Chapter 81

730 68 0
                                    

အပိုင်း (၈၁) 
 
ယခင်ဘဝက ယခုလိုအချိန်တွင် သူတို့အားလုံးသည် အပြင်ဘက်တွင် စာသင်နေခဲ့ကြ၍ အိမ်တွင် ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို လုံးဝ မသိခဲ့ချေ။
 
ယဲဝမ် ကိုယ်ဝန်ရှိပြီဆိုသည့်အကြောင်း ကြားသည့်အခါတွင်မှ သူတို့ အိမ်ပြန်လာခဲ့ကြခြင်းဖြစ်ပြီး သိပ်မကြာလိုက်ခင်မှာပင် သူ(မ)သည် မတော်တဆ ကိုယ်ဝန်ပျက်သွားခဲ့ပြီး ကလေးလွယ်နိုင်စွမ်းကိုပါ ဆုံးရှုံးသွားခဲ့ရသည်။
 
ယခင်ဘဝက ယဲအန့်နင်၏ သဘောထားအရဆိုလျှင် ထိုမတော်တဆနှင့်ပတ်သက်ပြီး အထင်လွဲမှု တစ်ခုခုရှိနေလိမ့်မည်ဟု ရွယ်ယွိ အတည်ပြုနိုင်ပြီး ထိုအထင်လွဲမှုသည်လည်း ရွယ်ယန်နှင့် တစ်နည်းမဟုတ်တစ်နည်းနှင့် ဆက်နွှယ်နေသည်ပင်။
 
အထင်လွဲမှုအကြောင်း စဉ်းစားမိချိန်တွင် သူတို့အားလုံး မနေနိုင်အောင် လုယွင့်လင်ကို ပြေးတွေးမိကြသည်။
 
ရွယ်ကျစ်သည် လက်သီးကို ဆုပ်ထားလိုက်သည်။
 
“ယဲအန့်နင် ဒီမှာ မရှိနေဘူးဆိုမှတော့ ရှန်နျန်ကိုပဲ သွားမေးရအောင်၊ အဲဒီတုန်းက ဖြစ်ပျက်ခဲ့တဲ့ကိစ္စမှာ လုယွင့်လင် ပတ်သက်နေတယ်ဆိုရင် ရှန်နျန် သေချာပေါက် တစ်ခုခုကို သိနေလိမ့်မယ်”
ချောင်းကျဲ မျက်လုံးများကို မှိတ်ထားလိုက်သည်။
 
“အင်း”
 
ရွယ်ယွိသည် သက်ပြင်းချကာဖြင့် “ခဏနေမှ သွားကြရအောင်၊ အခုက စောလွန်းနေသေးတယ်”
 
ရွယ်ကျစ်သည် အပြင်ဘက်ရှိ မည်းမှောင်နေသော ကောင်းကင်ကို လှမ်းကြည့်ပြီး သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ သူ တစ်ခုခုပြောရန် ဟန်ပြင်လိုက်စဉ်တွင် ရွယ်ယန်၏အခန်းတံခါး ပွင့်လာသည်ကို တွေ့လိုက်ရသည်။
 
ကလေးမလေးသည် ဝမ်းနည်းပက်လက် ထွက်လာပြီး မျက်လုံးမျာကို ပွတ်ကာ ငိုသံဝဲဝဲဖြင့် အော်ခေါ်နေလေ၏။
 
“ကျယ်ကျဲ!”
 
ရွယ်ယွိသည် အလျင်အမြန် ပြေးသွားလိုက်ပြီး ရွယ်ယန်အား ပွေ့ဖက်လိုက်သည်။
 
“အားယန် မငိုနဲ့လေ ဘာဖြစ်တာလဲ”
 
ရွယ်ယန်သည် လုံးလုံးလျားလျား မနိုးသေးပဲ အစ်ကိုဖြစ်သူ၏ ရင်ခွင်ထဲတွင် ပြန်အိပ်ပျော်လုနီးနီးဖြစ်နေ၏။ ကလေးမလေးက ရွယ်ယွိ၏အင်္ကျီစကို ဆွဲကာ မျက်လုံးပိတ်လျက်သားဖြင့် ဆက်ခေါ်နေ၏။
 
“ကျယ်ကျဲ!”
 
ရွယ်ယွိမှာ ပိုလို့ပင် စိုးရိမ်သွားပြီး ရွယ်ယန်၏မျက်နှာကို ဖျစ်ညှစ်လိုက်သည်။
 
“အားယန် ထတော့”
 
ရွယ်ယန်တစ်ယောက် မျက်လုံးများကို တွေဝေစွာ ဖွင့်လိုက်ပြီးနောက် တစ်ဖန်ထပ်ငိုပြန်၏။
 
“ကိုကို ကျယ်ကျဲ မရှိတော့ဘူး! သူ မနေ့က အားယန်နဲ့ တူတူအိပ်နေခဲ့တာ”
 
ရွယ်ယွိသည် ချောင်းကျဲကမ်းပေးလာသည့် စောင်ကို လှမ်းယူလိုက်ပြီး ရွယ်ယန်အား ပတ်ပေးကာ သူ(မ)ကို နှစ်သိမ့်ပေးလိုက်သည်။
 
“မကြောက်နဲ့နော် အားယန်၊ ကလေးရဲ့ကျယ်ကျဲက ခုလေးတင် အိပ်ရာနိုးလို့ အိမ်ပြန်သွားတာ”
ကလေးမလေးသည် ခေါင်းရှုပ်သွားသည့် ဟန်ဖြင့် မျက်လုံးများကို ပွတ်လိုက်ပြီး အနည်းငယ် အိပ်ချင်ပြေသွားသည့်ပုံပင်။
 
“ကျယ်ကျဲက အားယန်ကို မပြောဘဲ အိမ်ပြန်တယ်...”
 
ရွယ်ယွိက သူ(မ)စကားအတိုင်း ရေလိုက်ငါးလိုက် လိုက်ပေးလိုက်သည်။
 
“နောက်တစ်ခါ ကိုကိုတို့ ကျဲကို တွေ့တဲ့အခါကျ သူ့ကို မှတ်လောက်သားလောက်အောင် အတူတူဆူပေးလိုက်မယ်! သူကများ အိမ်ကို ဒီလို ခိုးပြန်သွားရတယ်လို့!”
 
ရွယ်ယန်သည် လက်သီးသေးသေးလေးများကို ဆုပ်ကာ ရွယ်ယွိ၏ပခုံးကို အစွမ်းကုန် ထုနှက်လေတော့သည်။
 
“ကျယ်ကျဲကို မဆူနဲ့!”
 
ကလေးမလေး မည်မျှပင် ကြမ်းတမ်းအောင် ကြိုးစားနေပါစေ ရွယ်ယွိအတွက်တော့ ကလိထိုးနေသလောက်ပင် ရှိသည်။ သူ အနည်းငယ် သဘောတွေ့သွား၏။
 
“ဟုတ်ပါပြီ ဟုတ်ပါပြီကွာ၊ ကိုကို သူ့ကို မဆူတော့ဘူးနော်”
 
ဤသို့တစ်ခဏ သောင်းကျန်းပြီးနောက်တွင် ရွယ်ယန်တစ်ယောက် ကောင်းကောင်းနိုးနေပြီဖြစ်သည်။ ရွယ်ယွိက သူ(မ)ကို ဆိုဖာပေါ် တင်ပေးလိုက်ပြီး သူ(မ)က ခေါင်းကိုခါကာ အမေးရှိလာ၏။
 
“ကိုကို မေမေရော”
 
ရွယ်ယွိ သူ့နှာခေါင်းရိုးကို ညှစ်လိုက်သည်။
 
“အမေက အလုပ်ကိစ္စနဲ့ အပြင်ထွက်သွားတယ်”
 
ရွယ်ယန်မှာ စိတ်ဓာတ်ကျသွား၏။
 
“အားယန် မေမေ့ကို တွေ့ချင်တယ်၊ ကျယ်ကျဲနဲ့ တူတူကစားချင်တယ်”
 
သူ(မ)ပြောနေစဉ်မှာပင် ခြေသံများသည် လှေကားမှနေ ထွက်လာ၏။
 
ကလေးမလေးက မျှော်လင့်တကြီး လှမ်းကြည့်လိုက်သော်လည်း ပေါ်လာသည့်သူမှာ လျို့မန်သာဖြစ်နေ၏။
 
လျို့မန်မှာ အစက ကလေးမလေးနိုးလာသည့်အချိန် အမေဖြစ်သူကို တ,ကာ ငိုယိုနေလိမ့်မည်ကို စိုးရိမ်နေခဲ့ခြင်းဖြစ်သော်လည်း သူ(မ) အပေါ်သို့ တက်လာချိန်တွင် ရွယ်ယန်က ဘောလုံးလေးလိုကွေးကာ ဆိုဖာပေါ်တွင် လိမ်လိမ်မာမာနှင့် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
 
“အားယန် နိုးပြီလား၊ ဗိုက်ဆာနေပြီလား၊ တစ်ခုခုစားချင်လား”
 
ဘောလုံးလေးကဲ့သို့ အပတ်ခံထားရသည့် ရွယ်ယန်သည် လှုပ်ရှားရန် မနည်းရုန်းကန်လိုက်ရသည်။
 
“အားမန် မေမေက ဘယ်အချိန်မှ အိမ်ပြန်လာမှာလဲဟင်”
 
လျို့မန့်က ကလေးမလေးအတွက် ချစ်စဖွယ်ဝတ်စုံလေးတစ်စုံကို ပိုင်နိုင်စွာ ရှာဖွေလိုက်ပြီး သူ(မ)ကို အလျင်အမြန် လဲဝတ်ပေးလိုက်သည်။
 
“အားမန်လည်း မသိသေးဘူး၊ မဒမ်က အားယန်ကို အိမ်မှာနေပြီး အိမ်စာလုပ်ဖို့နဲ့ ကိုကိုတို့နဲ့ စာတူတူဖတ်ဖို့ မှာသွားတယ်”
 
ရွယ်ယန်က နာခံစွာဖြင့် လက်မြှောက်ပေးကာ ခြေထောက်လေးများကို ဆန့်ထုတ်ပေးလာ၏။
 
“အို့ ဟုတ်!”
 
ရွယ်ယွိသည် တစ်လွှာပြီးတစ်လွှာ အင်္ကျီအထပ်ထပ်ဝတ်နေသည့် ညီမဖြစ်သူကို မေးထောက်ကာ ကြည့်ရင်း ဖြည်းညင်းစွာ ဆိုလာ၏။
 
“အားယန်၊ ကိုကို ဘေးအိမ်က နျန်နျန်တို့ဆီ အားယန်ဆော့လို့ရအောင် ခေါ်သွားပေးရမလား”
 
ရွယ်ယန်၏မျက်လုံးများသည် လင်းလက်သွား၏။
 
“ဟုတ်! နျန်နျန်နဲ့ ကစားချင်တယ်! ကျယ်ကျဲနဲ့ရောပဲ!”
 
“အားယန်ရဲ့ကျယ်ကျဲက ဒီနေ့တော့ ကိုကိုတို့နဲ့ မကစားပေးနိုင်လောက်ဘူး”
ကလေးမလေးသည် အနည်းငယ် စိတ်ပျက်သွားပုံရသော်လည်း အလွန်နာခံစွာဖြင့်ပင် အများကြီးထပ်မေးမလာခဲ့ချေ။
 
“ဟုတ် ဒါဆို နောက်တစ်ခါ ကျယ်ကျဲ အားယန်နဲ့ဆော့ပေးတဲ့အခါကျ အားယန် သူ့အတွက် အရသာအရှိဆုံး သကြားလုံးကို ဖယ်ထားပေးမယ်!”
နောက်ဆုံးတွင် သူတို့ ရှန်နျန်ကို သွားမတွေ့ဖြစ်ကြဘဲ သူ(မ)မိသားစုဆီ ဖုန်းဆက်ကာ သူ(မ)အား လာခဲ့ရန် ဆိုလိုက်သည်။
 
ချီလင်းဟန်သည်လည်း ရောက်လာခဲ့ပြီး နှစ်ယောက်သားသည် စာကြည့်ခန်းထဲသို့ ရှေ့ဆင့်နောက်ဆင့် ဝင်လာကြသည်။
 
ထီကျစ်က ကော်ဇောပေါ်တွင် လဲလျောင်းနေသော်လည်း သူ့၏ဝံပုလွေမျက်လုံးထဲ အနက်ရောင် အလင်းတန်းတစ်ခုရှိနေ၏။
 
ဒီတစ်ခါတော့ မင်းတို့ ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်...
 
ရှန်နျန် အထဲသို့ ဝင်လာသည်နှင့် ရွယ်ယန်သည် မနေနိုင်အောင် သူ(မ)ထံ ခုန်ဝင်သွား၏။
 
 
သူ(မ)လက်မောင်းထဲရှိ ကလေးမလေးက သူ(မ)ကိုယ်ပေါ် တွယ်တက်လာကာ ရှန်နျန်၏နှလုံးသားမှာ အရည်ပျော်ပြီးရင်းပျော်နေတော့သည်။
 
ချီလင်းဟန်သည် ထိုင်ရန်နေရာတစ်ခုရှာကာ ဝင်ထိုင်လိုက်သည်။
 
“မနက်စောစောစီးစီး ငါတို့ကို ခေါ်ရတဲ့အကြောင်းရင်း”
 
ရွယ်ယွိက မျက်ခုံးများကို အနည်းငယ် ကြုတ်ထား၏။
 
“ငါ ရှန်နျန်ကို ကိစ္စတစ်ခုမေးချင်လို့၊ သူ တစ်ခုခုသိနေလိမ့်မယ်လို့ ငါထင်တယ်”
 
ရွယ်ယွိ၊ ရွယ်ကျစ်နှင့် ချောင်းကျဲတို့မျက်နှာထက်ရှိ လေးနက်တည်တင်းနေမှုကို မြင်သည့်အခါ ရှန်နျန်သည်လည်း တည်ကြည်သွား၏။
 
“ဘာကိစ္စလဲ”
 
ရွယ်ယွိ နှုတ်ခမ်းကို စေ့ထားလိုက်သည်။ အစက သူ တစ်ခါတည်း တန်းပြောရန်ပြင်လိုက်သော်လည်း ရုတ်တရက် ကလေးက ရှန်နျန်အနားတွင် ကပ်နေသည်ကို မြင်လိုက်ရ၍ စိတ်ပြောင်းလိုက်သည်။
သူ ခေါင်းကိုငုံ့ကာ လက်ကိုင်ဖုန်းဖြင့် တစ်ခဏ ကစားပြီးနောက် စခရင်ကို ရှန်နျန်ဆီ ပြလိုက်သည်။
 
“မင်း ဒါကိုသိလား”
 
ရှန်နျန်သည် ပဟေဠိဖြစ်စွာဖြင့် ဖုန်းကို လှမ်းယူလိုက်ပြီး ဖုန်းထဲတွင် ယဲဝမ်၏ ကိုယ်ဝန်အကြောင်း ပြောထားသည်ကို တွေ့လိုက်ရသည်။
 
ထိုအခိုက်တွင် သူ(မ)တစ်ကိုယ်လုံး ရုတ်ခြည်း တောင့်တင်းသွား၏။
 
ဘေးတွင်ရှိ‌နေသည့် ချီလင်းဟန်သည်လည်း ဖုန်းစခရင်ပေါ်ရှိ စာလုံးများကို မြင်လိုက်သည့်တိုင် ဤကိစ္စက ဘာကြောင့် လူတိုင်းအား လေးနက်နေစေသလဲကို အဖြေရှာမရချေ။
 
ရွယ်ယန်သည်တော့ ဇဝေဇဝါအဖြစ်ရဆုံးပင်။ သူ(မ)က ရှန်နျန်ဘေးနားတွင် နာခံစွာဖြင့် ထိုင်နေသော်လည်း မနေနိုင်အောင် ခေါ်မိလိုက်သည်။
 
“နျန်နျန်?”
ရှန်နျန်သည် ကလေးမလေးကို ပွေ့ဖက်ကာ ခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
“ဘာမှမဖြစ်ပါဘူး အားယန်၊ ဘာမှမဖြစ်ဘူး”
 
ရှန်နျန်၏အခြေအနေက ထူးဆန်းနေ၏။ ချောင်းကျဲသာမက ရွယ်ယွိနှင့် အခြားသူများပါ ၎င်းကို သတိထားမိကြသော်လည်း အလျင်စလို မေးခွန်းများ မမေးလာခဲ့ချေ။
 
လူတိုင်း၏အကြည့်အောက်တွင် ရှန်နျန်သည် ယခင်ဘဝရှိ ယဲဝမ်၏ကိုယ်ဝန်ကိစ္စနှင့် ကလေးပျက်ကျမှုအကြောင်းကို သူ(မ)သိသမျှ ချရေးပေးလိုက်ပြီး သူ(မ)၏လက်ရှိ ခန့်မှန်းချက်အချို့ကိုပါ ဖော်ပြပေးလိုက်သည်။
 
ရွယ်ယွိမှာ သူ၏ခံစားချက်တို့ကို ထိန်းချုပ်ရန် ခက်ခက်ခဲခဲ ကြိုးစားထားသည့်တိုင် စခရင်ပေါ်ရှိ ထိုစာကြောင်းအချို့ကို မြင်လိုက်သည့်အချိန်မှာတော့ မနေနိုင်အောင် တုန်ယင်သွားမိသည်။
 
“အဲဒီတုန်းက အန်တီယဲကိုယ်ဝန်ဆောင်နေတဲ့အချိန်... အားယန်က ငါနဲ့ လုယွင့်လင်ကို အိမ်အလည်လာဖို့ ဖိတ်ခဲ့တယ်၊ နင်တို့လည်း သိတဲ့အတိုင်းပဲ အဲဒီအချိန်တုန်းက အန်တီလျို့ ဆုံးပါးသွားခဲ့တာလေ အားယန်က တစ်ခြားသူတွေနဲ့ ရောရောနှောနှောနေရတာ မကြိုက်တာမလို့ သူ့မှာ သူငယ်ချင်း အများကြီးမရှိခဲ့ဘူး”
 
“အဲ့ဒီအချိန်တုန်းက ငါက ယဲအန့်နင်နဲ့ အန်ကယ်ရွယ်နဲ့အတူ အောက်ထပ်မှာ ရှိနေခဲ့ကြတာ ဒါပေမယ့် လုယွင့်လင်က အားယန်ရဲ့အခန်းကို ကြည့်ချင်တယ်ဆိုပြီး အပေါ်ထပ်သွားဖို့ ပြောလာတယ် အဲ့ဒီအချိန်မှာပဲ အန်တီယဲက သူတို့ကို ထမင်းစားဖို့ ခေါ်မယ်ဆိုပြီး အပေါ်ထပ်ကို တက်သွားတာ”
 
“အောက်ထပ်မှာရှိနေတာမလို့ ငါတို့က ဘာမှမသိခဲ့ဘူး ဒါပေမယ့် ရုတ်တရက်ကြီး အန်တီယဲရဲ့ အော်သံကို ကြားလိုက်ရတာ၊ ငါတို့ အပေါ်ထပ်ကို ပြေးတက်သွားတော့ ကြမ်းပေါ်မှာ သွေးတွေနဲ့ လဲကျနေတဲ့ အန်တီယဲကို မြင်လိုက်ရတာပဲ၊ အားယန်က သူ့ဘေးမှာ ရပ်နေပြီး လန့်သွားတဲ့ပုံနဲ့”
 
“လုယွင့်လင်က ငါတို့ကို တွေ့တာနဲ့ အားယန်ကို စပြီးစွပ်စွဲတော့တာပဲ၊ အားယန်က အန်တီယဲ ကလေးရမှာကို မလိုချင်တာကြောင့် တမင်သက်သက် အန်တီယဲကို တွန်းချလိုက်တာပါဆိုပြီး ပြောလာတာ”
 
“အားယန်ကလည်း ငယ်သေးတော့ သူ ရှင်းပြဖို့ ကြိုးစားပေမယ့် ဘယ်လို ရှင်းရှင်းလင်းလင်းပြောပြရမလဲကို မသိခဲ့ဘူး၊ အန်ကယ်ရွယ်နဲ့ ယဲအန့်နင်တို့ကလည်း အန်တီယဲကို ဆေးရုံပို့ဖို့အတွက်နဲ့ ဗျာများနေကြတာဆိုတော့ အားယန် ရှင်းပြတာကို ဘယ်သူမှ နားမထောင်ခဲ့ကြဘူး”
 
“တကယ်တမ်း ငါ အခု စဉ်းစားကြည့်လိုက်တော့ အဲ့ဒီအချိန်တုန်းက သူတို့ရဲ့အနေအထားနဲ့ ထောင့်တွေအရဆို အန်တီယဲကို တွန်းချလိုက်တဲ့သူက လုယွင့်လင်ဖြစ်ဖို့ ပိုများတယ်၊ ဒါပေမယ့် ဒီလိုကိစ္စမျိုးဆိုတာက အစကတည်းက ရှင်းရှင်းလင်းလင်း မရှင်းပြခဲ့ရင် နောက်ပိုင်းမှာ သေချာအောင် ရှင်းဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး..."
 

ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးWhere stories live. Discover now