Chapter 5

4.2K 385 7
                                    

အပိုင်း (၅)

နောက်တစ်နေ့ သူတို့တွေ့ကြသည့်အချိန် ရွယ်ကျင်းဟုန်တစ်ယောက် နာရီဝက်စောရောက်လာခဲ့သည်။ သူ ထိုနေရာသို့ရောက်သည်နှင့် လင်မယားနှစ်ယောက်အနားတွင် ထိုင်နေသည့် ဖက်ထုပ်ပေါက်စလေးကို တွေ့လိုက်ရသည်။

သူ့မျက်လုံးများမှာ စိတ်လှုပ်ရှားမှုနှင့်အတူ နီရဲသွား၏။ သမီးချစ်သူတစ်ယောက်အနေဖြင့် ဇနီးဟောင်းထံမှ သူ့ရဲ့တစ်ဦးတည်းသောသမီးလေးအား မတွေ့စေရန် တားမြစ်ထားသည့်ဒုက္ခမှာလည်း သူ့အတွက် အလွန်နာကျင်ရသည်ပင်။ ရွယ်ကျင်းဟုန်တစ်ယောက် သူရဲ့ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ပဲ ကလေးမလေးအား အော်ခေါ်လိုက်လေသည်။

“အားယန်!”

ရွယ်ယန်က လှည့်ကြည့်လာပြီ သူ(မ)အဖေကို တွေ့လိုက်ရကာ ပြေးလာပြီး အဖေဖြစ်သူရဲ့ခြေထောက်ကို ဖက်ကာ

“ဖေဖေ!”

ရွယ်ကျင်းဟုန် သူ့သမီးလေးကို ကောက်ချီပြီး လင်မယားနှစ်ယောက်ထံ လျှောက်သွားလိုက်သည်။ သူက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စွာဖြင့်

“ကျေးဇူး အရမ်းကို တင်ပါတယ်ဗျာ”

ရှန်ရှုမှာ အနည်းငယ် ရှက်ရွံ့သွားပြီး

“မစ်စတာရွယ် ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး”

ရွယ်ကျင်းဟုန်က သူတို့ဘေးနားရှိ နောက်ထပ်ကလေးမလေးတစ်ယောက်ကို သတိထားမိလိုက်ပြီး ပြုံးကာ

“ဒါက ခင်ဗျားရဲ့အသည်းအသက်လေး ဖြစ်မယ်ထင်တယ်”

ရှန်ရှုက ရှန်နျန်ကို ရှေ့သို့ ခေါ်လိုက်ပြီး သူ ဘာမှမပြောရသေးခင် ရှန်နျန်က လက်ဦးစွာ အရင်နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ အန်ကယ် သမီးနာမည်က ရှန်နျန်ပါ”

ရွယ်ကျင်းဟုန် ပို၍ပျော်ရွှင်စွာပင် ပြုံးလာပြီး

“ကောင်းတယ် ကောင်းတယ် သူ(မ)ရဲ့စိတ်နေစိတ်ထားက အိမ်က အန့်နင်လေးနဲ့ တော်တော်တူတယ်”

ရွယ်ယန်က သူ့ရဲ့ကော်လာကို ဆွဲပြီး

“ဖေဖေ့ နျန်နျန်က အရမ်းကို တော်တာနော် သူက တောထဲမှာတောင် မကြောက်ဘူး အားယန့်ကိုလည်း အိမ်ပြန်ခေါ်လာပေးတယ်”

ရွယ်ကျင်းဟုန်က သူ(မ)ရဲ့နူးညံ့ညံ့ပါးပြင်လေးကို ချစ်မြတ်နိုးစွာ ညှစ်လိုက်ပြီး

“ဟုတ်တာပေါ့ ဟုတ်တာပေါ့ သမီးလေးတို့နှစ်ယောက်စလုံး အရမ်းကိုတော်တယ်”

မိဘများက တစ်ခဏကြာကြာစကားပြောခဲ့ကြပြီးနောက် ရွယ်ကျင်းဟုန်က ရွယ်ယန်ကို အိမ်ပြန်ခေါ်သွားတော့မည်ဖြစ်သည်။ ထိုအချိန်အတွင်း ရှန်လင်မယားအပေါ်ရှိ သူ့ရဲ့အမြင်မှာ ပို၍ပင် ကောင်းမွန်လာခဲ့သည်။ သူ မနေ့ညက စစ်ဆေးထားခဲ့သည့် သတင်းအချက်အလက်များကို ပြန်စဉ်းစားလိုက်ရင်း
“ရှန်မိသားစုရဲ့အရင်အစီအစဉ်က ပါတနာရှိသွားပြီလားမသိဘူး၊ မရှိသေးရင်တော့ ရွယ်မိသားစုက ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားပါတယ်”

ရှန်ရှု တစ်စက္ကန့်လောက် မှင်တက်မိသွားပြီးနောက် အလျင်အမြန်ဖြင့်

“မစ်စတာရွယ် ကျွန်တော်တို့မှာ ဒီလိုသဘောထားမျိုးမရှိပါဘူး”

ရွယ်ကျင်းဟုန်က ရယ်ကာ သူ့ကို ကြားဝင်ဖြတ်လိုက်ပြီး
“သိပါတယ်၊ ကျွန်တော်က ခင်ဗျားတို့အစီစဉ်က အရမ်းကောင်းတယ်လို့ တကယ်ထင်မိတာပါ၊ အားယန်ရဲ့ကိစ္စရှိမနေရင်တောင် ကျွန်တော် ခင်ဗျားရဲ့အစီအစဉ်ကို ရွေးချယ်ကောင်းရွေးချယ်နိုင်သေးတယ်”

ရှန်ရှု သဘာဝအတိုင်း သိသည်ပင်။ သူ့အစီအစဉ်က ထိုမျှခမ်းနားလွန်းနေခြင်းမဟုတ်သော်လည်း ဆက်တိုက်ငြင်းနေဖို့ရာက မသင့်လျော်ချေ။ သူ့မှာ ရွေးချယ်စရာမရှိလေတော့ဘဲ

“ဒါဆို ကျွန်တော်တို့ ပျော်ရွှင်စွာ ပူးပေါင်းနိုင်ဖို့ မျှော်လင့်ပါတယ်”

ရွယ်ယန်တစ်ယောက် သူတို့ရဲ့စကားများကို နားမလည်ချေ။ သူ(မ)က ယခုတွင် အနည်းငယ် အိပ်ငိုက်နေခြင်းဖြစ်၏။

သူ့ရဲ့သမီးလေး သူ့ကိုမှီကာ ခေါင်းငိုက်စိုက်ကျနေသည်ကို မြင်ပြီး ရွယ်ကျင်းဟုန် စကားများများ ပြော‌မနေတော့ချေ။ ရှန်ရှုက နှုတ်ဆက်ပြီးနောက် ကလေးအား အိမ်ပြန်ခေါ်သွားရန် ထွက်လာလိုက်သည်။

သူ မတ်တတ်ထရပ်လိုက်သည့်အချိန် ကလေးမလေးက ရုတ်တရက် နိုးလာပြီး ကြမ်းပေါ်မှ ပါပီပေါက်စလေးကို လက်ညှိုးထိုးကာ

“ထီကျစ်၊ ထီကျစ်ကို အိမ်ပြန်ခေါ်ရအုံးမယ် ဖေဖေ”

ရွယ်ကျင်းဟုန် သူ့သမီးလေး အိမ်မွေးတိရိစ္ဆာန်တစ်ကောင် မွေးထားသည့်အပေါ် ကန့်ကွက်စရာအကြောင်းမရှိချေ။ သူက ပါပီပေါက်စလေးကိုပါ ကောက်ချီပေးလိုက်သည်။

ရွယ်ယန်က ရှန်နျန်အား စကားပြောရန် ရုန်းကန်နေရပြီး

“နျန်နျန် နင် ဘယ်တော့မှ ငါတို့နဲ့လာကစားမှာလဲဟင်?”

ရွယ်ကျင်းဟုန်က သူ(မ)ကို ချော့မော့ကာ

“အားယန်က နျန်နျန်ကို အချိန်မရွေး ကစားဖို့ဖိတ်လို့ရတယ်”

ရှန်နျန် ရွယ်ယန့်ရဲ့နူးနူးညံ့လက်သေးသေးလေးကို တည်ငြိမ်စွာ ညှစ်လိုက်ပြီး သူ(မ)လက်ဖဝါးထဲသို့ မှတ်စုစာရွက်လေးတစ်ရွက်ကို ထည့်ပေးကာ

“အားယန် နင် ငါ့ကို ဖုန်းခေါ်လို့ရတယ်နော်”

ရွယ်ယန်မှာ သူ(မ)နှင့်ခွဲရန် အနည်းငယ်တုံ့ဆိုင်းနေသော်လည်း နာခံစွာဖြင့် ခေါင်းညိတ်ကာ

“အို့ခေ!”

ရွယ်ကျင်းဟုန် ပြုံးပြီး သူ(မ)ကို ဖက်ကာ

“အားယန်လေး အခု အိမ်ပြန်လို့ရပြီလား?”

ရွယ်ယန်က တက်ကြွစွာဖြင့်

“အိမ်ပြန်မယ်!”

ထို့နောက် အရပ်ရှည်ရှည်နှင့် ကြင်ကြင်နာနာရှိသော အမျိုးသားကြီးတစ်ယောက်က ဖက်ထုပ်‌လေးကို ချီထားပြီး ထိုဖက်ထုပ်လေးက ပိုသေးတဲ့ဖက်ထုပ်လေးကို ချီထားလျက်ဖြင့် အားလုံး၏အကြည့်များအောက်မှ လျှောက်ထွက်သွား၏။

ရွယ်ကျင်းဟုန်တစ်ယောက် ကားကို ခမ်းနားသည့်ဗီလာတစ်လုံးဆီသို့ မောင်းဝင်သွား၏။ ဗီလာထဲရှိ ကောင်မလေးတစ်ယောက်က တစ်ခုခုကို အာရုံရသွားပုံပေါ်ပြီး ဖိနပ် ဝတ်ရန်ပင် အချိန်မရှိလေတော့ဘဲ အပြင်သို့ ပြေးထွက်လာခဲ့သည်။

သူတို့ အိမ်ရောက်လာသည့်အချိန် ရွယ်ကျင်းဟုန်တစ်ယောက် သူ့ရဲ့သမီးလေးနှစ်ယောက် အချင်းချင်း အဆင်ပြေကြပါ့မလားကို စတင်စိုးရိမ်လာခဲ့သည်။

သူ ဖြေရှင်းချက်တစ်ခု မစဉ်းစားရသေးခင် အနည်းငယ် အေးစက်နေသော အသံတစ်ခုကို ကြားလိုက်ရသည်။

“ဖေဖေ....”

ကောင်မလေးက ဆယ်နှစ်အရွယ်လေးသာ ဖြစ်သည်။ သူ(မ)တွင် အေးစက်စက်နှင့် တသီးတခြားဖြစ်‌နေသည့်ပုံ ရှိသင့်သော်လည်း လက်ရှိတွင် သူ(မ)မျက်နှာပေါ်၌ ပူပန်သောကတို့သာ ရှိနေ၏။

ရွယ်ကျင်းဟုန် ရှင်းပြချင်ပါသော်လည်း မည်သို့ရှင်းပြရမည်မှန်း သူ မသိချေ။ သူ့လက်မောင်းထဲရှိ ကလေးမလေးက အိပ်ပျော်နေပြီး သူ(မ)ပါးပြင်လေးကို ဂရုတစိုက် ညှစ်လိုက်ကာ

“အားယန် အဖေတို့ အိမ်ရောက်ပြီလေ”

ရွယ်ယန် အနည်းငယ် လှုပ်လာပြီး မျက်လုံးများကို ဝေဝါးစွာ ဖွင့်လာသည်။

ယဲအန့်နင် ထပ်ပြီး မစောင့်နိုင်တော့ကာ ပြေးသွားလိုက်သည်။

ရွယ်ကျင်းဟုန်မှာ ရွေးချယ်မရှိလေတော့ဘဲ သူ(မ)ကို မိတ်ဆက်ပေးလိုက်၏။

“အန့်နင် ဒါက သမီးရဲ့ညီမလေး ရွယ်ယန်လို့ ခေါ်တယ်”

ယဲအန့်နင် အနည်းငယ် မူးဝေသွားရသည်။ အဖေက အရင်တုန်းကအတိုင်း ထပ်တူညီစွာ မိတ်ဆက်ပေးလာခဲ့ပြီး ထိုအချိန်က သူ(မ)မှာ ရွယ်ယန်ကို အငယ်မယားရဲ့သမီးဖြစ်သည်ဟု ထင်ခဲ့သဖြင့် သူ(မ)ကို သဘောမကျခဲ့ချေ။ သူ(မ)ကိုယ်တိုင်က ရွယ်ကျင်းဟုန်ရဲ့သမီးအရင်း ဟုတ်မနေခဲ့တာတောင်မှပင်။ နောက်ပိုင်း ထိုအထင်လွဲမှုကြီးကို ရှင်းလင်းပြီးနောက်တွင်တောင် ယဲအန့်နင်မှာ သူ(မ)ကို မမုန်းဖို့သာ တတ်နိုင်တော့သည်။

ဒါပေမယ့် ဒီတစ်ခါမှာတော့....

သူ(မ)က ပြုံးပြီး သူ(မ)အဖေရဲ့လက်မောင်းထဲမှ ကလေးမလေးကို ခေါ်လိုက်ကာ နူးညံ့စွာနှင့် သူ(မ)ရဲ့မျက်နှာလေးကို ညှစ်ပြီး

“အားယန် မမကို ကျဲကျယ်လို့ခေါ်”

ရွယ်ယန်မှာ အနည်းငယ် တွေဝေနေဆဲဖြစ်သော်လည်း လိမ္မာစွာဖြင့်
“ကျဲကျယ်”

သူ့သမီးလေးနှစ်ယောက် သင့်သင့်မြတ်မြတ်ရှိနေကြသည်ကို မြင်ကာမှပင် ရွယ်ကျင်းဟုန်မှာ သက်ပြင်းချနိုင်တော့သည်။

ရွယ်ယန်ကို ယဲအန့်နင်က တစ်ခဏ ချီထားပြီး ရုတ်တရက် သူ(မ)က ရွယ်ကျင်းဟုန်ကို မော့ကြည့်ကာ

“ဖေဖေ သမီးကိုကိုတွေရော?”

ရွယ်ကျင်းဟုန်က သမီးလေးနှစ်ယောက်၏ခေါင်းကို ကိုင်ကာ

“သမီးရဲ့ကိုကိုတွေက ကျောင်းမှာလေ၊ အားယန်က ကိုကိုတို့ကို လွမ်းလို့လား၊ ဒီလိုဆို ဖေဖေက ကိုကိုတို့ကို သွားကြိုဖို့ လူလွှတ်ပေးလိုက်ရမလား?”

ရွယ်ယန် သူ(မ)ရဲ့လက်ချောင်းလေးကို ကိုက်လိုက်သည်။ သူ(မ) သူ(မ)ရဲ့ကိုကိုတွေကို သတိရသော်လည်း သူတို့ကို ပြဿနာဖြစ်စေမှာ စိုးရိမ်မိသည်။

ရုတ်တရက် ယဲအန့်နင်က

“ဖေဖေ ရွယ်ယွိပြောတာ သူနဲ့ ရွယ်ကျစ် ဒီနေ့အိမ်ပြန်လာကြမယ်တဲ့”

ရွယ်ကျင်းဟုန် အနည်းငယ် အံ့အားသင့်သွားသည်။ သူ့ရဲ့သားနှစ်ယောက်က သူ နောက်အိမ်ထောင်ပြုပြီးကတည်းက အိမ်မကပ်ကြတော့ချေ။ သူတို့နဲ့ သူတို့အမေအရင်းရဲ့ ဆက်ဆံရေးက သိပ်အကောင်းကြီးမဟုတ်သော်လည်း သူတို့က မိထွေးဖြစ်သူအား လက်မခံချင်ကြဆဲပင်။

သို့သော် ယခုတွင် သူတို့က အန့်နင်နဲ့ အဆင်ပြေကြသည့်ပုံပင်။

အမှန်တကယ်တွင် ရွယ်ယွိက ယဲအန့်နင်ကို ဒီနေ့ အိမ်ပြန်လာဖြစ်မည်ဟု မပြောခဲ့ပေ။ ယဲအန့်နင်က သူတို့ရဲ့ယခင်ဘဝက ဒီလိုအချိန် သူတို့ ပြန်ရောက်လာခဲ့ကြသည်ဟု မှတ်မိသွားခြင်းပင်။

ရွယ်ယန်က ထိုအကြောင်း အများကြီး မတွေးနေချေ။ သူ(မ)က အလွန်ပျော်ရွှင်သွားပြီး ယဲအန့်နင်ရဲ့လည်ပင်းကို တောက်ပသော မျက်လုံးများဖြင့် ဖက်ကာ

“ကျဲကျယ် ကိုကိုတို့က တကယ် အိမ်ပြန်လာကြမှာလား?”

ယဲအန့်နင်မှာ သူ့ညီမလေးရှေ့တွင် အရင်လို တသီးတခြားနေတတ်သည့်ပုံ ရှိမနေတော့ဘဲ ညင်သာစွာနှင့်

“အင်း ဒါပေမယ့် နည်းနည်းနောက်ကျမှ၊ အားယန်က စိတ်မပူနဲ့တော့နော်”

ရွယ်ယန် ယဲအန့်နင်ကို အနမ်းကြီးကြီးပေးလိုက်ပြီး

“အို့ခေ!”

ယဲအန့်နင်နှလုံးသားမှာ အရည်ပျော်သွားရသည်။ သူ(မ)က ဖက်ထုပ်လေးကို ချီပြီး အိမ်ထဲသို့ ဝင်သွားလိုက်သည်။ သူ့သမီးလေးနှစ်ယောက်အနောက်မှလိုက်သည့် ရွယ်ကျင်းဟုန်မှာ မကျေမနပ်ဖြင့်

“အားယန် ဘာလို့ ဖေဖေ့ကိုကျ မွှေးမွှေးမပေးရတာလဲ?”

ရွယ်ယန် သူ(မ)အဖေကို ပြန်လှည့်ကြည့်ပြီး သူ့ကို စိတ်မကြည်သည့် မျက်နှာဖြင့်

“ဖေဖေ ဖေ‌ဖေက ကြီးနေပြီလေ ကလေးတွေပဲ မွှေးမွှေးလိုတာ”

ရွယ်ကျင်းဟုန်တစ်ယောက် ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။

ရုတ်တရက် အဖြူရောင်ကိုယ်ရိပ်လေးတစ်ခုက မြေပြင်ပေါ်သို့ ‘ခုန်ချ’ လာပြီး ယဲအန့်နင်အရှေ့တွင် ရပ်လိုက်သည်။

“အာဝု!”

ယဲအန့်နင် သူ(မ)ခြေရင်းရှိ မြေခွေးသားပေါက်လေးကို အလန့်တကြား ကြည့်လိုက်သော်လည်း ၎င်း၏အမုန်းတရားများပြည့်နေသည့်မျက်လုံးများကို မြင်ချိန်တွင် သူ(မ) အံ့အားသင့်သွားရသည်။

ရွယ်ယန်က သူ(မ)ကျဲကျယ်ရဲ့လက်မောင်းထဲမှ ရုန်းထွက်ပြီး ထီကျစ်ကို ကောက်ချီလိုက်သည်။ သူ(မ)က ယဲအန့်နင်ကို မသက်သာစွာ ကြည့်ပြီး

“ကျဲကျယ် ထီကျစ်က အရမ်းအရမ်းကို လိမ္မာတာပါ၊ သဘောမကျတာမျိုး မဖြစ်ပါနဲ့နော်”

ထိုနာမည်ကို ကြားသည့်အချိန် ယဲအန့်နင်မှာ မနေနိုင်အောင် သဲ့သဲ့လေး ပြုံးမိသွားသည်။

အစောပိုင်းက ထီကျစ်ရဲ့အပြုအမူနှင့် မျက်လုံးများကို ပြန်စဉ်းစားပြီး ၎င်းက သူ(မ)တို့ ယခင်ဘဝက ပထမဆုံးတွေ့သည့်အချိန်တုန်းကနှင့် အရှင်းအလင်းကြီးကို ကွာခြားနေ၏။ ယဲအန့်နင် ရဲတင်းသည့်ခန့်မှန်းချက်တစ်ခု ရှိနေ၏....

ထီကျစ် သူ(မ)အပေါ် ဘာကြောင့် ဒီလောက် ရန်လိုနေရသလဲကို သူ(မ) အကြမ်းဖျင်း နားလည်လိုက်သည်။ ယဲအန့်နင်ရဲ့မျက်လုံးများ တစ်ခဏ နက်မှောင်သွားသော်လည်း သူ(မ)က ညင်သာစွာ ပြုံးနေရင်းဖြင့်

“စိတ်မပူနဲ့နော် အားယန် မမက ထီကျစ်ကို တကယ် သဘောကျတယ်”

ရွယ်ကျင်းဟုန်မှာ ဤပါပီပေါက်စလေးက သူ(မ)အမေ ရွယ်ယန်ကို ပေးထားခဲ့သည်ဟု ထင်မှတ်ပြီး အလွန်စိတ်ပူမနေချေ။

ထီကျစ်တစ်ကောင်တည်းကသာ တော်တော်လေး စိတ်ဓာတ်ကျနေ၏။

အားယန် ဒီနေရာကနေ အမြန်ထွက်သွားပါတော့! ဒီနေရာမှာ နင့်ကို ဒဏ်ရာပေးချင်တဲ့လူတွေ နေရာတိုင်းမှာချည်းပဲ!



ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးTempat cerita menjadi hidup. Temukan sekarang