အပိုင်း(၁၄)
ရွယ်ယန်က သူ(မ)အား အထဲသို့ ဆွဲခေါ်သွားပြီး
“ကျဲကျယ်၊ ကျဲကျယ်တို့ ခုနက အပြင်မှာ ဘာလုပ်နေကြတာလဲ?”
ယဲအန့်နင်က သာမန်ကာလျှံကာဖြင့်
“ဘာမှမဟုတ်ပါဘူး ကျဲကျယ်တို့က အားယန်အတွက် ဘာအရသာရှိတာလေး ဝယ်ကျွေးရမလဲကို တိုင်ပင်နေကြတာ”
ရွယ်ယန်က သူ(မ)ရဲ့လက်ကို ခါယမ်းပြီး
“ကျဲကျယ် အားယန်က မုန့်မလိုချင်ဘူး”
ယဲအန့်နင် တစ်ခဏ အံ့အားသင့်သွားပြီး ရွယ်ယန်ကို ကြည့်ရန်အတွက် ကိုယ်ကိုကိုင်းလိုက်ကာ
“ဒါဆို အားယန်က ဘာလိုချင်တာလဲ?”
ကလေးမလေးရဲ့မျက်နှာက အနည်းငယ် နီမြန်းသွားပြီး
“အားယန်က ကိုကိုနဲ့မမကို အားယန်နဲ့အတူတူ ဆော့စေချင်တာ”
ယဲအန့်နင်မှာ ရုတ်တရက်ကြီး လှုပ်ခါခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ(မ)က ခေါင်းစောင်းပြီး ကျလာတော့မည့် မျက်ရည်များကို ဖိအားပေးကာ ပြန်ထိန်းထားထားလိုက်သည်။
“ကောင်းပြီ ကျဲကျယ်က နောင်ဆို အားယန်နဲ့သေချာပေါက် ခဏခဏ ဆော့ပေးမယ်နော် ကောင်းတယ်မလား?”
ရွယ်ယန်က လိမ္မာစွာ ခေါင်းညိတ်ပြလိုက်ပြီး ကလေးမလေးက လွန်စွာ ပျော်ရွှင်သွားသည့်နှယ်။
“ကောင်းတယ်!”
-
ရွယ်ကျင်းဟုန် ပြတင်းပေါက်မှတစ်ဆင့် ထိုကလေးတစ်အုပ်ကို တွေ့လိုက်ရ၍ မျက်မှောင်ကြုတ်ထားလိုက်သည်။ သူ သူတို့နဲ့ စကားကောင်းကောင်းပြောဖို့ လိုအပ်နေပြီဟု ဆုံးဖြတ်လိုက်သည်။
သူက ပစ္စည်းများအား စီစဉ်နေကြသည့် လူများကို လှည့်ကြည့်လိုက်ပြီး သူ လုပ်နေသည့်အရာကို ရပ်ထားခဲ့လိုက်သည်။ ထို့နောက် ကလေးများဆီ လျှောက်သွားလိုက်သည်။
ရွယ်ယွိနှင့် ရွယ်ကျစ်မှာ အိမ်အလုပ်များကို သွားကူလုပ်ပေးရန် ဟန်ပြင်လိုက်စဉ် သူတို့အဖေ သူတို့ထံ လျှောက်လာနေသည်ကို တွေ့လိုက်ရကာ အံ့အားသင့်သွားကြသည်။
ချောင်းကျဲနှင့် ချီလင်းဟန်ကလည်း သူတို့ရှောင်နေပေးလိုက်ရင် ကောင်းမလားကို စဉ်းစားလိုက်ကြသော်လည်း ရွယ်ကျင်းဟုန်က သူတို့အရှေ့တွင် ရပ်လိုက်သည်ကို တွေ့လိုက်ရသည်။ သူက ကိုယ်ကို ကိုင်းလိုက်ပြီး
“ကလေးတို့ မင်းတို့တွေ အားယန်ကို သဘောမကျလို့လား?”
ကောင်လေး လေးယောက်မှာ အံ့အားသင့် မှင်သေသွားကြသည်။ ရွယ်ယွိက ချောင်းဟန့်လိုက်ပြီး
“အဖေ ကျွန်တော်တို့က အားယန်ကို အရမ်းသဘောကျတာပါ”
ရွယ်ကျင်းဟုန်က သက်ပြင်းချပြီး
“မင်းတို့ရဲ့ညီမလေးက မင်းတို့နဲ့ အချိန်နည်းနည်းပဲ အတူနေခဲ့ရတာ ပြီးတော့ ကလေးက အငယ်ဆုံးလည်းဖြစ်တယ်၊ မင်းတို့က ညီမလေးကို ကောင်းကောင်းစောင့်ရှောက်ပေးသင့်ဆိုတာ နားလည်ရဲ့လား?”
ရွယ်ကျစ်က သူ့နှာခေါင်းကို ထိလိုက်ပြီး
“အဖေ ကျွန်တော်တို့ အားယန်ကို သဘောမကျဘူးလို့ ဘာကြောင့်ထင်ရတာလဲ?”
ရွယ်ကျင်းဟုန်က သူ့ကို စိတ်မရှည်စွာ စိုက်ကြည့်လိုက်ပြီး
“မင်းတို့တွေနဲ့ အန့်နင်က ဒီမှာစုနေကြတာ ဘာတွေပြောနေကြမှန်းလည်း မသိဘူး၊ အားယန်က မင်းတို့ကို အထဲကနေ တစ်ယောက်တည်း ဝမ်းနည်းစွာနဲ့ ကြည့်နေရတာ၊ ငါ ဒီလိုခံစားရတာ ဘာကြောင့်လို့ ထင်လဲ?”
ကလေးခမျာ ပြတင်းပေါက်မှနေပြီး သူတို့အား သနားဖို့ကောင်းစွာ ငေးကြည့်နေပြီး သူတို့နှင့် အတူဆော့ချင်သော်ငြားလည်း သူတို့တွေ သူ(မ)အား သဘောမကျမှာကို စိုးနေပြန်ရှာ၏…..
ထိုမြင်ကွင်းက အလွန်ရင်နာစရာကောင်းလှသည်။ သူတို့မှာ တွေးကြည့်ရင်းဖြင့် ပေါ့ဆလွန်းမိသည့် သူတို့ကိုယ်သူတို့ နောင်တကြီးစွာ ရမိတော့သည်။
သူတို့၏အမူအရာများကို မြင်ပြီး ရွယ်ကျင်းဟုန် စကားအများကြီး ပြောမနေတော့ဘဲ သတိပေးရုံသာပေးခဲ့လိုက်သည်။
“မင်းတို့အကုန်လုံးက အားယန်ထက် အသက်အများကြီးကြီးကြတာမလို့ မင်းတို့တွေ ကလေးနဲ့ အမြဲတမ်းအတူဆော့မပေးနိုင်ဘူးဆိုတာက ပုံမှန်ပဲ၊ ဒါပေမယ့် ရှောင်ယွိနဲ့ ရှောင်ကျစ် မင်းတို့ကတော့ အကိုတွေအနေနဲ့ မင်းတို့ညီမလေးအပေါ် ပိုပြီးဂရုစိုက်ရမှာလေ”
ရွယ်ယွိ၏မျက်နှာက တည်ကြည်သွားပြီး
“အဖေ ကျွန်တော်တို့ အရမ်းပေါ့ဆလွန်းမိသွားတယ် ပြီးတော့ အားယန်အပေါ် ကောင်းကောင်းဂရုမစိုက်မိဘူး၊ နောင်ဆို ဒီလိုထပ်မဖြစ်စေရပါဘူး”
ရွယ်ကျင်းဟုန် ပြုံးပြီး သူ့သားရဲ့ပခုံးကို ပုတ်ပေးလိုက်သည်။ သတိပေးပြီးနောက်မှာတော့ သူက စိတ်အားထက်သန်စွာဖြင့် ကူညီပေးရန် ပြန်သွားလိုက်သည်။
ရွယ်ယွိကလည်း သူ့အနောက်မှနေ၍ နှုတ်ခမ်းကိုစေ့ကာ ခြေလှမ်းကျဲကြီးများလှမ်း၍ လိုက်သွား၏။
အခြားသောသုံးယောက်မှာလည်း နောက်ကောက်မကျစေရန်အတွက် ဗီလာဆီသို့ ဦးတည်လျှောက်လိုက်ကြသည်။
ဗီလာထဲတွင် ရွယ်ယန်က ဆိုဖာပေါ်တွင် မုန့်များကိုဖက်ထားပြီး ခြေချိတ်ထိုင်နေ၏။ ထီကျစ်က သူ(မ)ဘေးနားတွင် လိမ္မာစွာ ထိုင်နေ၏။ ယဲအန့်နင်ကလည်း သူ(မ)၏တခြားတစ်ဖက်တွင် ထိုင်နေပြီး ကလေးမလေး၏ဆံပင်များအား ညင်သာစွာ ပွတ်သပ်ပေးနေ၏။
ချီလင်းဟန် မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူက ခြေလှမ်းများကို အရှိန်တင်လိုက်ပြီး ရွယ်ယန်၏ဘက်သို့ တိုက်ရိုက်သွားလိုက်သည်။ ထီကျစ်ကို လက်တစ်ဖက်ဖြင့် ချီထားလိုက်ပြီးနောက် ထီကျစ်၏အံ့အားသင့်နေသော အကြည့်များအောက်တွင် သူက ထီကျစ်ရဲ့နေရာတွင် ဝင်ထိုင်လိုက်သည်။
သူ(မ)အား ကယ်တင်ပေးခဲ့သည့် သူနှင့် အနီးကပ်နေ,နေရပြီး သူက အရမ်းကို ခန့်ညားနေတာကို ကြည့်ပြီး.... ကောင်မလေးမှာ အနည်းငယ် စိတ်လှုပ်ရှားလာ၏။
ခြေတစ်လှမ်းနောက်ကျသွားသည့် ရွယ်ယွိမှာ အေးစက်မာကျောသောမျက်နှာဖြင့် အနားတွင် ဝင်ထိုင်လိုက်ပြီး ချီလင်းဟန်အား မျက်လုံးလှိမ့်နေသည်ကို လုံးလုံးမဖုံးကွယ်ထားတော့ချေ။
ချီလင်းဟန်က ရွယ်ယွိကို အာရုံစိုက်မနေချေ။ သူ့မျက်လုံးများက ကောင်မလေး၏ပါးပြင်လေးများကို နူးညံ့စွာ ညှစ်ရင်း ညင်သာလို့နေ၏။
“အားယန်...”
ရွယ်ယန်၏မျက်နှာလေးက နီမြန်းသွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့်
“ကိုကို ကိုကို့နာမည်ဘယ်လိုခေါ်လဲ?”
ရွယ်ကျစ်မှာ မနေနိုင်အောင် အော်ရယ်လေမိပြီး
“တချို့လူတွေများနော် အားယန်ကဖြင့် သူတို့နာမည်ကို သိတောင်မသိဘူး”
ချီလင်းဟန် သူ့အား ရှုတည်တည် ကြည့်လိုက်ပြီးနောက် ကလေးမလေးအား အလွန်လေးနက်စွာဖြင့်
“အားယန် ကိုယ့်နာမည်က ချီလင်းဟန်”
ထိုနာမည်ကိုကြားပြီးနောက် ကလေးမလေးက ရုတ်တရက် တောင့်ခဲသွား၏။
ချီလင်းဟန်မှာ ရှင်းပြ၍မရနိုင်သော ထိတ်ပျာမှုတို့ကို ခံစားလိုက်ရသည်။ သူက ရွယ်ယန်၏မျက်နှာရှေ့တွင် လက်ကို ခါပြပြီး
“အားယန် ဘာတွေတွေးနေတာလဲ?”
ရွယ်ယန်က ဖြည်းညင်းစွာ မျက်တောင်ခတ်လိုက်ပြီးနောက် အသိပြန်ဝင်လာပုံရသွားကာ သူ(မ)က
“အားယန် အဲ့ဒီနာမည်ကို အရင်တုန်းက တစ်နေရာရာမှာ ကြားဖူးသလိုပဲ”
သူ(မ)ပြောသည်ကို ကြားရပြီးနောက် သူတို့အားလုံး အနည်းငယ် ထိတ်ပျာသွားကြသည်။
ရွယ်ယွိ သူ့ကိုယ်သူ တည်ငြိမ်နေဖို့ ဖိအားပေးလိုက်ပြီး ညင်သာစွာဖြင့်
“အားယန် ဒီနာမည်ကို အရင်တုန်းက ဘယ်နေရာမှာ ကြားခဲ့ဖူးတာလဲ?”
ကလေးမလေးက မျက်ခုံးများကို ကြုတ်ထားပြီး အနည်းငယ် ဒုက္ခရောက်သွားဟန်ဖြင့်
“ကိုကို အားယန် မေ့သွားပြီ”
ချီလင်းဟန်ရဲ့လက်ဖဝါးများက ချွေးပြန်နေ၏။ သူက လက်သီးဆုပ်ပြီး
“အားယန် မမှတ်မိရင် စဉ်းစားမနေနဲ့တော့ တစ်ယောက်ယောက်က ကိုယ့်နာမည်နဲ့ တူတာဖြစ်လိမ့်မယ်”
ရွယ်ယန်က ဗလာကျင်းစွာဖြင့် ခေါင်းကုပ်လိုက်ပြီး
“အို့....”
ယဲအန့်နင်မှာ ကလေးမလေး၏လက်နုနုလေးအား တင်းကျပ်စွာ ဆုပ်ထားမိလိုက်သည်။ ရွယ်ယန်က အားနည်းစွာဖြင့်
“ကျဲကျယ် နာတယ်”
ယဲအန့်နင်မှာ ရုတ်တရက် အသိပြန်ဝင်လာပြီး သူ(မ)ကို မသိစိတ်အရ လွှတ်ပေးလိုက်သည်။
“အားယန် ကျဲကျယ် တောင်းပန်ပါတယ် ကျဲကျယ် တမင်သက်သက်လုပ်တာမဟုတ်ပါဘူး”
ကလေးမလေးရဲ့အသားရည်က ဖြူဖွေးပြီး အလွန်နူးညံ့၏။ ဖွဖွလေးညှစ်လိုက်သည်တောင် အသားကို နီရဲသွားစေပြီး သည်တစ်ကြိမ် ယဲအန့်နင်၏ တင်းကျပ်မြဲမြံစွာ ဆုပ်ကိုင်ထားခြင်းက နေရာအကြီးကြီးပေါ်တွင် ချက်ချင်း နီရဲသွားသည်က အလွန်ကို သနားချင့်စဖွယ်ကောင်းနေ၏။
ရွယ်ယန်က သူ(မ)လက်လေးကို တိတ်တဆိတ် ပွတ်လိုက်ပြီး အပြစ်ရှိသလို ခံစားနေရသည့် ယဲအန့်နင်အား အပြုံးဖြင့်
“ကိစ္စမရှိဘူး ကျဲကျယ် တမင်သက်သက် လုပ်တာမဟုတ်မှန်း အားယန်သိပါတယ်”
သူ(မ) ပိုပြီးတော့ လိမ္မာသိတတ်နေလေ ယဲအန့်နင်နှင့် ရွယ်ယွိအတွက် ပိုပြီးရင်နာရလေပင်။
ရွယ်ယန်က ရုတ်တရက် တစ်ခုခုကို အမှတ်ရသွားပြီး သူ(မ)က လက်မောင်းထဲမှ မုန့်များကို မြှောက်ပြလိုက်ပြီး ဂုဏ်ယူစွာဖြင့်
“ကိုကို ကျဲကျယ် ဒီမှာကြည့်! ဒါတွေအကုန်လုံးက အားယန် သိမ်းထားတာတွေချည်းပဲ!”
ယဲအန့်နင် ဖိအားပေးပြုံးပြီး
“အားယန် ဒီလောက်မုန့်တွေအများကြီးကို ဘယ်လိုတောင် သိမ်းထားနိုင်ခဲ့တာလဲ?”
ရွယ်ယန်က အလွန်ဂုဏ်ယူစွာဖြင့်
“အားယန်က ကိုကိုတို့မမတို့နဲ့ အတူစားချင်လို့လေ”
ချောင်းကျဲက သူ့မေးကို ပွတ်သပ်ပြီး
“မအံ့ဩတော့ဘူး အားယန် အရင်က မုန့်တွေကို ခဏလေးနဲ့ စားပြီးသွားတာကို၊ အားယန်က မုန့်တွေကို ဖွက်ဖွက်ထားတာကိုး!”
ကောင်မလေးက ဝံ့ကြွားစွာ
“ရှောင်ကျဲကောကော အားယန်တို့က တူတူဖွက်ခဲ့ကြတာလေ! ကိုကို မေ့သွားပြီလား!”
ချောင်းကျဲမှာ တစ်ခဏ ကြက်သေသေသွားရသည်။ သူ ရေးတေးတေးသာမှတ်မိပြီး ၎င်းက အချိန်အတော်ကြာသွားခဲ့ပြီဖြစ်သည်။ သူက နှုတ်ခမ်းကို စေ့ထားပြီး
“တောင်းပန်ပါတယ် အားယန် ကိုကို မေ့သွားလို့”
ရွယ်ယန်က အလွန် သဘောထားကြီးပြီး
“ရပါတယ် အားယန်က ရှောင်ကျဲကောကောကို ခွင့်လွှတ်ပေးပြီးသား”
သူ(မ)က သူ(မ)ရဲ့မုန့်များကို စားပွဲပေါ် ဖြန့်ခင်းပြီး
“ဒါတွေအကုန်လုံးက ကိုကိုတို့နဲ့ ကျဲကျယ်စားဖို့အတွက်!”
လျို့ဟွား ဖြတ်လျှောက်သွားသည်နှင့် ကြုံပြီး သူ(မ)က အနည်းငယ် အံ့အားသင့်သွားကာ
“ဒီတစ်ခါ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သဘောထားကြီးနေရတာလဲ? သမီးရဲ့အကြိုက်ဆုံးချောကလက်တောင် အထဲမှာ ပါသေးတယ်”
ရွယ်ယန်က သူ(မ)အမေအား စိတ်ဆိုးစွာ ကြည့်လိုက်ပြီး
“မေမေ! သမီးက အမြဲတမ်း သဘောထားကြီးပါတယ်နော်!”
လျို့ဟွားက သူ(မ)ကို လှောင်လိုက်ပြီး
“ပြီးခဲ့တဲ့တစ်ခေါက်က ကိုကိုတစ်ယောက် မေမေတို့အိမ်ရှေ့မှာ လာဆော့တုန်းကကျတော့ ဘာလို့ သူ့ကို သမီးရဲ့ချောကလက်ကို ပေးမစားချင်ရတာလဲ?”
ကလေးမလေးက မကျေမချမ်းဖြစ်နေ၏။ သူ(မ)က ခါးပေါ် လက်ထောက်ပြီး ယုံကြည်ချက်ရှိစွာဖြင့်
“အဲ့ဒီကိုကိုက လုံးဝမကောင်းဘူး၊ သူက သမီးကိုတောင် အနိုင်ကျင့်ချင်တာ!”
ချောင်းကျဲ ထိုကောင်လေးကို သိ၏။ သူက မျက်မှောင်ကြုတ်ကာ
“အားယန် သူက ဘယ်လိုအနိုင်ကျင့်လို့လဲ?”
ရွယ်ယန်မှာ သူ(မ)ကို ဘယ်သူမှမယုံကြဘူးဟု ထင်မှတ်ပြီး ဝမ်းနည်းကြေကွဲစွာဖြင့်
“သူက အားယန်ကို သဲနဲ့ပတ်တာ အားယန်မျက်လုံးထဲတောင် ဝင်သွားသေးတယ်”
လျို့ဟွားမှာ တစ်ခုခုက မှားယွင်းနေသည်ကို သဘောပေါက်လိုက်ပြီး သူ(မ)လည်းပဲ မျက်မှောင်ကြုတ်ကာ
“အဲဒီကိုကို သမီးကို ဘယ်လိုအနိုင်ကျင့်သေးလဲ?”
ရွယ်ယန်က ဗလာကျင်းစွာ မျက်တောင်ခတ်လိုက်ပြီး
“သူ သမီးကို ပြုတ်ကျတဲ့အထိ တွန်းသေးတယ်”
လျို့ဟွား၏အမူအရာတို့မှာ မည်းမှောင်သွားပြီး
“ဒီကလေးကတော့ အဲ့ဒါ ဘာလို့ မေမေ့ကို မပြောရတာလဲ?”
