူးလေ”
ချီလင်းဟန် သူ(မ)ကို ခြောက်လှန့်ရန် ကြိုးစားလိုက်သည်။
“ကလေးတွေက အရွက်မစားရင် အရပ်ရှည်မလာနိုင်ဘူးနော်”
ရွယ်ယန်သည် တစ်ခဏ အခက်တွေ့သွားရပြီး အရွက်များကို တစ်လှည့်ကြည့်လိုက်၊ ဝက်ကြော်နှပ်ကို တစ်လှည့်ကြည့်လိုက် လုပ်ပြီးမှ နောက်ဆုံးတွင် ပြတ်သားစွာ ဆိုလာ၏။
“ဒါဆို အားယန် အရပ်မရှည်ချင်တော့ဘူး!”
ချီလင်းဟန် : “..."
ကောင်မလေးရေ ဒီအရွက်တွေက အဆိပ်ရှိနေလို့လား?
လျို့မန်မှာ ကြည့်ပြီး သဘောတကျ ဖြစ်နေတော့သည်။ သူ(မ)က ချီလင်းဟန်ကို ကူကယ်ရာမဲ့စွာ ဝင်ဖျောင်းဖျလိုက်သည်။
“ထားလိုက်ပါတော့ ရှောင်ဟန် သူ မစားချင်ဘူးဆိုမှတော့ ကျွေးမနေပါနဲ့တော့”
ထောက်ခံမှုကို ရရှိသွားသည့် ရွယ်ယန်ကား ဝက်ကြော်နှပ်အချို့ကို ယုံကြည်ချက်ရှိစွာဖြင့် ထပ်ထည့်လိုက်ပြန်၏။
ချီလင်းဟန်မှာ ခေါင်းကိုက်သွားရသည်။ သူက တစ်ခဏ စဉ်းစားလိုက်ပြီးကာမှ ရှုတည်တည် ဆိုလာ၏။
“ကိုကိုက အသီးအရွက်မစားတဲ့ အားယန်ကိုဆို သဘောမကျဘူး”
ထိုအကြောင်းကြားသည်နှင့် မူလက အားရကျေနပ်နေသည့် ကလေးမလေးသည် ရုတ်တရက် တောင့်တင်းသွား၏။
ထိုလှည့်စားမှုက အလုပ်ဖြစ်သည်ကို မြင်လျှင် ချီလင်းဟန်တစ်ယောက် ဆက်ပြီး ကြိုးစားကြည့်လိုက်၏။
“အားယန် အရွက်လေး နည်းနည်းလောက် စားပေးလေ၊ ရတယ်မလား”
ကလေးမလေးက ဝမ်းနည်းစွာ နှုတ်ခမ်းကို စေ့ထားလိုက်ပြီး အသံချိုချိုလေးဖြင့် တီးတိုး ပြောလာ၏။
“ဒါဆို အားယန် အရွက်နည်းနည်းစားပေးရင် ချီကောကောက အားယန်ကို ပိုပြီး သဘောကျပေးမှာလား”
ညင်သာသော အပြုံးအေးလေးက ချီလင်းဟန်၏မျက်လုံးများထဲ ဂယက်ထသွား၏။
“ကောင်းပြီလေ”
ရွယ်ယွိတစ်ယောက် နားထင်များကို ဖိကာ သူ ဒါကို ဆက်ပြီးသည်းမခံနိုင်တော့ဘူးဟု ခံစားလိုက်ရသည်။
“အားယန်၊ ဘာလို့ ကိုကိုနဲ့မမတွေ အားယန်ကို မချစ်တော့မှာကိုကျ မကြောက်တာလဲ”
ပါးဖောင်းဖောင်းလေးနှင့် ကလေးမလေးက ခေါင်းထောင်ကာ သူ(မ)အကိုကို ခေါင်းရှုပ်သွားစွာ ကြည့်လိုက်သည်။
“ဟမ်?”
အချိန်အတန်ကြာ ခေါင်းရှုပ်နေပြီးနောက် ကလေးမလေးက နောက်ဆုံးတွင်မှ အသိပြန်ဝင်လာပြီး ပါးစပ်ထဲမှ အစာကို မျိုချပြီးနောက် လေးနက်စွာ ရှင်းပြလိုက်သည်။
“ကိုကိုနဲ့ မမတွေက အားယန်ကို မချစ်ဘဲ မနေဘူးလေ!”
ယဲအန့်နင်မှာ သူ(မ)တစ်ကိုယ်လုံး မနာလိုမှုနှင့် ချဉ်စူးသော ရနံ့တို့ဖြင့် ရှလကာရည်ပုလင်းထဲသို့ နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။
သူ(မ)က အံကို ကြိုက်ရင်းဖြင့်
“အားယန်စုတ်လေး နင်က ချီလင်းဟန်ကို ပိုသဘောကျတာမလား”
မမျှော်လင့်ထားစွာဖြင့် အရှက်မရှိနေကျဖြစ်သော ကလေးမလေး၏ မျက်နှာက ရုတ်ခြည်း နီမြန်းလာတော့သည်။
“ကျယ်ကျဲကလည်း မဟုတ်ပါဘူး”
ယဲအန့်နင် : “..."
ငါ နင့်ကို ယုံပေးလိုက်မယ်!
ချီလင်းဟန်မှာ ရယ်ချင်စိတ်ကို အောင့်အီးရင်း ရွယ်ယန်၏ ပန်းကန်လုံးထဲသို့ အသားတစ်ဖက် ထည့်ပေးလိုက်သည်။
“အားယန် သူတို့ လျစ်လျူရှုထားလိုက် ကိုကိုတို့ဘာသာ ဆက်စားရအောင်”
သူက ပြောရင်းဖြင့် အခြားသူများအား အောင်နိုင်သူ၏ အပြုံးဖြင့် ဝေ့ကြည့်လိုက်သည်။
ရွယ်ယွိတစ်ယောက် အံကို ကြိတ်ထားလိုက်သည်။ အရမ်းကောင်းတယ် ၊ သူ့လက်သီးတွေကတော့ အရမ်း မာနေပြီ။
လူတိုင်းအား ရန်စပြီးချိန်မှာတော့ ချီလင်းဟန်တစ်ယောက် ထမင်းစားပြီးသည်နှင့် အိမ်တန်းပြန်သွားခဲ့သည်။ မည်သို့ဆိုစေ ရွယ်ယန်သည် အမြဲတမ်း ယုံကြည်စိတ်ချထားလို့မရကာ သူ့ကို သေချာပေါက် ကယ်တင်ပေးနိုင်မည် မဟုတ်ပေ။
ချီလင်းဟန်၏ ပြန်တည်ငြိမ်သွားသော ပုံကို ကြည့်ပြီး ရွယ်ကျစ်သည် အေးစက်စွာ နှာမှုတ်လိုက်သည်။
“အပြေးမြန်လို့ ကံကောင်းသွားတယ်မှတ် မဟုတ်ရင် သင်း သေအောင်အရိုက်ခံရပြီပဲ”
ရွယ်ယွိက တွေးတွေးဆဆဖြင့် ဆိုလာ၏။
“ဟုတ်တယ်၊ မင်း ချီလင်းဟန်ကို မချနိုင်လောက်ဘူးလို့ ငါ ခံစားရပေမယ့်လို့ပေါ့”
ရွယ်ကျစ် : “အို့"
မင်းအပူ မပါဘူး!
…
အချိန်ကာလကုန်ဆုံးရန် နီးကပ်လာပြီဖြစ်၍ ရာသီဥတုက ပိုပို၍ အေးလာ၏။ ရွယ်ယန်မှာ ကျောင်းသွားသည့်အခါတိုင်း ဘောလုံးလေးတစ်လုံးအလား ထုပ်ပိုးခံထားရသည်။
ကလေးမလေးက ခေါင်းထက်တွင် ပန်ဒါဦးထုပ်လေးနှင့် နားရွက်ဝိုင်းဝိုင်းလေးနှစ်ခုက တထောင်ထောင်ဖြင့် အဖြူရောင် အမွေးပွပွကော်တွန်ဂျက်ကပ်ကို ဝတ်ဆင်ထားသည်။
သူ(မ)ခမျာ ခေါင်းကို မနည်းထောင်နေရပြီး သူ(မ)ဘေးနားရှိ အေးအေးလူလူဖြစ်နေကြသော အကိုသုံးယောက်အား မော့ကြည့်လိုက်သည်။
“ကိုကိုတို့ကျတော့ ဘာလို့ နည်းနည်းပဲ ဝတ်ရတာလဲ၊ အားယန်ကျတော့ အင်္ကျီတွေ အများကြီးအများကြီပဲ ဝတ်ရတယ်!”
အဖြူအမည်း လက်အိတ်များကို ဝတ်ဆင်ထားသည့် ရွယ်ယန်မှာ အနည်းငယ်အေးသွားစေရန် သူ(မ)၏ကော်လာကို ဆွဲထုတ်ရန် လက်လေးများကို လှုပ်လှုပ်ရှားရှား ပြုလိုက်သည်။
လျို့မန်က သူ(မ)လက်ကို ပြန်ဆွဲပြီး အဝတ်အစားများကို သေသပ်အောင် ပြန်ပြင်ပေးလိုက်၏။
“အားယန် လျှောက်လှုပ်မနေနဲ့တော့လေ အပြင်မှာက အေးတယ်”
ရွယ်ယွိက အဓိပ္ပာယ်ပါစွာ ဆိုလိုက်၏။
“အားယန်၊ အမေက အားယန်အေးမယ်လို့ထင်တဲ့ ဒီလိုအအေးမျိုးလည်း ရှိတယ်”
လျို့မန်က ရယ်ကာ သူ့ကို လှမ်းပုတ်လိုက်သည်။
“ဘာတွေ ပြောနေတာလဲ၊ မင်းညီမလေးကို ပေါက်ကရတွေ လျှောက်မသင်ပေးနေနဲ့”
ပွယောင်းနေသော ညီမလေးအား ကြည့်ပြီး ရွယ်ကျစ်မှာ မနေနိုင်စွာဖြင့် သူ(မ)ခေါင်းထက်ရှိ နားရွက်လေးအား လှမ်းညှစ်လိုက်သည်။
“ကိုကိုတို့ရဲ့ အားယန်က အရမ်း ချစ်ဖို့ကောင်းတာပဲ”
ရွယ်ယန်က သူ(မ)ခေါင်းကို ခါကာ ရွယ်ကျစ်၏လက်အား ဖယ်ချရန် ကြိုးစားလိုက်သော်လည်း သူ(မ)၏လက်တိုတိုလေးများက လှမ်းမမီနိုင်ဖြစ်နေ၏။
“ကိုကို! အားယန်ဦးထုပ်ကို မထိနဲ့!”
ကလေးမလေးက စိတ်ဆိုးစွာဖြင့် တင်ပါးပေါ် လက်ထောက်လိုက်ပြီး ချစ်စဖွယ်မျက်နှာလေးက နီမြန်းလာတော့သည်။
