အပိုင်း (၈၅)
ထိုနှစ်ယောက်သား မွှေနေကြစဉ် လျို့ဟွားသည် ရုတ်တရက် အခန်းတံခါးကို တစ်ဖန် ထပ်ဖွင့်လာ၏။
"ရှောင်ကျစ်၊ မင်းအဖေ မင်းကို စာပို့ထားတယ် သူ့ကို ခဏလောက် လာတွေ့ပေးအုံးတဲ့”
ရွယ်ကျစ်သည် တစ်ခဏ အံ့အားသင့်သွားပြီးနောက်မှ ဖုန်းကို ဖွင့်ကာ စစ်ကြည့်လိုက်သည်။
လျို့ဟွားသည် ယခုနလေးကတင် လျှောက်ဆော့နေဆဲဖြစ်ပြီး ယခုတစ်စက္ကန့်လေးအတွင်း လိမ္မာဟန်ဆောင်နေကြသည့် နှစ်ယောက်သားကို အမြင်ကတ်စွာ ကြည့်လိုက်သည်။
“နင်တို့နှစ်ယောက်ကို ကြည့်လိုက်အုံး၊ ကလေးဆန်လိုက်တာမှ!”
ရွယ်ယွိသည် သဘောတူစွာဖြင့် နာခံစွာ ခေါင်းညိတ်ပြသည်။
အမှန်ပဲ! အားယန်က ကလေးဆန်လိုက်တာမှ!
ရွယ်ယန်သည် ခေါင်းအုံးကြီးကိုဖက်ပြီး ဆိုဖာပေါ်တွင် လှိမ့်ကာ သူ(မ)အမေကို ကျောပေးထားလိုက်သည်။
“ဟွန့်!”
ကလေးမလေး၏ညည်းညူသံသည် လူများအား ချစ်ချင်စဖွယ်ကောင်းအောင်သာ ပြုလုပ်နေ၏။ လျို့ဟွားမှာ မျက်နှာထက်တွင် အမြင်ကတ်ဟန်ပေါ်နေသော်လည်း သူ(မ)၏မျက်လုံးများမှာ အပြုံးအပြည့်နှင့်ပင်။
သူ(မ)အမေ ထွက်သွားသည်ကို မြင်သည်နှင့် ရွယ်ယန်တစ်ယောက် တိတ်တဆိတ် ပြန်လှိမ့်လာ၏။
“ကိုကို ဆက်ဆော့ရအောင်!”
ရွယ်ယွိသည်လည်း ကလေးမလေးနှင့် အတူကစားပေးချင်သည်ဖြစ်ရာ နှစ်ယောက်သားသည် ခေါင်းအုံးများကို အပြန်အလှန်ပစ်ကာ တိုက်ပွဲစတင်လိုက်သည်။
ထိုစဉ်တွင် ယဲအန့်နင်၊ ရွယ်ကျစ်နှင့် ချောင်းကျဲတို့သည် အိမ်စာများကို လုပ်ပြီးသွားကြပြီး အချိုပွဲများစားကာ နို့လက်ဖက်ရည်အချို့သောက်ပြီး ဂိမ်းပင် ကစားလိုက်ကြသေး၏။
ရွယ်ယန်တစ်ယောက် ဟောဟဲလိုက်ကာ လက်လေးကို မြှောက်လာ၏။
“တော်ပြီ!”
ရွယ်ယွိသည် ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။
ရွယ်ယန်သည် စိတ်ဆိုးစွာဖြင့် တင်ပါးပေါ် လက်ထောက်လိုက်သည်။
“ကျယ်ကျဲ! ကိုကို အားယန်ကို အနိုင်ကျင့်နေတယ်!”
ရွယ်ယွိ : “...”
ယဲအန့်နင်သည် ကြုံရာခေါင်းအုံးတစ်လုံးကို ဆွဲယူကာ ရွယ်ယွိ၏မျက်နှာတည့်တည့် ပစ်ထည့်လိုက်ပြီးနောက် ရွယ်ယန်ဘက်သို့ လှည့်ပြီး လက်ခုပ်တီးလိုက်သည်။
“အားယန် လာပါအုံး၊ ကျယ်ကျဲကို ဖက်ထားပေးပါအုံး”
ရွယ်ယွိသည် သက်ပြင်းချကာ ခေါင်းအုံးများနှင့် ရှုပ်ပွနေသည်အား ရှင်းလိုက်ပြီးနောက် အခြားသူများနှင့်အတူ ထိုင်လိုက်သည်။
ချောင်းကျဲက ကလေးမလေးထံမှ ခိုးလာသော သကြားလုံးကို ငုံထားပြီး ရွယ်ကျစ်အား စကားဆိုလိုက်သည်။
“အန်ကယ်ရွယ်က တစ်ယောက်ယောက် မင်းကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းလာတဲ့အကြောင်း ပြောတာလား”
ရွယ်ကျစ်သည် သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“အင်း”
ယဲအန့်နင်သည် လေးလေးနက်နက်ဖြင့် မေးကို ပွတ်လိုက်သည်။
“သရုပ်ဆောင်ရမယ်ဆိုတော့ နင် နာမည်ကျော်တွေနဲ့ ဆုံဖို့ကြုံကြိုက်လာတော့မှာပေါ့ ဟုတ်တယ်မလား”
ရွယ်ကျစ်သည် သူ၏ယခင်ဘဝအတွေ့ကြုံများအကြောင်း ပြန်တွေးမိရင်း မနေနိုင်အောင် ပြုံးမိတော့သည်။
“အင်း”
ရွယ်ယန်သည် စကားတစ်ချို့ကို နားစွန်နားဖျားကြားလိုက်ပြီး ရုတ်တရက် အနားကပ်လာ၏။
“ကိုကို အားယန်ကို ဟန်ယွင်ကျယ်ကျဲရဲ့လက်မှတ် တောင်းပေးလို့ရလား”
ရွယ်ကျစ်သည် မျက်ခုံးတစ်ဖက်ကို မြှင့်လိုက်သည်။
“ဟန်ယွင်ကျယ်ကျဲ ?”
ရွယ်ယန်တစ်ယောက် ရွှန်းရွှန်းဝေအောင် ဆိုလာတော့သည်။
“အရမ်းအရမ်းအရမ်းကိုလှတဲ့ ကျယ်ကျဲလေ! အားယန်က သူ့ကို အများကြီး ကြိုက်တာ!”
ယဲအန့်နင်သည် မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
“ဟမ်?”
ရွယ်ယန်သည် ချက်ချင်း ထပ်ပေါင်းပြည့်လာ၏။
ယဲအန့်နင်မှာ ကျေနပ်ရုံမျှကျေနပ်သွား၏။
“အင်း...”
ရွယ်ကျစ်သည် ကျောက်တုံးမျက်နှာဖြင့် ဆိုလာ၏။
“မရဘူး”
“အမ်? ဘာလို့လဲ”
ကလေးမလေးသည် သူ(မ)အစ်ကိုထံမှ ပထမဆုံးအကြိမ် အငြင်းခံလိုက်ရ၍ သနားချင့်စဖွယ် မော့ကြည့်လာ၏။
ရွယ်ကျစ်သည် အံကို ကြိတ်ကာဖြင့် “အားယန် သူ့ကို အရမ်းကြိုက်တာဆို?”
ရွယ်ယန်က အလေးအနက်ဖြင့် အမှန်ပြန်ပြင်ပေး၏။
“အရမ်းကြိုက်တာ မဟုတ်ဘူး၊ အရမ်းအရမ်းအရမ်းကို ကြိုက်တာ!” သူ(မ)က အရမ်းတိကျမှ!
ရွယ်ကျစ်သည် အမူအရာမဲ့လျက်သားဖြင့်။
ရွယ်ယန်သည် နှစ်စက္ကန့်တိုင် ဗလာကျင်းစွာ စိုက်ကြည့်လိုက်ပြီး မပျော်မရွှင်ဖြင့် နှုတ်ခမ်းထော်လာတော့သည်။
ရွယ်ကျစ်သည် မပြောင်းလဲမြဲ မပြောင်းလဲလျက်ဖြင့် ခေါင်းစဉ်ပြောင်းလိုက်သည်။
ရွယ်ယန်သည် မျက်မှောင်ကြုတ်ကာ အနည်းငယ် ရှုပ်ထွေးသွား၏။ သို့သော် သူ(မ) အဖြေမရှာရသေးခင်ပင် ရွယ်ယွိ၊ ချောင်းကျဲတို့နှင့်အတူ ပူးပေါင်းကာ ယဲအန့်နင်သည် မတ်တတ်ထရပ်လိုက်ပြီး ရွယ်ကျစ်ကို ပတ်လည်ဝိုင်းရင်း လက်ဆစ်များကို ချိုးလိုက်သည်။
“နင့်ကို အကြိုက်ဆုံး?”
ယဲအန့်နင်သည် အန္တရာယ်ရှိလှစွာ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
ရွယ်ကျစ်သည် အန္တရာယ်အငွေ့အသက်ကို ရလိုက်ပြီး စာကြည့်ခန်းထဲမှ ထွက်ပြေးရန် ကြံလိုက်သည်။
သို့သော် သူ ခြေနှစ်လှမ်းပင် မလှမ်းရသေးခင် “ဖက်” ဆိုသည့် အသံကို ကြားလိုက်ရသည်။
လူတိုင်းသည် တံခါးသို့ လှမ်းကြည့်လိုက်ရာ တံခါးကို ပိတ်ပြီး၍ တည်ငြိမ်စွာ လက်ပြန်ရုတ်လိုက်သည့် ထီကျစ်ကို တွေ့လိုက်ရပြီး သူက တံခါးကို ပိတ်ဆို့ကာ လဲလျောင်းနေလိုက်သေး၏။
ရွယ်ကျစ် : “..."
ရွယ်ယန်သည် အားလူးကြော်အထုပ်ကြီးတစ်ထုပ်ကို ကိုင်ပြီး သူ(မ)အစ်ကိုအား အုပ်စုဖွဲ့ဝိုင်းရိုက်နေသည်ကို ခေါင်းရှုပ်စွာ ကြည့်နေလေသည်။
လျို့မန် သူတို့အား ထမင်းစားရန် လာခေါ်သည့်အချိန်တွင် သူ(မ)မှာ ကြမ်းပြင်ပေါ်တွင် ခေါင်းအုံးများနှင့် အရုပ်များအပုံလိုက်အောက်တွင် အမြှုပ်ခံထားရသည့် လဲလျောင်းနေသော ရွယ်ကျစ်ကို တွေ့လိုက်ရသည်။
သူ(မ)က ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး
“ကလေးတွေ၊ ကစားနေကြတာ ရပ်တော့၊ တို့တွေ ထမင်းစားဖို့အချိန်ရောက်ပြီ”
ရွယ်ကျစ်သည် သူ့အပေါ်မှ ပစ္စည်းအပုံကို ဘေးသို့တွန်းဖယ်ကာ ထထိုင်လိုက်သည်။
“မင်းတို့တွေ များသွားပြီကွာ”
ရွယ်ယန်က အနားကပ်ကာ တီးတိုးဆိုလာ၏။
“ကိုကို ဘာမှမဖြစ်ဘူးနော်၊ အားယန်က ကိုကို့ကို အကြိုက်ဆုံး!”
ရွယ်ကျစ်၏နှုတ်ခမ်းမှာ ထိုစကားကြားသည့်အခါ အပေါ်သို့ ညွှတ်တက်သွားတော့သည်။ ကလေးပေါက်စက သူ့အား လှည့်စားလိုက်ခြင်းဖြစ်နိုင်သော်လည်း သူ့မှာ အပျော်ကြီးပျော်ရဆဲပင်။
ယဲအန့်နင်သည် စိတ်ပျက်လက်ပျက် နှာမှုတ်လိုက်ပြီး ကလေးမလေးကို ဆွဲခေါ်သွားလိုက်သည်။
“အားယန် ထမင်းစားကြမယ်!”
ကလေးမလေးသည် အနည်းငယ် ရုန်းကန်လိုက်သော်လည်း နောက်ဆုံးတွင် အစ်မဖြစ်သူကို သူ(မ)အား ပေးချီစေလိုက်တော့သည်။
“ဟုတ်!”
ထမင်းစားပြီးသည်နှင့် ရွယ်ကျစ်သည် သူ့အဖေဆီသို့ သွားလိုက်ပြီး အိမ်ပြန်မလာခင် ရွယ်ကျင်းဟုန်၊ လီရှန်မင်တို့နှင့်အတူ တစ်နေ့လယ်ခင်းလုံးနီးပါး စကားဆိုခဲ့ကြသည်။
သို့သော် သူ အိမ်ထဲသို့ ဝင်လာလျှင်ဝင်လာချင်းပင် တစ်မိသားစုလုံး သူ့အား ပေါက်ထွက်မတတ် စိုက်ကြည့်လာကြသည်ကို တွေ့လိုက်ရသည်။
“အကုန်လုံး ဘာတွေကြည့်နေကြတာလဲ”
သူ့မှာ ပင်ကိုအသိစိတ်အရ ခြေနှစ်လှမ်းနောက်ဆုတ်မိသွားရ၏။
လျို့ဟွားသည် လည်ချောင်းရှင်းကာ အကြည့်လွှဲလိုက်သည်။
“ရှောင်ကျစ်၊ မင်းတို့တွေ ဘာတွေ ဆွေးနွေးခဲ့ကြတာလဲ”
“အို အန်ကယ်လီပြောတာ သူ့မှာ နှစ်ကူးပြီးရင် ရုပ်ရှင်တစ်ကားစရိုက်ချင်နေတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်တဲ့၊ သူက ကျွန်တော့်ကို ဇာတ်ကောင်တစ်ခုလောက်မှာ ဝင်သရုပ်ဆောင်ဖို့ မျှော်လင့်နေတာ”
“ဘယ်လိုဇာတ်ကောင်မျိုးတဲ့လဲ”
ရွယ်ကျစ်သည် သူတို့နှင့်အတူ သွားဝင်ထိုင်လိုက်သည်။
“သိရသလောက်တော့ ဇာတ်လိုက်ရဲ့ ကလေးဘဝအနေနဲ့ပါ၊ အဖေပြောတာ ကျွန်တော် သရုပ်ဆောင်ချင်တယ်ဆိုရင် ဒီဇာတ်ကောင်ကို ယူတာ ပိုစိတ်ချရတယ်တဲ့၊ ရွေးထားတဲ့ မင်းသား၊ မင်းသမီးတွေက တော်တော်လေး နာမည်ကြီးတယ်”
လျို့ဟွားမှာ စိတ်သက်သာရာရသွား၏။
“မင်း သေချာသိထားတယ်ဆိုလည်း ငါ စိတ်ပူနေစရာမလိုဘူးပေါ့”
ရွယ်ယန်တစ်ယောက် တစ်ဖန်ထပ်၍ အနားကပ်လာပြန်ပြီး တီးတိုးမေးလာ၏။
“ကိုကို၊ ကိုကို ဟန်ယွင်ကျယ်ကျဲနဲ့ တွေ့မှာလား”
ရွယ်ကျစ်သည် အလွန်ဂုဏ်ဝင့်စွာဖြင့် ပြန်ဖြေလာ၏။
“ဒါပေါ့၊ ဒီတစ်ခါကျ အားယန်ရဲ့ဟန်ယွင်ကျယ်ကျဲနဲ့အတူ သေချာပေါက် သရုပ်ဆောင်လို့ရမှာ”
ရွယ်ယန်၏မျက်လုံးများသည် ဖြာထွက်လာပြီး ရွယ်ကျစ်၏အနားသို့ တိုးကပ်သွားရင်း သူ၏လက်နှင့် ခြေများကို ပုတ်ပေးရင် ခွေးပေါက်လေးလို ဖော်လန်ဖားလုပ်တော့သည်။
ရွယ်ကျစ်သည် သူ့ညီမ၏ ကလိထိုးနေသကဲ့သို့သော အနှိပ်ဝန်ဆောင်မှုကို ခံစားရင်း ဟိတ်ကြီးဟန်ကြီးဖြင့် ချောင်းဟန့်လိုက်သည်။
“ဟမ်... အားယန် နည်းနည်းပြင်းပြင်းလေး”
ကလေးမလေးသည် ခေါင်းတသွင်သွင် ညိတ်ပြပြီး လက်ချောင်းများပေါ် အားထပ်ထည့်လိုက်သည်။
“အို့ခေ!”
လျို့ဟွားမှာ မနေနိုင်အောင် မျက်နှာကို အုပ်ထားမိတော့သည်။ သူ(မ) တကယ် ကြည့်လို့မနိုင်တော့ဘူး!
ယဲအန့်နင်သည် လက်သီးများကို ဆုပ်ထားလိုက်သည်။ ရွယ်ကျစ် နင်တော့ သွားပြီပဲ၊ ငါ နင့်ကို သုံးရက်အတွင်း အမှုန့်ချေပစ်မယ်!
သူ လူတိုင်း၏ဒေါသအား ဆွမိလိုက်သည်ကို ရေးတေးတေးခံစားမိရင်း ရွယ်ကျစ်သည် ကလေးမလေးအား အလျင်အမြန် တားလိုက်တော့သည်။
“အိုခေ အိုခေ၊ ကိုကို အဲ့ဒီအချိန်ကျရင် အားယန်အတွက် လက်မှတ်ကို သေချာတောင်းလာပေးမယ်”
ကလေးမလေး၏မျက်လုံးများသည် တဖျပ်ဖျပ်လက်နေတော့သည်။
“အို့ခေ! ကျေးဇူးတင်ပါတယ် ကိုကို!”
ဘေးတွင် စူးစမ်းလေ့လာနေသည့် ထီကျစ်သည် တွေးမိသွား၏။ ကလေးမ နင် ငါ့ထက်တောင် ပါပီလုပ်တဲ့နေရာမှာ တော်တာပဲ!
ရွယ်ကျစ်ပါဝင်သရုပ်ဆောင်တော့မည့် ရုပ်ရှင်ဇာတ်ကားသည် နှစ်သစ်ကူးပြီးချိန်တွင်မှ စတင်ရိုက်ကူးမှာဖြစ်၍ ယခုချိန်တွင် သူ အများကြီး စိုးရိမ်နေစရာ မလိုချေ။ သူ့အနေနှင့် နောက်နှစ်ရက်တွင် ရောက်လာတော့မည့် နောက်ဆုံးစာမေးပွဲကိုသာ ကိုင်တွယ်ဖြေရှင်းရန် လို၏။
သူ့တွင် မည်သည့်စိတ်ပိုင်းဆိုင်ရာ ဖိအားမှ ရှိမနေချေ။
တစ်ဖန် ဆုံဖြစ်ကြသော ကလေးအုပ်စုအကြားတွင် လီယွမ်တစ်ဦးတည်းကသာ စာမေးပွဲအတွက် ခက်ခက်ခဲခဲ လေ့လာနေရဆဲဖြစ်သည်။
ရွယ်ယန်သည် လီယွမ်၏မျက်နှာချင်းဆိုင်သို့ တွားသွားလိုက်ပြီး သူ စာရေးနေသည်အား တစ်ခဏကြည့်ရင်း စားပွဲပေါ် လဲလျောင်းလိုက်သည်။
“ရှောင်ယွမ်ကောကော၊ ဒီစာလုံးက ကိုကိုရေးထားတာ မှားနေတယ်”
ကလေးမလေးသည် သူ(မ)၏နူးညံ့ပြီး ဖြူဖွေးသော လက်ချောင်းလေးကို ဆန့်ထုတ်ကာ လီယွမ်၏ ရှုပ်ယှက်ခတ်နေသော အိမ်စာကို လက်ညှိုးထိုးပြလိုက်သည်။
“အားယန်က စာလုံးတွေကို သိတယ်ပေါ့လေ? ငါရေးတာမှားမှန်း အားယန်က ဘယ်လိုလုပ်သိလဲ"
