အပိုင်း (၃၁)
ကျိုးလင်က ဖွဖွလေး ပြုံးရင်း
"မစ်စတာရွယ် ဒါ မစ်စတာရွယ်ရဲ့ကလေးလား?"
ရွယ်ကျင်းဟုန်က သမီးဖြစ်သူကို ကောက်ချီပြီး
"အင်း"
ကျိုးလင်က ချောင်းဟန့်လိုက်ရင်းဖြင့်
"မစ်စတာရွယ် ကလေးမလေးကိုပါ ဓာတ်ပုံပေးရိုက်ခွင့်ပြုမလား သူ(မ)နဲ့ဆို အရမ်းကို လိုက်ဖက်မှာ"
သူ့သမီးလေး မည်မျှထိ အချစ်ခံရမှန်း ရွယ်ကျင်းဟုန် သိသော်လည်း သူက ခေါင်းခါလိုက်သည်။
"ကလေးရဲ့အမေက သဘောတူမှာ မဟုတ်ဘူး"
လျို့ဟွားက ရွယ်ယန်ကို သူ(မ)အိတ်ကပ်ထဲထည့်ကာ သူ(မ)ဘယ်နေရာသွားသွား ခေါ်သွားချင်နေသည့်သူ ဖြစ်သည်။ သူ(မ)လိုလူက ဘယ်လိုလုပ်ပြီး ကလေးကို ကြော်ငြာရိုက်ဖို့ ခွင့်ပြုပါ့မလဲ။
ကျိုးလင်သည်တော့ ကြိုးစားကြည့်ချင်နေဆဲဖြစ်သည်။
"မဟုတ်လည်း... ကလေးသဘောကို မေးကြည့်ပါလား"
ရွယ်ကျင်းဟုန်က ရပ်တန့်သွားပြီး ခေါင်းငုံ့ကာ သူ့သမီးကို မေးကြည့်လိုက်သည်။
"အားယန် သမီးကိုကိုလို အဝတ်စားကောင်းကောင်းတွေနဲ့ ကြော်ငြာတွေ ရိုက်ချင်လား"
ရွယ်ယန်က ခေါင်းကုတ်လိုက်ပြီး
"နောင်ဆို သမီးရော TV ထဲမှာ ပါလာမှာလား... အားယန် မလုပ်ချင်ဘူး"
ကလေးမလေးမှာ အကြောင်းပြချက်တချို့ကြောင့် တွန့်ဆုတ်နေခဲ့သည်။
ရွယ်ကျစ်ကာ ယခင်ဘဝက ဖျော်ဖြေရေးလောကတွင် ဆယ်နှစ်ကျော်အကြာ ကျင်လည်ခဲ့သည့်အလျောက် အောင်မြင်ကျော်ကြားလာလေ ပြည်သူ့အမြင်များကို ဖိအားပေး လက်ခံရလေဖြစ်ကြောင်း ကောင်းကောင်းသိထား၏။
သူလည်း သူ့ညီမလေးအား ထိုသို့မဖြစ်စေချင်ပေ။
သူတို့မိသားစု၏သဘောထားက ပြတ်သားလွန်းတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး လီရှန်မင်ကလည်း ကြားဝင်ဖျန်ဖြေရန် ရောက်လာ၏။
"အားယန်က ငယ်လွန်းပါသေးတယ် အိမ်မှာထားပြီး ကြည့်ဖို့ ဓာတ်ပုံနည်းနည်းပါးပါးရိုက်တာလောက်ဆိုရင်ပဲ အဆင်ပြေပါပြီ သူတို့ကို ကြော်ငြာထဲထည့်ဖို့က သိပ်ပြီးအဆင်ပြေမှာမဟုတ်ဘူး"
ဒီလိုဆို ဟုတ်အုံးမယ်။ ရွယ်ကျင်းဟုန်က ကလေးမလေးရဲ့ဆံပင်ကို ပွတ်သပ်လိုက်ပြီး
"အားယန် ကိုကိုနဲ့တူတူ ဓာတ်ပုံရိုက်ချင်လား"
ရွယ်ယန် အနည်းငယ် ခေါင်းရှုပ်နေမိသည်။ ထိုမေးခွန်းနှစ်ခုရဲ့ ကွာခြားချက်ကို သူ(မ) နားမလည်ချေ။
ရွယ်ကျစ်က သူ့ညီမလေးအကြောင်းကို ကောင်းကောင်းနားလည်ထား၍ စိတ်ရှည်စွာဖြင့် ညီမဖြစ်သူအား ရှင်းပြလိုက်သည်။
"အားယန် ဒီဓာတ်ပုံရိုက်တာက ပုံမှန်ပဲ"
ကလေးမလေးက သဘောပေါက်သွားဟန်တူပြီး ခေါင်းညိတ်လာခဲ့သည်။
"အားယန် ကိုကိုနဲ့တစ်ခါမှ ဓာတ်ပုံမရိုက်ဖူးသေးဘူး"
ရွယ်ကျစ်တစ်ယောက် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
"ဒါဆို ကိုကိုတို့ အခု ရိုက်လိုက်ကြမလား"
ရွယ်ယန်က မျက်လုံးကွေးကွေးလေးများဖြင့် ပြုံးပြီး
"အိုခေ!"
ကျိုးလင်က အနည်းငယ် စိတ်ပျက်သွားမိသော်လည်း သိပ်မကြာလိုက်ခင် ပြန်ပြီး ရွှင်လန်းသွားပြန်၏။
"ဒါဆို အဝတ်အစားတွေကို အရင်သွားကြည့်ရအောင် အားယန်က အားယန်ကြိုက်တာမှန်သမျှ ရွေးလို့ရတယ်"
လင်ရှန်မင်က ဘေးတွင် အချိန်အတန်ကြာ စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ အစက သူနှင့် ဘာမှမဆိုင်ဘူးဟု တွေးပြီး စောစောစီးစီး ထွက်သွားရန် ရည်ရွယ်လိုက်သော်လည်း ကလေးမလေးက ဓာတ်ပုံရိုက်တော့မည်ကို မြင်လျှင် သူလည်း သူ(မ)ကို မြင်ချင်မိသွားသည်။
ရွယ်ကျင်းဟုန်က အဝတ်အစားများကို ကြည့်ရန် ရွယ်ယန်ကို ချီသွားလိုက်ပြီး အဖေအိုကြီးမှာ လွန်စွာ ဝမ်းနည်းလို့နေ၏။
"အားယန် သမီး ဖေဖေနဲ့လည်း တစ်ခါမှ ဓာတ်ပုံမရိုက်ဖူးဘူးနော်"
ရွယ်ယန် ဘာမှမပြောသည်က ရှားရှားပါးပါးပင်။ ကလေးမလေးမှာ အမှန်တကယ်တမ်းတွင် သူ(မ)မိဘများနှင့် မိသားစုဓာတ်ပုံလေး အလွန်ရိုက်ချင်သော်လည်း သူ(မ) သွားမတောင်းဆိုလိုက်သင့်ဘူးဟု ခံစားရသည်။
လူတိုင်းတွင် သူတို့အတွေးကိုယ်စီ ရှိနေကြသော်လည်း သူတို့ အခန်းအကျယ်ကြီးတစ်ခုသို့ ဝင်ပြီးနောက် အဝတ်အစားမျိုးစုံကို မြင်သည့်အချိန် အတွေးများအားလုံးက လွင့်စင်ပျောက်ကွယ်သွား၏။
ရွယ်ယန်၏မျက်လုံးများက အံ့အားတသင့် ပြူးကျယ်သွားပြီး
"ကိုကို ဒီမှာ အင်္ကျီတွေအများကြီးပဲ!"
ရွယ်ကျင်းဟုန်က ကလေးကို ချပေးလိုက်ပြီး သူ(မ)ဘာသာ လမ်းလျှောက်စေလိုက်သည်။
"အားယန် အင်္ကျီတွေကို အနီးကပ်သွားကြည့်လို့ရတယ်"
ကလေးမလေးက ချက်ချင်း အရှေ့သို့ ပြေးမသွားဘဲနှင့် သူ(မ)အကိုကိုသာ မော့ကြည့်နေခဲ့သည်။
ရွယ်ကျစ်ရဲ့နှလုံးသားမှာ နူးညံ့သွားရသည်။ သူက လက်ကို ဆန့်ထုတ်ပြီး ကလေးမလေး၏ နူးနူးညံ့ညံ့လက်ဖဝါးလေးကို ဆွဲလိုက်သည်။
"အားယန် ကိုကိုတို့ တူတူသွားကြည့်ကြစို့"
သူတို့တွေ ထွက်သွားတော့မည့်အချိန် ကလေးမလေး၏ တိုးဖျစွာ မေးသံကို ကြားလိုက်ရသည်။
"ကိုကို ထီကျစ်အတွက်ရော အင်္ကျီရှိမှာလား"
ရွယ်ကျစ်က တစ်ခဏ တုံ့ဆိုင်းသွားပြီး သူ့ဘေးနားရှိ ကျိုးလင်ကို လှမ်းကြည့်လိုက်သည်။ ကျိုးလင်က ကလေးမလေးရဲ့စကားကို ကြားသည်နှင့် ပြုံးလိုက်ပြီး
"ရှိတာပေါ့... ရှိတာပေါ့"
တကယ်တွင်... ဒါပေါ့ ဘယ်ရှိနေပါ့မလဲ၊ ဒါပေမယ့် ပါပီလေးစမ်းဝတ်ကြည့်ဖို့ အင်္ကျီသေးသေးလေးတွေကို ပေးလိုက်ရင်လည်း အဆင်ပြေတာပဲ မဟုတ်လည်း တစ်ယောက်ယောက်ကို လွှတ်ပြီး သွားဝယ်ခိုင်းလိုက်လို့ရတာပဲ...
ရွယ်ယန်က မနေနိုင်အောင် တက်ကြွသွားတော့သည်။
"ရေး! ကျေးဇူးတင်ပါတယ် မမ!"
ကျိုးလင်က နှစ်စက္ကန့်စာမျှ ရပ်တန့်သွားပြီးနောက် ကလေးမလေး၏ မျက်နှာကစ်ကစ်လေးကို ဆွဲပြီးပွတ်သပ်လိုက်သည်။
အရမ်းချစ်ဖို့ကောင်းတာပဲ!
ရွယ်ယန်မှာ ဒီလိုမျိုး 'အနိုင်ကျင့်' ခံရသည်ကို ကျင့်သားရနေပြီဖြစ်၍ သူ(မ)မျက်နှာအား ဆွဲညှစ်နေသည်ကို လျစ်လျူရှုထားပေးလိုက်တော့သည်။
သူ့ညီမလေးနှင့် ဓာတ်ပုံအတူရိုက်ရသည်မှာ ရှားပါး၍ ရွယ်ကျစ်က မောင်နှမဆင်တူဝတ်စုံမျိုးကို ရှာဖွေကြည့်တော့သည်။
သူက နောင်တရစွာဖြင့်
"ဒီမှာ မောင်နှမနှစ်ယောက်ဆင်တူဝတ်စုံတွေက သိပ်မရှိဘူးပဲ အားယန်က စကပ်လေးနဲ့ဆို အရမ်းကို ချစ်ဖို့ကောင်းနေတော့မှာ"
ရွယ်ယန်က ပဟေဠိဖြစ်သွားဟန်ဖြင့်
"ကိုကို အားယန်မှာ စကပ်တွေအများကြီးရှိတယ်လေ"
လျို့ဟွားက သူ(မ)အတွက် အဝတ်စားဝယ်ပေးရသည်ကို နှစ်သက်သော်လည်း ကလေးမလေးမှာ စကပ်များက သူ(မ) အရုပ်များနှင့် ကစားသည့်အခါ အဆင်မပြေလွန်းသည့်အတွက် ၎င်းတို့ကို ဝတ်ရတာ သဘောမကျခြင်းဖြစ်သည်။
ရွယ်ကျစ်က ရွယ်ယန်၏ခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်ပြီးနောက် သူ(မ)အတွက် စကပ်သေးသေးလေးတစ်ထည်ကို ရွေးပေးလိုက်သည်။
"အားယန် ဒါလေး ဝတ်ကြည့်ချင်လား"
ရွယ်ယန်က သူ(မ)အကို၏စကားဆို အမြဲတမ်း မြေဝယ်မကျ နားထောင်တတ်၏။
"အို့ခေ!"
ရွယ်ကျင်းဟုန်မှာလည်း သူ့သမီးလေးအတွက် အဝတ်စား ရွေးပေးချင်သော်ငြား သူ့ရဲ့အလှခံစားမှုက မကောင်းလှမှန်း သူ့ကိုယ်သူ သိသည့်အတွက် သူ့သမီးလေးအား သွားပြီးစိတ်အနှောင့်အယှက် ပေးမနေတော့ချေ။
သူ့မှာ မိသားစုထဲရှိ ကလေးများက သူ့လို အမြင်ဆိုးဆိုး ရှိမနေသည်မှာ ကံကောင်းလှသည်ဟု ခံစားမိရင်း သက်ပြင်းချမိတော့သည်။
ကျိုးလင်က ကလေးမလေးကို အဝတ်အစားလဲပေးရန်နှင့် ဆံပင်အသုံးအဆောင်များကိုပါ ဆင်ပေးရန် ဦးဆောင်ခေါ်သွားလိုက်သည်။ ကလေးမလေးက မထင်မှတ်ထားလောက်အောင် လိမ္မာနေခဲ့ပြီး လက်မြှောက်ပေးရန် ပြောသည့်အခါတိုင်းလည်း မြှောက်ပေးပြီး မတော်တဆ ထိမိသွားသည့်အခါတွင်လည်း အသံတစ်သံ မထွက်လာခဲ့ချေ။
ကျိုးလင်က သူ(မ) ယခုလေးတင် ဝတ်ပေးထားသည့် ရွယ်ယန်၏မင်းသမီးဝတ်စုံလေးကို ပုတ်ပေးလိုက်ပြီး ပြုံးရင်းဖြင့် ကလေးမလေး၏ပါးကို ထပ်ညှစ်လိုက်ပြန်၏။
"အားယန်က အရမ်းလိမ္မာတာပဲ!"
ရွယ်ယန်က သူ(မ)မျက်နှာသူ(မ)ပြန်ကိုင်ကြည့်ရင်း နှုတ်ခမ်းကို စေ့ကာ ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။
သူတို့ထွက်လာသည့်အချိန်တွင် ထီကျစ်ကိုလည်း ဝတ်စုံသေးသေးလေးလေးတစ်စုံ အတင်းထိုးဝတ်ပေးထားပြီး သူက ရွယ်ကျစ်ခြေရင်းနားတွင် ထိုင်ရင်း ဘေးပတ်ပတ်လည်ကို ကြည့်နေ၏။
ရွယ်ယန်၏မျက်လုံးများမှာ အံ့အားတသင့် ပြူးကျယ်သွားပြီးနောက် အပြေးသွားလိုက်သည်။
"ထီကျစ်က အရမ်းကို ချစ်ဖို့ကောင်းတာပဲ!"
ကလေးမလေးက ခက်ခက်ခဲခဲနှင့် ပါပီလေးကို မ,ချီလိုက်ပြီး နှုတ်ခမ်းစူကာ ကွန်ပလိန်းတက်လိုက်သေး၏။
"ထီကျစ် နင် ဝလာပြန်တာလား ငါ့မှာ အခု နင့်ကို ချီတောင်မချီနိုင်တော့ဘူး"
ရွယ်ကျစ်တစ်ယောက် 'မင်းသမီးအရေခွံ' ခြုံထားသည့် သူ့ညီမလေးကို ကြည့်ပြီး မှင်သေသွားတော့သည်။
"မင်းသမီးလေးအားယန် ဓာတ်ပုံရိုက်ဖို့ သွားကြစို့"
ရွယ်ယန်ပင် မတုံ့ပြန်နိုင်သေးခင် ရွယ်ကျစ်က ထီကျစ်ကို သူ(မ)လက်ထဲမှ ဆွဲယူလိုက်ပြီး ကလေးမလေးရဲ့လက်ကို နောက်လက်တစ်ဖက်ဖြင့် ဆွဲကာ ဓာတ်ပုံစတူဒီယိုဆီသို့ ခေါ်သွားလိုက်သည်။
အထဲတွင် ဓာတ်ပုံရိုက်နေကြသည့် အခြားသော ကလေးများစွာ ရှိနေပြီး ရွယ်ကျစ်မှာ သူ့ညီမလေးကို သူတို့နှင့် ပေးသိရန် မစီစဉ်ထားချေ။
သို့ရာတွင် ရွယ်ယန်မှာ သူ(မ)အကို၏ ကြီးမားသောခွန်အားကိုသာ သတိထားမိလိုက်ပြီး အလွန်အံ့အားသင့်စွာဖြင့်
"ကိုကို ကိုကိုက အရမ်းအားကြီးတာပဲရော ထီကျစ်ကိုတောင် လက်တစ်ဖက်တည်းနဲ့ မနိုင်..."
သူ(မ)က ပြောနေရင်းဖြင့် ခေါင်းမော့လိုက်သည့်အချိန် ရုတ်ခြည်း တန့်သွား၏။
ရွယ်ကျစ်မှာ သူ့ညီမလေး ရုတ်တရက် တိတ်ဆိတ်သွားသည်ကို မြင်ပြီး အနည်းငယ် ခေါင်းရှုပ်သွားပုံရသည့် သူ့ညီမလေးအား ကြည့်လိုက်သည်။
"အားယန် ဘာဖြစ်လို့လဲ?"
ရွယ်ယန်ထံမှ 'ဖက်တီး' ဟု အကြိမ်ပေါင်းများစွာ အခေါ်ခံနေရသည့် ထီကျစ်သည်လည်း ဟောင်သံသေးသေးလေး ထွက်လာ၏။
ကလေးမလေးက ရွယ်ကျစ်အနောက်သို့ ပြေးပုန်းပြီး တိုးဖျစွာဖြင့်
"ကိုကို ဘာလို့ အကုန်လုံးက သမီးတို့ကို ကြည့်နေတာလဲ?"
သူ(မ)က အလွန်မဝံ့မရဲဖြစ်နေ၏။
သူ(မ)အကြည့်နောက်သို့ ရွယ်ကျစ် လိုက်ကြည့်လိုက်ချိန် စတူဒီယိုထဲမှ ဝန်ထမ်းအများစု၏ မျက်လုံးများက သူတို့မောင်နှမနှစ်ယောက်ထံတွင် စူးစိုက်ထားကြောင်း နောက်ဆုံးတွင် သိလိုက်ရသည်။
သူက ဂုဏ်ယူစွာဖြင့်
"သူတို့က အားယန်ရဲ့ ချစ်စရာကောင်းမှုအောက်မှာ ကျရှုံးသွားတာကြောင့်လေ"
တကယ်တွင် သူတို့က စုံတွဲဝတ်စုံနှင့် ကြည့်ကောင်းလွန်းလှသည့် မောင်နှမနှစ်ယောက်ကြောင့် အံ့အားသင့် မှင်သေသွားကြခြင်းဖြစ်သည်။
ရွယ်ယန် တစ်ဖန် ချောင်းကြည့်လိုက်ပြီး မည်သူကမျှ သူ(မ)အား သဘောမကျ မဖြစ်သည်ကို သေချာစေပြီးကာမှ ရွယ်ကျစ်နောက်ကနေ ဂရုတစိုက် လျှောက်ထွက်လိုက်သည်။
ကျိုးလင်က မုန့်ထုပ်အများကြီးဖြင့် လမ်းလျှောက်လာပြီး
"အားယန် ဗိုက်ဆာပြီလား ဒီမှာ အားယန်အတွက် ကိုကိုနဲ့မမတွေဆီက မုန့်တွေ"
ရွယ်ယန် သူ(မ)အကိုကို မော့ကြည့်ပြီးနောက် အနည်းငယ် ကိုယ်ရောင်ပျောက်နေသည့် အဖေဖြစ်သူကို လှမ်းကြည့်လိုက်သည်။ ကလေးမလေးက အကြည့်များစွာ အောက်တွင် ရှက်ရွံ့စွာလေးဖြင့်
"ကျေးဇူးတင်ပါတယ် ကိုကိုနဲ့ မမတို့"
ကိုကိုများနှင့် မမများက
"ရပါတယ် အသေးလေးရဲ့ အရပ်ရှည်အောင် များများစားနော်" အား! ကလေးမလေးက အရမ်းချစ်ဖို့ကောင်းတာပဲ! အရမ်းလည်း နူးညံ့၊ အရမ်းလည်း ချစ်ဖို့ကောင်း၊ အရမ်းလည်း သိတတ်တာပဲ!
တဖြည်းဖြည်းနှင့် ရွယ်ယန်တစ်ယောက် သူတို့နှင့် ရင်းနှီးပြီးနောက်တွင် သူ(မ)မှာ ဓာတ်ပုံရိုက်ရန်အတွက် ဝတ်စုံအများအပြားကို လဲဝတ်ရန် သိမ်းသွင်းခံရတော့သည်။
သူတို့ ထွက်မသွားခင်ထိတိုင်အောင် ရွယ်ကျစ်မှာ သူ့ညီမလေးလောက်ပင် ဓာတ်ပုံမရိုက်ရချေ။ သို့ရာတွင် သူက အတွေ့အကြုံရှိ၍ သူ့ကိုယ်သူ မည်သို့ရှုထောင့်ထားရမည်မှန်း သိသဖြင့် ကြော်ငြာအတွက် လုံလောက်အောင် ကောင်းမွန်ပြီး အရည်သွေးအလွန်မြင့်သည့် ဓာတ်ပုံများကို ရိုက်နိုင်ခဲ့သည်။
သို့နှင့် နောက်ဆုံးတွင် ရွယ်ယန်တစ်ယောက် မုန့်တပွေ့ကြီးကို ပိုက်ပြီး အကိုနှင့် အဖေဖြစ်သူ အိမ်ပြန်ခေါ်ရာနောက် ပြန်ပါသွားတော့သည်။
