Chapter 74

937 75 0
                                    

လျို့ဟွားသည် ပန်းကန်ပြားကြီးတစ်ချပ်ကိုကိုင်ကာ အပေါ်တက်လာ၏။
 
“မင်းတို့တွေ ဘယ်လိုလုပ်ပြီး အပေါ်ထပ်ကို ရောက်ကုန်ကြတာလဲ၊ မုန့်တွေ အခုလေးတင် ဖုတ်ပြီးထားတာ၊ အရင်ဆုံး ဒါစားပြီး ဗိုက်ဖြည့်ထားလိုက်ကြ”
 
ရွယ်ယွိ မတ်တတ်ရပ်လိုက်ပြီး အဝတ်ကို ဖုန်ခါလိုက်သည်။
“အမေ၊ ဘေးအိမ်က အန်တီတွေအန်ကယ်တွေအကုန် ဒီနေ့ ကျွန်တော်တို့အိမ်မှာ ခရစ္စမတ်လုပ်ကြမှာလား”
 
လျို့ဟွားမှာ ရွယ်ယွိ၏အမေးကို ကြားသည့်အချိန် မျက်နှာကို မနှစ်မြို့စွာ ရှုံ့မဲ့လိုက်သည်။
 
“ဟုတ်တယ်၊ သူတို့အကုန်လုံး ဒီမှာချည်းပဲ၊ အန့်နင်ရဲ့အမေပါ ရောက်နေတယ်”
 
သူတို့က အလကား လာစားသောက်ကြတာ!
 
ချောင်းကျဲက ကိတ်မုန့်တစ်ခုကို လှမ်းယူကာ ‌ပြေးလာ‌နေသည့် ရွယ်ယန်ကို ကမ်းပေးလိုက်သည်။
 
“အန်တီ၊ ဒါဆို အန်ကယ်ရွယ်က အိမ်မှာ တစ်ယောက်တည်းပေါ့?”
 
လျို့ဟွား မနေနိုင်အောင် ပြုံးမိသွားသည်။
 
“ဟုတ်တယ်၊ မင်းအန်တီယဲက သူ့ကို ခဏနေမှ မုန့်သွားပို့ပေးမယ်ပြောတယ်၊ ဒီတော့ ငါတို့ သူ့ကို စိတ်ပူနေစရာမလိုဘူး”
 
ရွယ်ယန်သည် လက်နှစ်ဖက်စလုံးဖြင့် ကိတ်မုန့်လေးများကို ကိုင်ကာ ခေါင်းလေးစောင်းလိုက်သည်။
 
“မေမေ ဖေဖေ သနားပါတယ်နော်”
မုန့်လည်းမစားရဘဲ ခရစ္စမတ်ကို တစ်ယောက်တည်း ဖြတ်သန်းရမှာ!
 
လျို့ဟွား သူ(မ)ကလေးကို လှမ်းကြည့်လိုက်သည်။
 
“ဒါဆိုလည်း အားယန်ကပဲ သမီးအဖေကို သွားပြီး အဖော်ပြုပေးလိုက်ရင်ရော?”
ကလေးမလေးမှာ နှစ်စက္ကန့်မျှ တောင့်ခဲသွားပြီး ဘေးသို့ တည်ငြိမ်စွာ ရွှေ့သွားလိုက်သည်။ 
 
“ဖေဖေက သူ့ဘာသာသူနေလည်း အဆင်ပြေမှာပါ”
 
လျို့ဟွား အေးစက်စွာ ထေ့လိုက်သည်။
 
“ငါ သိနေတယ်လေ”
 
သူ(မ)ရဲ့ကလေးက အမြဲတမ်း အပြောချည်းပဲရှိတာ!
 
ရွယ်ကျစ်က ကြမ်းပေါ်တွင် ထိုင်ကာ ကိတ်ကို ဖြည်းဖြည်းချင်း တမြုံ့မြုံ့ဝါးနေ၏။
 
 
လျို့ဟွား မျက်လုံးလှိမ့်လိုက်သည်။
 
“အင်း၊ သူလည်း သူများအိမ်မှာ အလကား လာစားတာ”
 
ချောင်းကျဲက ညင်သာစွာ ပြုံးလိုက်သည်။
 
“အန်တီ၊ ကျွန်တော်တို့ အောက်ဆင်းသင့်ပြီနော်”
 
ဦးလေးရွှီကို နည်းနည်းပါးပါး အားပေးရမှာပေါ့!
ကစားရတာ ပင်ပန်းသွားပြီဖြစ်သည့် ရွယ်ယန်သည်လည်း အောက်ထပ်သို့ ဆင်းရန် ကြွေးကြော်လာ၏။
 
 
လျို့ဟွားသည် နံရံကို မှီထားကာ သူ(မ)အသံတို့မှာ ရှင်းပြ၍မရနိုင်သော ခြိမ်းခြောက်မှုတို့ တစ်စွန်းတစ်စပါပြီး ပျင်းရိပျင်းတွဲဖြစ်နေ၏။
 
“ဒီမှာပဲနေ! မုန့်ကို ပြီးအောင်စား၊ ငါ အခုမှ မင်းတို့စားဖို့ ယူလာပေးတာကို မင်းတို့က အောက်ဆင်းဖို့ ကြံနေကြတယ်ပေါ့”
 
သူ(မ)ကို ဘာမျက်နှာမှ မပေးဘူးပေါ့လေ?
 
ခြေလှမ်းအနည်းငယ် လှမ်းထားပြီးပြီပင်ဖြစ်သော ခြေတံတိုတိုလေးနှင့် ကလေးမလေးသည် ချက်ချင်း နောက်ပြန်ဆုတ်သွားပြီး သူ(မ)အစ်ကိုများနှင့်အတူ ကိတ်များကို ကုပ်ချောင်းချောင်းနှင့် လှမ်းယူလိုက်သည်။
 
ကံကောင်းထောက်မစွာ လျို့ဟွား အများကြီး မယူလာခဲ့ပေလို့၊ ထို့ကြောင့် တစ်ယောက်ကို နှစ်ခု၊ သုံးခုစီဖြင့် ၎င်းတို့ကို ကုန်အောင်စားရန် လုံလောက်နေပြီးပင်။
 
လျို့ဟွားတစ်ယောက် ကလေးတစ်ဖွဲ့ကို ကြည့်ရင်း သူ(မ)အကြည့်တို့မှာ နူးညံ့သွားရသည်။ ရုတ်တရက် သူ(မ)သည် တစ်စုံတစ်ခုကို သတိထားမိပုံရပြီး သူ(မ)၏အဖိုးတန် သမီးငယ်အား နောက်ကော်လာကနေ ဖမ်း‌ဆွဲလိုက်သည်။
 
“အားယန်၊ သမီးဘယ်နှခုတောင် စားလိုက်တာလဲ”
 
နောက်ထပ်ကိတ်မုန့်တစ်ခုကို ခိုးကြောင်ခိုးဝှက်ယူရန် ချောင်းနေသည့် ရွယ်ယန်မှာ ဇက်ပိုးကနေ ဖမ်းဆွဲခံလိုက်ရကာ လက်တိုတိုလေးများဖြင့် ရုန်းကန်လှုပ်ရှားလာတော့သည်။
 
“မေမေ့ အားယန် နှစ်ခုတည်းစားရသေးတာပါ!”
 
လျို့ဟွားတစ်ယောက် သူ(မ)ကို ကလေးအုပ်ထဲမှနေ ဆွဲထုတ်လိုက်သည်။
 
“ကိုယ့်ဘာသာကိုယ် ယူစားတာက နှစ်ခု မမနဲ့ကိုကိုတွေပေးတာက နောက်နှစ်ခု၊ အမေ သတိမထားမိလိုက်ဘူးလို့ ထင်နေတာလား အားယန်”
သူ(မ)က ရွယ်ယန်၏ လုံးဝိုင်းဖောင်းကားနေသော ပါးပြင်များကို ထိုးလိုက်သည်။
 
“ကြည့် သမီးရဲ့မျက်နှာ ဘယ်လောက်တောင် ဖောင်းကားနေလဲဆိုတာ! အားယန်က အခုမှ ငယ်ငယ်လေးရှိသေး‌တာ အားလုံးထဲမှ အစားအကြီးဆုံးပဲ!”
 
ကလေးမလေးသည် ဝမ်းနည်းကြေကွဲသွား၏။
 
“ဒါပေမဲ့ သမီး အရပ်ရှည်ဖို့ လိုသေးတယ်လေ!”
 
လျို့ဟွား ကလေးမလေးကို ပြန်ချပေးလိုက်ပြီး သူ(မ)၏လက်သေးသေးလေးများကို ညှစ်လိုက်သည်။
 
“ဒါပေမဲ့ သမီး ဒီလောက်အများကြီး စားတာတောင် ဘယ်နားမှာ ရှည်လာလို့လဲ... သမီးဖေဖေရော မေမေရော နှစ်ယောက်စလုံးက အရပ်အမြင့်ကြီးတွေပဲ ဘာဖြစ်လို့ အားယန်တစ်ယောက်တည်းကပဲ ပုနေရတာလဲ”
 
ရွယ်ယန်၏မျက်လုံးများသည် ပြူးကျယ်ထွက်လာတော့သည်။
 
“မေမေ လိမ်နေတာ! အားယန်က အများကြီးရှည်လာအုံးမှာ!”
 
လျို့ဟွားသည် တစ်ခဏ စဉ်းစားပြီးနောက် ရွယ်ကျစ်နှင့် ချောင်းကျဲကို လှမ်းကြည့်လိုက်သည်။
 
“မင်းတို့ ညီမလေးကို မူကြိုကနေ သွားကြိုတဲ့အချိန်ကျ သူများကလေးတွေ ဘယ်လောက်အရပ်ရှည်လဲဆိုတာ သတိထားမိကြလား”
ရွယ်ကျစ် စဉ်းစားကြည့်လိုက်သည်။
 
“ကျွန်တော် သေချာတော့ သတိမထားမိဘူး ဒါပေမဲ့ အားယန်က သေချာပေါက် အပုဆုံးလေးပဲနေမှာ”
သူ ထိုစကားများအား ပြောပြီးသွားသည်နှင့် သူ့အမှားသူ ချက်ချင်း သဘောပေါက်သွားကာ အမှန်ပြင်ရန် ကြိုးစားလိုက်သော်လည်း လျို့ဟွားက ကလေးမလေးကို လှောင်နေသည်အား ကြားလိုက်ရသည်။
 
“တွေ့လား အားယန်က အပုဆုံးတဲ့!”
 
ရွယ်ယန်သည် သူ(မ)၏နားများကို ပိတ်ကာ ပတ်ပြေးလေ၏။
“မကြားဘူး၊ မကြားဘူး၊ အားယန် ဘာမှမကြားဘူး!”
 
လျို့ဟွားတစ်ယောက် ကူကယ်ရာမဲ့စွာဖြင့် မျက်နှာကြက်ကို မော့ကြည့်ရင်း သူ(မ)၏ကလေးငယ်က ထက်မြက်နေသည်ပဲလား ရူးချင်ယောင်ဆောင်သည်ပဲလား တွေးတောမိတော့သည်။
 
ရွယ်ယွိသည် သူ့ညီမလေးအား ကယ်တင်ရန် ပန်းကန်ပြားလွတ်ကို ကောက်ကိုင်လိုက်သည်။
 
“အမေ၊ အောက်ဆင်းကြရအောင်လေ”
 
လျို့ဟွား အနှီလိမ္မာရေးခြားရှိလှသည့် ကလေးများကို ကြည့်ကာ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
 
“အိုခေ သွားကြရအောင်”
သူ(မ)က ပြောရင်းဖြင့် သူ(မ)ဘေးနားကနေ ဖြတ်ပြေးသွားသော ကလေးမလေးကိုပါ နောက်ကော်လာကနေ ဖမ်းဆွဲထားလိုက်သည်။
“လျှောက်ပြေးမနေနဲ့တော့၊ အကုန်လုံး အောက်ဆင်းကြမယ်”
ရွယ်ယန်မှာ ကော်လာကနေ ဖမ်းဆွဲခံထားရ၍ လက်ကို ပိုက်ကာ မကျေမနပ် ညည်းညူသံ ထွက်လာ၏။
 
လျို့ဟွားသည်တော့ မကြားချင်ဟန်ဆောင်ထား၏။
 
တိတ်ဆိတ်နေသည့် ထီကျစ်ပင် သရုပ်မဆောင်ရဲတော့ဘဲ အနောက်ကနေ သိမ်မွေ့စွာ လိုက်လာ၏။
အောက်ထပ်ရှိ လူကြီးများကို ဆိုဖာပေါ်တွင် ဇိမ်ခံ‌နေကြလိမ့်မည်ဟု ထင်ထားခဲ့ကြသော်လည်း သူတို့ အောက်ထပ်သို့ ဆင်းလိုက်သည့်အချိန် လူတိုင်းက ဝိုင်းကူညီပေးနေကြသည်ကို တွေ့လိုက်ရသည်။
 
ချီလင်းဟန်မှာ သူ့အမေတစ်ယောက် မွှေစက်ကို အသုံးပြုကာ ခရင်မ်မွှေနေသည်အား တွေ့လိုက်ရ၍ ထိတ်လန့်သွားမိတော့သည်။
 
“အန်တီ၊ ကျွန်တော့်အမေကပါ ကူညီပေးနေတာလား”
 
ဒီကမ္ဘာ့နတ်ဆိုးကြီး အဖိနှိပ်ခံရတဲ့တစ်‌နေ့လည်း ရှိသေးတယ်ပေါ့?
 
လျို့ဟွားသည် မျက်ခုံးတစ်ဖက်ကို မြှင့်လိုက်သည်။
“မဟုတ်ရင်ရော၊ ငါက သူတို့ကို အလကားပေးစားသောက်ခိုင်းထားမယ် ထင်လို့လား”
ချီလင်းဟန်တစ်ယောက် စိတ်ထဲကနေ သူ(မ)ကို တိတ်တဆိတ် အလေးပြုပေးလိုက်သည်။ လက်စသတ်တော့ ဒါကမှ တကယ့်အစစ်အမှန် နတ်ဆိုးအကြီးစားကိုး။ 
 
ရွယ်ယန်သည် ဘယ်အချိန်ကတည်းကမှန်းမသိ သူ(မ)အမေ၏ ချုပ်ထားမှုအောက်ကနေ လွတ်မြောက်သွား၏။ သူ(မ)က လှေကားပေါ်မှ ဦးစွာပြေးဆင်းပြီးနောက် လက်ညှိုးတစ်ချောင်းထောင်ကာ အောင်ပွဲခံလေ၏။
 
“အားယန် အရင်ရောက်တယ်!”
 
လျို့ဟွားတစ်ယောက် အထင်သေးစွာ ကြည့်လိုက်သည်။
 
 
သို့သည့်တိုင် သူ(မ)က လှေကားကို နှစ်ထစ်၊ သုံးထစ် ဆင်းပြီးနောက် 
 
“ဒါဆို ငါက ဒုတိယပဲ”
 
ရွယ်ယွိနှင့် ချီလင်းဟန်တို့သည့် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် တစ်ချိန်တည်းဆိုသလို အောက်ပြေးဆင်းကာ တတိယနေရာကို လုလိုက်ကြသည်။
အန်းစီထုန်သည် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီး၊ ထို့နောက် အသံတစ်သံမထွက်စေဘဲ ချောင်နားသို့ ရွှေ့သွားလိုက်သည်။ မည်သူမျှ ကြည့်မနေသည်ကို အတည်ပြုပြီးနောက် သူ(မ)သည် ကောင်တာပေါ်သို့ ခရင်မ်ကို ခိုးကြောင်ခိုးဝှက်တင်လိုက်ပြီး အချောင်ခိုရန် ပြင်ဆင်လိုက်သည်။
 
သို့သော် သူ(မ)မှာ နှစ်က္ကန့်မျှပင် မနားလိုက်ရသေးခင် အနောက်ကနေ ကလေးမလေး၏ စူးစမ်းသောအသံတစ်သံ ထွက်လာ၏။
 
“အန်တီ ဒီမှာ ဘာလုပ်နေတာလဲ”
 
အန်းစီထုန်မှာ လန့်ဖျပ်သွားသော်လည်း အသံပိုင်ရှင်သည် ရွယ်ယန်ဖြစ်ကြောင်း သိလိုက်ရချိန်တွင်တော့ ပြုံးလိုက်သည်။
 
“အန်တီက ခရင်မ်ကို ခလောက်နေတာလေ ဒါမှ ခဏနေကျ အန်တီတို့ ကိတ်မုန့်လုပ်လို့ရအောင်”
ရွယ်ယန်၏မျက်လုံးများသည် တောက်ပသွား၏။
“ကိတ်အတွက် ခရင်မ်? အားယန် မြည်းကြည့်လို့ရမလား”
အန်းစီထုန်သည် အဆင်သင့်ဖြစ်စွာ ပန်းကန်လုံးကြီးကို ကမ်းပေးလိုက်သည်။
“ရတာပေါ့၊ အန်တီတောင် အများကြီး မြည်းကြည့်ပြီးသွားပြီ၊ ဇွန်းသန့်သန့်လေးနဲ့ သုံးမယ်နော်”
 
ရွယ်ယန်၏ မျက်လုံးမျာသည် တောက်ပသထက် တောက်ပလာတော့သည်။
 
“ကောင်းတယ်!”
 
အကြီးတစ်ယောက်၊ အငယ်တစ်ယောက်နှင့် နှစ်ယောက်သားသည် ချောင်နားတွင် ပုန်းအောင်းပြီး ခရင်မ်ကို ဇွန်းတစ်ယောက်တစ်ချောင်း ကိုယ်စီဖြင့် အတူတူ မြည်းစမ်းကြည့်ကြတော့သည်။
 
ဘေးခန်းမှ လျို့မန်၏အသံ မထွက်လာခင်ထိအောင်ပင်။
 
“မစ္စစ်ချီ ကျွန်မတို့ ကိတ်သားတွေကို ဖုတ်ပြီးပြီ၊ ခရင်မ် အဆင်သင့်ဖြစ်ပြီလား”
 
အန်းစီထုန်သည် သဘာဝအလျောက် ပြန်ဖြေပေးလိုက်၏။
 
“ဖြစ်ပြီ”
သို့သော် သူ(မ)ပြောပြီးလျှင်ပြောပြီးချင်းမှာပင် တစ်ခုခုက လွဲမှားနေကြောင်း ခံစားလိုက်ရသည်။ သူ(မ)ဘေးနားရှိ ကလေးမလေးကို ငုံ့ကြည့်လိုက်ပြီး အတွေးထဲ နစ်ဝင်သွားရသည်။
 
“ပေါင်ပေ့ အန်တီတို့ရဲ့ ခရင်မ်တွေရော?”
 
ရွယ်ယန်သည် ပန်းကန်လုံးကြီးကို မှင်သေစွာ စိုက်ကြည့်လိုက်သည်။ သူ(မ)၏မျက်နှာလေးထက်တွင်တော့ ခရင်မ်များ ပေကျံလို့နေ၏။
 
 
“အားယန် မသိဘူး”
 
လျို့ဟွားတစ်ယောက် အေးအေးဆေးဆေးဖြင့် ပျင်းတွဲစွာ လမ်းလျှောက်ဝင်လာ၏။
 
“ဒီမှာ ဘာတွေဖြစ်နေတာလဲ၊ ခရင်မ်ကို လျို့မန်ဆီ မယူသွားပေးသေးဘူးလား... နင်တို့နှစ်ယောက် ဘာလုပ်နေကြတာလဲ”
 
သူ(မ)အရှေ့ရှိ ကြီးကြီးတစ်ကိုယ်၊ သေးသေးလေးတစ်ကိုယ်သည် ဇွန်းကိုယ်စီ ကိုင်ထားလျက်ဖြင့် မျက်နှာနှင့် နှုတ်ခမ်းထက်တွင် ခရင်မ်က အနည်းနှင့်အများ ပေရေနေကြသည်။
 
မူလက ခရင်မ်များပြည့်နေသော ပန်းကန်လုံးကြီးမှာလည်း ယခုတွင် ပြောင်တလင်းခါလုနီးနီးပင်။ 
လျို့ဟွား အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။
 
 
အန်းစီထုန်တစ်ယောက် တုန်ယင်သွား၏။
“ဟွာကျယ်ကျဲ၊ ကျွန်မ ရှင်းပြပါရစေ!”
ရွယ်ယန်က ခေါင်းလေးကို ကုတ်ကာဖြင့် သူ(မ)ကို အပြစ်ကင်းစွာ ပြုံးပြလိုက်သည်။
 
“မေမေ ခရင်မ်က အရသာရှိနေရောပဲ!”
လျို့ဟွားမှာ သူ(မ) သမီးနှစ်ယောက်ကို ပြုစုပျိုးထောင်ထားသလို ခံစားရပြီး အံကို ကြိတ်လိုက်သည်။
 
“နင်တို့နှစ်ယောက်၊ ဧည့်ခန်းထဲမှာ သွား စောင့်နေ!”
 

ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးHikayelerin yaşadığı yer. Şimdi keşfedin