အပိုင်း (၃၇)
ရွယ်ယွိက ကလေးမလေး၏ပါးကို ညှစ်လိုက်ပြီး
"အားယန် သွားချင်လား အားယန် မသွားချင်ရင် ကိုကိုတို့ မသွားတော့ဘူး"
ရွယ်ယန်မှာ တကယ်မသွားချင်သော်လည်း သူ(မ)က အလေးအနက် တွေးပြီး
"ကိုကို အားယန်တို့ သွားပြီးကြည့်တာပိုကောင်းမယ် အမှားလုပ်တယ်ဆိုတာက ဖြစ်တတ်ပါတယ်"
အမှားလုပ်တယ်ဆိုတာ ခွင့်လွှတ်ပေးလို့ ရနိုင်ပါတယ်...
လူတိုင်းမှာ တစ်ခဏ မှင်သက်သွားကြပြီးနောက် မျက်ဝန်းများက တိုးတိတ်စွာ နီမြန်းသွားခဲ့ကြသည်။
ရွယ်ကျစ်၏မျက်လုံးများက နက်ရှိုင်းနေပြီး
"အားယန် တကယ်လို့လေ ကိုကိုကသာ အားယန်ကို အနိုင်ကျင့်ခဲ့ရင် အားယန် ကိုကို့ကို ခွင့်လွှတ်မှာပဲလား"
ရွယ်ယန်က သွားဖြူဖြူလေးအချို့ကို ဖော်ပြရင်းပြုံးလိုက်ပြီး
"ဒါပေါ့လို့! ကိုကိုက အားယန်အပေါ် ဒီလောက်ကောင်းတာ အားယန် ကိုကို့ကို သေချာပေါက် ခွင့်လွှတ်ပေးမှာပေါ့!"
ရွယ်ယွိ ကလေးမလေး၏ဆံပင်ကို ဖွလိုက်ပြီး
"နျန်နျန်တို့အိမ်ကို သွားစို့ သွားပြီး ကြည့်,ကြည့်ရအောင်"
ရှောင်ရွယ်ယန်တစ်ယောက် လူတိုင်းတွင် တစ်ခုခု မှားယွင်းနေသည်ကို သတိမထားမိလေဘဲ သူ(မ)က အလေးအနက် ခေါင်းညိတ်ပြရင်း
"အို့ခေ!"
ယဲအန်န့င် ခေါင်းကိုငုံ့ကာ မျက်တောင်ခတ်လိုက်ပြီး သူ(မ)ရဲ့စိတ်ခံစားချက်များ တည်ငြိမ်သွားသည့်အခါတွင်မှ ရွယ်ယန်နောက်သို့ လိုက်ပြီး တစ်ဖန်ထပ်ပြောလိုက်သည်။
"အားယန် ဘာလို့ ဒီလောက်တောင် လေးနက်နေရတာလဲ"
အစက တက်ကြွနေဆဲဖြစ်သည့် ကလေးမက ယခုတွင် ရုတ်ခြည်း အားလျော့သွားပြီး
"ကျဲကျယ် အဲဒီမမက အားယန်ကို ထပ်ဆူရင်ရော"
ယဲအန့်နင်က တစ်ခဏ မှင်သက်သွားပြီးနောက် ကလေးမလေးအား အလွန်လေးနက်စွာဖြင့် ပြောလိုက်သည်။
"ဖြစ်မှာမဟုတ်ဘူး ကျဲကျယ်က သူ့ကို ဆူခွင့်ပေးတော့မှာမဟုတ်ဘူး"
အဲဒီကောင်မလေးသာ သူတို့ကလေးကို ထပ်ပြီးရန်စလာရင် သူ(မ) သေချာပေါက် ထိထိရောက်ရောက်လုပ်ပစ်မှာ။
အားပေးခံရပြီးနောက်တွင် ရွယ်ယန်တစ်ယောက် တစ်ဖန် တက်ကြွလို့လာ၏။
"ဒါဆို သွားစို့!"
မည်သို့ဆိုစေ ခြေလှမ်းအနည်းငယ်သာ အလှမ်းဝေပြီး ထောင့်နားလေးတွင် ဖြစ်သည်။
ရှန်နျန်တို့အိမ်၏ အိမ်ရှေ့တံခါးက ပွင့်အနေပြီး လူသုံးယောက်စီနှင့် မိသားစုနှစ်စုက ဧည့်ခန်းထဲတွင် ထိုင်နေကြသည်။
ရှန်နျန်က သူတို့အုပ်စု ဝင်လာသည်ကို မြင်သည်နှင့် သူ(မ)က သူတို့ကို ချက်ချင်း လက်ဝှေ့ယမ်း ပြလာ၏။
"ဘာလို့ အခုမှ ရောက်လာကြတာလား"
လုယွင့်လင်၏မိဘများက သူ(မ)နှင့် ဘေးချင်းကပ်လျက် ထိုင်နေကြကြီး အမေလုက လုယွင့်လင်ကို မသိမသာ ပြန်ဆွဲထား၏။
ရွယ်ယန် မျက်တောင်ခတ်လိုက်ပြီး ရွယ်ယွိက သူ(မ)ကို ဆိုဖာပေါ် တင်ပေးလိုက်သည်။
လင်ရိဖုန်က ကလေးမလေး၏ဆံပင်နုနုလေးများကို ချစ်မြတ်နိုးစွာ ထိလိုက်ပြီး
"အားယန် ပြီးခဲ့တဲ့အခေါက်က အနိုင်ကျင့်ခံရတဲ့အကြောင်း ဘာလို့ အန်တီကို မပြောရတာလဲ"
ရွယ်ယန်ကို ကြည့်နေသည့် လုယွင့်လင်၏အကြည့်ထဲတွင် ဖုံးကွယ်ထားသည့် မလိုတမာမှုတို့ ရှိနေ၏။ ကလေးမလေးက မသိစိတ်အရ လင်ရိဖုန်ထံ ကျုံ့ဝင်သွား၏။
ရွယ်ယန်က နှုတ်ခမ်းကို စေ့လိုက်သော်လည်း ပျော်ရွှင်စွာ ပြုံးပြပြီး
"အန်တီ အားယန် အဆင်ပြေပါတယ်"
လင်ရိဖုန်မှာ တစ်စုံတစ်ခုကို ခံစားမိပြီး လုယွင့်လင်အား အေးစက်စွာ လှမ်းကြည့်လိုက်သည်။
"အခု အားယန်ကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်သင့်ပြီမလား"
လုယွင့်လင် အံကြိတ်ပြီး ရွယ်ယန်ကို စိမ်းစိမ်းကြီး စိုက်ကြည့်လိုက်သည်။
ကလေးများက ကြင်နာမှုနှင့် မလိုမုန်းထားမှုအား အလွန် တုံ့ပြန်လွယ်တတ်ကြသည်ပင်။ ရွယ်ယန်တစ်ယောက် အလွန်ကြောက်လန့်နေသည်မှာ လင်ရိဖုန်အနောက်သို့ ပြေးဝင်ပုန်းလုနီးပါးပင်။
အမေလုက လုယွင့်လင်၏အင်္ကျီကို ဆောင့်ဆွဲလိုက်ကာမှ သူ(မ)က ချီတုံချတုံဖြင့် ဆိုလာ၏။
"တောင်းပန်တယ်!"
"ဒါလား တောင်းပန်တယ်ဆိုတာ"
အေးစက်စက်အသံတစ်ခုက တံခါးကနေ ထွက်လာ၏။
ရွယ်ယန်က တွေဝေစွာ လှမ်းကြည့်လိုက်ပြီးနောက် ပျော်ရွှင်စွာ အာမေဍိတ်သံ ပြုလိုက်သည်။
"လင်းဟန်ကောကော!"
ပြီးခဲ့သည့်အခေါက်က လုယွင့်လင်ကို ရှန်နျန်က တက္ကစီဖြင့် ပြန်ပို့လိုက်ကတည်းက သူ(မ)က အိမ်ပြန်ရောက်သည်နှင့် မကျေမနပ် တိုင်တန်းတော့သည်။ ပြီးတော့ သူ(မ)မိဘများကလည်း ပြဿနာ၏အဓိကအချက်ကို သဘောပေါက်သွားကြသည်။ ရှန်မိသားစုနှင့် ရွယ်မိသားစုဆိုသည်မှာ တစ်ဖက်က ချမ်းသာပြီး တစ်ဖက်က မျိုးရိုးမြင့်သည့် မိသားစုများဖြစ်ပြီး သူတို့အပေါ် ကျေးဇူးကြွေးရှိသည့် ချီမိသားစုမှ ကလေးကလည်း အနှီဗီလာဧရိယာတွင် နေထိုင်၏။
သို့နှင့် သူတို့က လုယွင့်လင်ကို သွားတောင်းပန်ခိုင်းရန် စဉ်းစားမိကြပြီး ဤမိသားစုများနှင့် ကောင်းကောင်းမွန်မွန် ဆက်ဆံရေးရရန် ကြိုးစားကြည့်တော့သည်။
ချီလင်းဟန်က ယခုအခါတွင်မှ ပေါ်လာတော့သည်။
အမေလုက လုယွင့်လင်ကို နေရာမှာတင် ရိုက်လိုက်ပြီး
"ငါ နင့်ကို ဘယ်လိုသင်ထားပေးလဲ ဒါ နင်တောင်းပန်တဲ့ ပုံစံလား"
လင်ရိဖုန် မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှဝင်မပြောချေ။ သူ(မ) ကောင်မလေးကို ရှောင်ရွယ်ယန်အား တောင်းပန်စေချင်သော်လည်း အမေလု၏ ထိန်းကျောင်းသည့်နည်းလမ်းကိုတော့ သဘောမတူချေ။
ထိုအခိုက်တွင် လုယွင့်လင်ကာ လူတိုင်း၏အကြည့်များနှင့် မျက်နှာချင်းဆိုင်နေရပြီး အကုန်လုံးကို ရွယ်ယန်အပေါ်သာ အပြစ်ပုံချလိုက်တော့သည်။
သူ(မ)က သည်းခံပြီး ခေါင်းငုံ့ကာ တစ်ဖန် ထပ်ပြောလိုက်၏။
"တောင်းပန်ပါတယ်..."
ချီလင်းဟန်က ရွယ်ယန်အရှေ့တွင် ရပ်လိုက်ပြီး လုယွင့်လင်၏ ဖုံးကွယ်ထားသော အငြိုးတကြီး အကြည့်များကို ပိတ်ဆို့ကာ
"ငါတို့ လက်မခံဘူး"
အဖေလုက စိုးရိမ်သွားပြီး
"လင်းဟန်..."
ချီလင်းဟန်က သူ့ကို အေးစက်စွာ ကြားဝင်ဖြတ်ပြောလိုက်၏။
"ကျွန်တော်တို့တွေ ရင်းနှီးကြလို့လား"
အဖေလု၏စကားလုံးများက လည်ချောင်းထဲ တစ်ဆို့သွားရပြီး သူ ဘာပြန်ပြောရမှန်း တစ်ခဏကြာသည်အထိ မသိတော့ချေ။ အချိန်အတန်ကြာ တုံ့ဆိုင်းနေပြီးနောက် သူက မတ်တတ်ထရပ်လိုက်ပြီး
"မင်းတို့မိသားစုက ငါ့မိသားစုအပေါ် ကျေးဇူးကြွေးရှိနေသေးတယ်လေ ငါတို့ရဲ့ရှောင်လင်နဲ့ မင်းကို လက်ထပ်ပေးပါ့မယ်လို့ မင်းအဖိုးနဲ့ ငါ သဘောတူထားပြီးပြီ မင်းအနေနဲ့ ဒါတွေကို နားလည်ဖို့ ငယ်လွန်းသေးတယ်ဆိုပေမယ့် မင်း ရှောင်လင်ကိုလည်း ဂရုစိုက်သင့်တာ"
"ဘယ်သူက ရှင်နဲ့သဘောတူတာလဲ ကျွန်မတို့ဖြင့် ဘာမှမသိရပါလား"
ဒေါသထွက်နေသော အမျိုးသမီးအသံတစ်ခုက တံခါးနားကနေ ထွက်လာ၏။
အနီရောင်ဝတ်စုံနှင့် လှလှပပအမျိုးသမီးတစ်ယောက်က ကျက်သရေရှိသော အမျိုးသားကို ဆွဲခေါ်လာပြီး ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလာခဲ့သည်။
ချီလင်းဟန်က မျက်ခုံးများကို မြှင့်လိုက်ပြီး
"အမေနဲ့ အဖေ ဒီကို ဘာလာလုပ်ကြတာလဲ"
အန်းစီထုန်က သူ(မ)သားကို လှမ်းကြည့်လိုက်ပြီး
"အိမ်နီးနားချင်းတွေနဲ့ ဆက်ဆံရေးတိုးတက်အောင် လုပ်ဖို့လာတာပေါ့"
ချီယွင့်ယောင် လုမိသားစုကို အရေးမစိုက်စွာ ကြည့်လိုက်ပြီး
"စကားပြောရင် ရှေ့နောက်ကြည့်ပြောပါ ကောလာဟလတွေ လိုက်ဖြန့်တာက မင်းတို့ကို ထောင်ထဲဆွဲသွင်းလိုက်လို့ရတယ်"
အန်းစီထုန်သည်လည်း ယခုလေးတင် သူ(မ)ဘာကြောင့် စိတ်ဆိုးသွားရသလဲကို ပြန်အမှတ်ရသွားပြီး အဖေလုနှင့် တိုက်ရိုက် ထိပ်တိုက်တွေ့လိုက်သည်။
"ဟုတ်တယ်! ဒီနှစ်တွေတစ်လျှောက်လုံးမှာ ရှင်တို့မိသားစု ကျွန်မတို့ဆီ နေတိုင်းလာပြီး ပိုက်ဆံချေးတာမဟုတ်ရင် အကူအညီလာတောင်းတာချည်းပဲ ကျေးဇူးကြွေးကြီးကြီးမားမားဆိုရင်တောင် ပြန်ဆပ်လို့ ကုန်နေပြီ ရှင်ကများ ဒီလိုစကားမျိုးကို ပြောထွက်ရဲရတယ်လို့!"
စကားလုံးများက အနည်းငယ် နားမခံနိုင်စရာကောင်းသော်လည်း အဖေလုမှာ ဒါကား အမှန်တွေ ဖြစ်နေသည်ကြောင့် သူတို့ကို ပြန်ပြီး ခွန်းတုံ့ပြန်စကားမဆိုရဲချေ။
သူ့မှာ အရူးလုပ်လို့လွယ်မည့်ထင်သည့် ချီလင်းဟန်ကိုသာ လေကျယ်ရဲ၏။
ရှိနေကြသည့်လူများမှာလည်း အနည်းငယ် ခေါင်းရှုပ်နေကြသည်။ လင်ရိဖုန်က အချိန်အတန်ကြာ ကြည့်နေပြီးမှ ယခုအချိန်တွင် တိတ်ဆိတ်နေလိုက်သည်က အကောင်းဆုံးဖြစ်လိမ့်မည်ဟု ခံစားလိုက်ရသည်။
မည်သို့ဆိုစေ ဤလင်မယားနှစ်ယောက်ကလည်း ရိုးရိုးရှင်းရှင်း ဖြစ်ဟန်မတူပေ။
လုယွင့်လင်၏မျက်လုံးများက နီမြန်းသွားပြီး
"ငါ တောင်းပန်ပြီးပြီလေ! နင်က ဘာလိုချင်သေးလို့လဲ!"
ရွယ်ယန်က ခေါင်းကုတ်လိုက်ပြီး သူ(မ)အရှေ့မှ ချီလင်းဟန်ကို တွန်းဖယ်လိုက်သည်။ ကလေးမလေး၏အသံက အလွန် အလေးအနက်ဖြင့်
"ငါ နင့်ကို ခွင့်လွှတ်ပါတယ် မငိုပါနဲ့"
ရွယ်ယန်မှာ အနည်းငယ် လမ်းပျောက်နေပြီး
"အခုချိန်ကစပြီး ငါတို့တွေ သူငယ်ချင်းကောင်းလုပ်ရအောင်လေ မကောင်းဘူးလား"
သူ(မ) ထိုသို့ပြောလိုက်ချိန်တွင် ချီလင်းဟန်နှင့် ရွယ်ယွိတို့၏ ရင်ထဲမှာ တင်းကျပ်သွားရသည်။ ဒီကလေးက မိတ်ဖွဲ့တဲ့နေရာမှာ ဆိုးရွားတာပဲ ဘာလို့ လုယွင့်လင်နဲ့မှ သူငယ်ချင်း ဖြစ်ချင်သွားရတာလဲ?
ကံကောင်းထောက်မစွာ လုယွင့်လင်သည်လည်း သူတို့ကို စိတ်ပျက်မသွားစေခဲ့ပေ။ သူ(မ)က စိတ်ဆိုးမာန်ဆိုးဖြင့်
"ဘယ်သူက နင်နဲ့ သူငယ်ချင်း ဖြစ်ချင်နေလို့လဲ"
"ဖြန်း!"
သူ(မ)စကားမဆုံးသေးခင် အမေလုက သူ(မ)ပါးကို ရိုက်ချလိုက်၏။
"စကားကိုကြည့်ပြော!"
လုယွင့်လင် မည်မျှပင် အကျင့်ယုတ်စိတ်ပုတ်ပါစေ သူ(မ)က ကလေးတစ်ယောက်သာ ဖြစ်၏။ သူ(မ)နှင့် ရွယ်တူများနှင့် ကြည့်ကောင်းလှသော အကိုများရှေ့ ပါးရိုက်ခံလိုက်ရသည်က သူ(မ)ကို ချက်ချင်းဆိုသလို စတင်အော်ဟစ်ငိုယိုစေတော့သည်။
သူ(မ) ပိုပြီး အသံထွက်ပြီးခေါင်းမာလေ သူ(မ)မိဘများက သူ(မ)ကို ပိုပြီး သိတတ်စေချင်လေဖြစ်ပြီး အခြေအနေကား ပြင်းထန်ပြီးရင်း ပြင်းထန်လာခဲ့သည်...
ရှိနေကြသူအားလုံးက ထူးဆန်းသော သဘောညီညွတ်မှုဖြင့် အနှီပြဇာတ်အား တိတ်တဆိတ် ကြည့်နေကြသည်။
အဖေလုက တစ်စုံတစ်ခု မှားယွင်းနေသည်ကို သဘောပေါက်သွားသည့်အခါ သူက ရုတ်ခြည်း သူ့မိသားစု၏ အရှက်တကွဲဖြစ်မှုကို သတိထားမိတော့သည်။ သူက ရှက်ရွံ့စွာ ဒေါသထွက်လာပြီး
"တော်လိုက်တော့ အိမ်ပြန်ကြမယ်!"
သူက ပြောလို့ပြီးသည်နှင့် သူ့ဘာသာသူ ထထွက်သွား၏။ အမေလုမှာ နားမလည်နိုင်ဖြစ်နေရသော်လည်း လုယွင့်လင်ကို ဆွဲခေါ်ကာ ထွက်သွားလိုက်သည်။
ပြဇာတ်က နောက်ဆုံးတော့ ဇာတ်သိမ်းသွားခဲ့သည်။
လုမိသားစုသုံးယောက် ထွက်သွားပြီးသည်နှင့် သိပ်မကြာလိုက်ခင် လျို့ဟွားက လျို့မန်၊ ယဲဝမ်တို့နှင့်အတူ သုတ်ခြေတင် ပြေးဝင်လာခဲ့သည်။
ယဲအန့်နင်မှာ ရောက်လာကြသည့်သူများကို ကြည့်ပြီး မနေနိုင်အောင် ရေရွတ်မိတော့သည်။
ဘုရားသခင်! မိသားစုအကုန်လုံးနီးပါးက ဒီကို ရောက်နေကြပါလား!
လျို့ဟွား တံခါးကနေ ဝင်လာလျှင်ဝင်လာချင်း လေထုက သူ(မ)စိတ်ကူးထားသည်ထက် အနည်းငယ် ကွာခြားနေသည်ဟု ခံစားမိပြီး သူ(မ)က တုံ့ဆိုင်းစွာဖြင့်
"ကျွန်မတို့ ကလေးငိုသံကြားလိုက်ရလို့ ဒီမှာ တစ်ခုခုဖြစ်နေတယ် ထင်လိုက်တာ"