အပိုင်း (၇၃)
ချောင်းကျဲ လည်ချောင်းရှင်းလိုက်သည်။
"အဟမ့်၊ ငါတို့တွေ သွားပြီးတော့ ချီလင်းဟန်ကို ဝိုင်းမဖမ်းသင့်ဘူးလား၊ မဟုတ်ရင် နောင်ဆို အားယန်အရှေ့မှာ သူ့ကို ယှဉ်နိုင်ဖို့ဆိုတာ အခွင့်အရေးရှိတော့မှာမဟုတ်ဘူး"
ယဲအန့်နင် တင်းပုတ်ကိုင်ထားသော လက်ကို တဖြည်းဖြည်း တင်းကျပ်လိုက်သည်။
"အဓိပ္ပာယ်... ရှိတော့ရှိသား"
ဘယ်လိုပဲဖြစ်ဖြစ် ဒီယောက်ျားမှာက သူတို့ရဲ့ကလေးမလေးကို ပြန်ပေးဆွဲဖို့ အကြံအစည်တွေ ရှိနေတာလေ!
ထောင့်တွင် နေ,နေသည့် ထီကျစ်သည် ဤမြင်ကွင်းကို မြင်သည့်အချိန် ပေါ်တင် မျက်စောင်းလှမ်းထိုးလိုက်ပြီး တင့်တယ်သော ခြေလှမ်းများဖြင့် အပေါ်ထပ်သို့ တက်သွားလိုက်သည်။
ကလေးကုလားအရူးတစ်သိုက်!
ချီလင်းဟန်သည် မူလက ရွယ်ယန်ကို ရှာရန် ရည်ရွယ်ထားသော်လည်း သူ အပေါ်ထပ်သို့ ရောက်လျှင်ရောက်ချင်း ကလေးမလေးသည် ရှန်နျန်နှင့် ကော်ဇောပေါ်တွင် ထိုင်နေပြီး သူတို့အကြားတွင် သေတ္တာကြီးတစ်လုံးရှိနေသည်ကို တွေ့လိုက်ရသည်။
ရွယ်ယန်က သေတ္တာ၏အစွန်းပေါ် မှီထားပြီး ကြိုးစားပမ်းစား ရှာဖွေပြီးနောက်တွင် သေတ္တာလေးတစ်လုံးကို ရှာတွေ့သွား၏။
သူ(မ)က သေတ္တာဘူးလေးကို ကြမ်းတမ်းစွာ ဖွင့်လိုက်ပြီး ချောကလက်များကို လက်တစ်ဆုပ်စာ ဆုပ်ယူကာ ရှန်နျန်ကို ကမ်းပေးလိုက်သည်။
"နျန်နျန် စားဖို့"
ရှန်နျန်သည် သူ့အရှေ့ရှိ ကလေးမလေးကိုပင် အလွယ်တကူ အံဝင်ခွင်ကျဖြစ်စေနိုင်သည့် ကြီးမားသောသေတ္တာကို စိုက်ကြည့်ကာ မနေနိုင်အောင် အတွေးများသွားရသည်။။
"အားယန်၊ ဒီမုန့်တွေကို သိမ်းထားတာ ဘယ်လောက်တောင် ကြာနေပြီလဲ"
ရွယ်ယန်သည် အကောင်းစားမုန့်ဘူးများကို ထပ်နှိုက်ထုတ်လိုက်ပြီး တစ်ခုပြီးတစ်ခု ဖွင့်ရင်းဖြင့် ရေရွတ်လာ၏။
"ဟိုးအရင်ကတည်းကလေ! သေတ္တာ ပြည့်ကာနီးဆို မေမေက အားယန်ရဲ့မုန့်တွေအကုန် ရှာပြီး လွှင့်ပစ်လိုက်ရော!"
သူ(မ)မှာ နေရာများစွာတွင် ဖုံးဝှက်ထားသည့်တိုင် သူ(မ)အမေက အမြဲရှာတွေ့တတ်၏။ ဘယ်လောက်တောင်မှ စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းလိုက်သလဲ!
ရှန်နျန်သည် သဘောပေါက်စွာဖြင့် ခေါင်းညိတ်လာ၏။
"အန်တီလျို့က အားယန်ရဲ့မုန့်တွေကို လွှင့်ပစ်တုန်းက တစ်ခုခုမပြောခဲ့ဘူးလား၊ ဥပမာ ဒိတ်ကုန်သွားပြီလို့တို့ တခြားတစ်ခုခုတို့ပေါ့"
ကလေးမလေးသည် ခေါင်းရှုပ်စွာ မော့ကြည့်လာ၏။
"ဒိတ်ကုန်တယ်ဆိုတာ ဘာကြီးလဲ"
"မင်းတို့တွေ ဒီမှာနှစ်ယောက်တည်း ဘာကိုတိုးတိုးတိတ်တိတ်လုပ်နေကြတာလဲ"
ရွယ်ယန်သည် လန့်ဖျပ်သွားပြီး သေတ္တာကို ဖုံးထားရန် အလျင်အမြန် ရှေသို့ထွက်လာ၏။
"လင်းဟန်ကောကော၊ ဘာလို့ အပေါ်ကို တက်လာတာလဲ"
ယဲအန့်နင်၏ မကျေမချမ်းအသံတို့သည်လည်း ထွက်လာ၏။
"ကျယ်ကျဲတို့ရော တက်လာတာ"
သူ(မ)က အေးဆေးစွာ လျှောက်လာရင်း ဆိုလိုက်၏။
သူ မလွတ်နိုင်တော့ပြီကို သိသည်နှင့် ရွယ်ယန်တစ်ယောက် ယဲအန့်နင်ဆီသို့ ခုန်ဝင်လိုက်ပြီး ချွဲချွဲနွဲ့နွဲ့ပြုမူပြတော့သည်။
"ကျယ်ကျဲ~"
ယဲအန့်နင် သူ(မ)ကို ဂရုတစိုက် ထိန်းဖမ်းထားလိုက်ပြီး မပြောမဆိုဖြင့် ကလေးမလေး၏ပါးကို ဆွဲညှစ်လိုက်သည်။
"ဘာလို့ လျှောက်ပြေးနေတာလဲ၊ အနောက်က လှေကားတွေကို မတွေ့ဘူးလား၊ ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ"
ရွယ်ယွိက ဘေးတွင် မှီကာ ပျင်းရိစွာ ဆိုလာ၏။
"အားယန် ဘာမဟုတ်တာတွေ လုပ်ထားပြန်ပြီလဲ"
ရွယ်ယန်က အချက်အလက်ခိုင်မာစွာ ဆိုလာ၏။
"နျန်နျန်က မပျော်နေတာမလို့ အားယန်က ချောကလက်ကျွေးနေတာ!"
ယဲအန့်နင် ရှန်နျန်ကို လှမ်းကြည့်လိုက်ရာ တောက်ပစွာ ပြုံးနေသည့် သူ(မ)ကိုသာ တွေ့လိုက်ရသည်။
ဒါလား မပျော်တဲ့ပုံစံက?
ထို့ကြောင့် သူ(မ)သည် မုန့်ပုံးကြီးဆီ သွားကာ အာလူးကြော်ဘူးများကို ဆွဲယူလိုက်သည်။
"အားယန် ကျယ်ကျဲကလည်း မပျော်ဘူးဖြစ်နေတယ်၊ နေလို့ကောင်းသွားအောင် အာလူးကြော်စားပေးမှ ဖြစ်တော့မှာ!"
ရှန်နျန် သူ(မ)လက်ကို ဖိချလိုက်သည်။
"နင်ကျဲ စိတ်လျော့ပါအုံး"
ရွယ်ယန်သည် ခြေလှမ်းစိပ်စိပ်ဖြင့် ပြေးလာပြီး သဘောထားကြီးစွာဖြင့် သေတ္တာထဲမှ အာလူးကြော်များကို လက်တစ်ပွေ့အပြည့်ယူကာ ယဲအန့်နင်လက်ထဲကို ထည့်ပေးလေသည်။
"အကုန် ကျယ်ကျဲအတွက်ချည်းပဲ! အားယန် ကျယ်ကျဲကို ပျော်စေချင်တယ်!"
ယဲအန့်နင်တစ်ယောက် ဂုဏ်ဝင့်စွာ နှာမှုတ်လိုက်သည်။ ထို့နောက် သေတ္တာပတ်လည်တွင် သူ့ညီမလေးနှစ်ယောက်နှင့်အတူ ထိုင်ချလိုက်ပြီး အနောက်တွင်ပါလာသော ကောင်လေးများကို လုံးလုံး မေ့သွား၏။
ရှန်နျန် ယဲအန့်နင်လက်ထဲမှ အားလူကြော်များကို ယူလိုက်ပြီး တစ်ချက်ကြည့်ပြီးနောက် ပြန်ထိုးထည့်ပေးလိုက်သည်။
"ဒိတ်မကုန်သေးဘူး၊ စားလို့ရတယ်"
ထီကျစ်က အထက်တန်းလွှာအမျိုးသမီးကဲ့သို့ ကျက်သရေရှိစွာ လျှောက်လာပြီး ရွယ်ယန်၏ဘေးနားတွင် တည်ငြိမ်စွာဖြင့် လဲလျောင်းလိုက်သည်။
ကလေးမလေးသည် မနေနိုင်အောင် သူ(မ)၏သူငယ်ချင်းကောင်းလေးအား ပွေ့ဖက်လိုက်တော့သည်။
"ထီကျစ်!"
ချီလင်းဟန် တောက်ခေါက်လိုက်ပြီး ကလေးမလေးကို ဆွဲခေါ်ကာ ထီကျစ်နှင့် သူ(မ)ကြားတွင် ဝင်ထိုင်လိုက်သည်။
ရွယ်ယွိသည်လည်း ချက်ချင်း လိုက်လာပြီး သူ့ညီမလေး၏ တခြားတစ်ဖက်တွင် ဝင်ထိုင်လိုက်သည်။
အဖယ်ကြဉ်ခံထားရသော ထီကျစ်သည် သူ၏လက်ဖက်စိမ်းဗီဇကို မထိန်းချုပ်နိုင်တော့ချေ။ သူက သူ၏ဝံပုလွေမျက်လုံးများထဲမှ သနားချင့်စဖွယ် မျက်ရည်အချို့ကို ဖျစ်ညှစ်ထုတ်ကာ လူတိုင်း၏အကြည့်အောက်တွင် အကြိမ်အနည်းငယ် တအီအီအသံပြုလိုက်ပြီး သတိတကြီးနှင့် ခပ်ဝေးဝေးသို့ ရွှေ့သွားပေးလိုက်ပုံမှာ ပါးလွှားသော ရေခဲပြင်ပေါ် လမ်းလျှောက်နေရကာ မည်သူ့ကိုမျှ အပြစ်မပြုလိုဟန်ဖြင့်။
လူတိုင်း : "..."
ထီကျစ်၏ သရုပ်ဆောင်စွမ်းရည်သည် ပိရိမှုမရှိသည့်တိုင် ရှောင်ရွယ်ယန်သည်တော့ သူ့ဆီသို့ ချက်ချင်း အပြေးထသွားတော့သည်။
"ထီကျစ်! မငိုပါနဲ့! မငိုပါနဲ့ အားယန်က ထီကျစ်ကို အချစ်ဆုံးပဲ!"
ယခုလေးတွင်မှ အပေါ်ထပ်သို့ တက်လာသော လီယွမ်သည် အရာအားလုံးကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရပြီး အထိတ်တလန့်အမူအရာဖြင့် သူ့ဘေးရှိ ရွယ်ကျစ်၏အင်္ကျီစကို လှမ်းဆွဲလိုက်သည်။
"ရှောင်ကျစ်ကော ထီကျစ်ရဲ့သရုပ်ဆောင်ပုံက အရမ်း အတုအယောင်ဆန်လွန်းတယ်မလား"
ရွယ်ကျစ်မှာ ပြောစရာစကားဟူ၍ တစ်ခွန်းတစ်ပါဒမှ မရှိတော့သည့် အမူအရာဖြင့်။
"မင်းတောင် ပြောနိုင်တယ်ပေါ့လေ?"
ချောင်းကျဲသည်လည်း ကြေကွဲခံစားမိနေတော့သည်။
"ထီကျစ်အပေါ် အားယန်ရဲ့ဖစ်တာ(filter)က တော်တော်လေးထူတာပဲ"
ယဲအန့်နင်သည် တစ်ခဏ တုံ့ဆိုင်းပြီးနောက် ရှန်နျန်ကို ပုခုံးဖက်ကာ ဆိုလိုက်သည်။
"နင် ဘာလို့ မကြိုးစားကြည့်လိုက်တာလဲ၊ နင်သာဆို ထီကျစ်ထက်သာအောင် သရုပ်ဆောင်နိုင်လောက်မှာ"
ရှန်နျန်က ငြင်းဆန်လာ၏။
"နင့်ဘာသာ လုပ်ကြည့်ပါလား"
ရွယ်ယန်မှာ ထီကျစ်၏ပြဇာတ်ထဲတွင် စီးမျောနေဆဲဖြစ်ပြီး ကြံ့ခိုင်သန်စွမ်းသောထီကျစ်ကို တင်းကျပ်စွာ ဖက်ထားရင် ဝမ်းနည်းနေတော့သည်။
"ကိုကိုတို့က အကျင့်မကောင်းကြဘူး၊ အားယန်တို့ ကိုကိုတို့နဲ့ မကစားတော့ဘူး!"
ရွယ်ကျစ်က လက်မြှောက်လာ၏။
"နေပါအုံး အားယန်၊ ရွယ်ယွိကသာ အကျင့်မကောင်းတာ၊ ကိုကိုတို့ သူနဲ့မကစားတော့ဘူး"
ချောင်းကျဲကလည်း အခိုင်အမာ သဘောတူ၏။
"ဟုတ်တယ်၊ သူပဲ ထီကျစ်ကို အနိုင်ကျင့်ရတာ ကြိုက်တာ"
ရွယ်ယွိ : ".?."
နောက်ကွယ်မှာတော့ မင်းတို့ ဒီလိုမျိုးပြောကြတာ မဟုတ်ပါဘူး။
ယဲအန့်နင်သည် ရွယ်ယန်ဆီသို့ ပြေးသွားလိုက်သည်။
"အဟုတ်ပဲ၊ ကျယ်ကျဲတို့ သူနဲ့မကစားတော့ဘူး"
ဘာပဲဖြစ်နေဖြစ်နေ သူ(မ)ကတော့ ကလေးနဲ့ ရအောင်ကစားမှာ!
ရွယ်ယွိ သူ့မျက်ခုံးများကို ဖိလိုက်ပြီး နောက်ဆုံးတွင် ဒေါသတွေကို မျိုချရန်သာ ဆုံးဖြတ်လိုက်သည်။ သူသည် အဓိကတရားခံတစ်ယောက်ဖြစ်သည့် ချီလင်းဟန်ကိုပါ ထီကျစ်၏ အစာခြောက်များကို သွားယူရန်အတွက် ဆွဲထုတ်လာလိုက်သည်။
သူ အံကို ကြိတ်လိုက်ပြီး ထီကျစ်ကို ပြောလိုက်သည်။
"ထီကျစ် အမေက ငါတို့ကို ရန်မဖြစ်စေချင်ဘူးဆိုတာ သဘောပေါက်တယ်မလား!"
သူက "အမေ" ဆိုသည့်နေရာတွင် ဖိပြောလိုက်သည်က ထီကျစ်ကို ဘာပြဿနာမှ မရှာတော့ရန် သတိပေးခြိမ်းခြောက်လုနီးနီးပင်။
မည်သို့ဆိုစေ လျို့ဟွားက ထီကျစ်၏ဇက်ကြိုးကို ထိန်းထားနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်၍ ထီကျစ်သည် ထိုအသံကြားသည်နှင့် အမှန်တကယ်ကို ငြိမ်ကျသွား၏။
ပြန်လည်မွေးဖွားပြီးနောက် ဘဝက အရမ်းလွယ်ကူပြီး သက်သောင့်သက်သာဖြစ်အောင်လို့ ဘယ်သူက လုပ်ခဲ့တာလဲ?၊ ထီကျစ်မှာ မထိန်းချုပ်ထားနိုင်ဘဲ အမှုမဲ့အမှတ်မဲ့ဖြစ်စွာ သူ့ကိုယ်သူ စိတ်ရှိတိုင်း လွှတ်ထားလိုက်မိခြင်းပေ။
ရွယ်ယန်သည် ရုတ်ခြည်း ပြန်လည်သင့်မြတ်သွားကြသည့် သူတို့ကို ခေါင်းရှုပ်စွာ ကြည့်လိုက်သည်။
"ကိုကို...ထီကျစ်? ကိုကိုတို့ ပြန်တည့်သွားကြပြီလား"
သူ(မ) အလှည့်စားခံလိုက်ရသလို ဘာလို့ ခံစားနေရတာလဲ?
ချီလင်းဟန်က လည်ချောင်းရှင်းလိုက်သည်။
"အားယန်၊ ထီကျစ်က ဒီတိုင်း ကိုကိုတို့နဲ့ စနောက်နေရုံပါ၊ အဲ့လောက်ထိ မပြင်းထန်ပါဘူး"
မမျှော်လင့်ထားစွာဖြင့် ကလေးမလေးသည် ချီလင်းဟန်၏ပြောစကားကို ကြားလိုက်ရချိန်တွင် မပျော်မရွှင် ဖြစ်သွားတော့သည်။
"ထီကျစ် နင် သူများကို မလိမ်ရဘူးလေ! မဟုတ်ရင် အားယန် စိတ်ဆိုးမှာနော်!"
ထီကျစ်တစ်ယောက် ဒုက္ခရောက်သွားတော့သည်။
"ဝု~" သွားပြီ! သူ့ရှူးသူပြန်ပတ်ပြီ!
ကလေးမလေးသည် စိတ်ဆိုးစွာဖြင့် ချောင်ထဲသို့ တွားသွားလိုက်ပြီး လူတိုင်းကို ကျောပေးကာ သွားထိုင်နေတော့သည်။
ရွယ်ယွိ သူ့မေးကို ပွတ်လိုက်သည်။ အကယ်၍ ဤဒေါသထွက်နေသော ကလေးမလေးက သူ၏အဖိုးတန် ညီမလေးသာ မဟုတ်လျှင် ထီကျစ် ဒုက္ခရောက်နေသည်အား သူ ဝမ်းသာနေမိလိမ့်မည်ပင်။
ဒါပေမဲ့ အခုတော့...
"ထီကျစ်၊ မင်း အားယန်ကို စိတ်ဆိုးအောင် လုပ်လိုက်တာဆိုတော့ မင်းကိုယ်တိုင် သွားပြီ ချော့လိုက်!"
ရွယ်ယွိသည် ထီကျစ်၏ခေါင်းအား ညင်သာစွာ ပုတ်ပေးလိုက်သည်။
ထီကျစ်သည် စိတ်ဓာတ်ကျစွာဖြင့် ချောကလက်တစ်ဗူးကို ပါးစပ်ဖြင့် ကောက်ကိုင်လိုက်ပြီး ရွယ်ယန်ဆီသို့ သွားကာ ပွတ်သပ်လိုက်သည်။
ကလေးမလေးသည် သူ(မ)၏ သူငယ်ချင်းကောင်း ချဉ်းကပ်လာသည်ကို မြင်သည့်အခါ အဝတ်ရုပ်လေးကိုဖက်ပြီး တစ်ဖက်သို့ လှည့်လိုက်သည်။
"ဟန့်!"
ထီကျစ်တစ်ကောင် ယခုအခါတွင်တော့ အမှန်တကယ် သနားစရာကောင်းနေပြီဖြစ်ပြီး ကလေးမလေးထံ ဝမ်းနည်းစွာ ချဉ်းကပ်လိုက်ပြန်၏။
"ဝု~"
"..အင်း၊ ထီကျစ် နင် နောက်တစ်ခါ ဒီလိုထပ်လုပ်လို့မဖြစ်ဘူးနော်"
ကလေးမလေးသည် တစ်ခဏ ချီတုံချတုံဖြစ်နေပြီးနောက် လက်ကို ဆန့်ထုတ်ကာ ထီကျစ်၏ အမွေးကို ပွတ်သပ်ပေးလိုက်သည်။
သူ့မှာ ဤသို့ဖြစ်လာလိမ့်မည်ကို ခန့်မှန်းထားပြီးသည့်တိုင် ရွယ်ယွိတစ်ယောက် အမှန်တကယ် မြင်လိုက်ရချိန်မှာတော့ မနေနိုင်အောင် သက်ပြင်းချမိသွားဆဲပင်။
ထားလိုက်ပါတော့လေ၊ အနည်းဆုံးတော့ ထီကျစ်ကို ခွင့်မလွှတ်ခင် သုံးစက္ကန့်တောင် သူ တောင့်ခံခဲ့တာပဲ။
