အပိုင်း (၅၄)
ချောင်းကျဲမှာ အနည်းငယ် စိတ်ပူနေသည့်ပုံပင်။
“အန်တီ အားယန်ကို အပေါ်ကနှစ်ထည်လောက် ချွတ်ပေးလိုက်ရအောင်လေ၊ မဟုတ်ရင် ကလေးက မွန်းကျပ်နေလိမ့်မယ်”
လျို့ဟွား ကလေးအား ယခုလိုပုံစံ ဆင်ပေးရသည့် အဓိကအကြောင်းပြချက်မှာ ချစ်စရာကောင်းသည်ဟု ထင်တာကြောင့်ဖြစ်သော်လည်း ယခုချိန် ပြန်တွေးကြည့်သည့်အခါမှာတော့... သူ(မ)က ချောင်းအနည်းငယ် ဟန့်ကာ ဆိုလာ၏။
“အင်း ဒါဆို ဆွယ်တာတစ်ထည်လောက် ချွတ်ပေးလိုက်တာပေါ့ အားယန် လျှောက်မလှုပ်နဲ့ ဒီကိုလာ”
ရွယ်ယန်တစ်ယောက် သူ(မ)အား အင်္ကျီချွတ်ပေးတော့မည်ဟု ကြားလိုက်ရသည်နှင့် သူ(မ)အမေဆီ နာခံစွာဖြင့် ချက်ချင်း ပြေးသွားလိုက်ပြီး အလွန် လိုက်လိုက်လျောလျောဖြင့် လက်လေးနှစ်ဖက်ကို မြှောက်ပေးလာ၏။
သူ(မ)အရှေ့ရှိ ပေါက်စီလုံးလေးကို ကြည့်ပြီး လျို့ဟွားမှာ ထူးထူးခြားခြား အတွေးထဲ မျောသွားရသည်။
“... ကြည့်ရတာ တကယ်ပဲ အဝတ်အစားတွေ များသွားတဲ့ပုံပဲ”
ရွယ်ယန်က သူ(မ)လက်များကို ဝှေ့ယမ်းပြပြီး
“မေမေ့ ချွတ်ပေးပါအုံးလို့! အားယန် ပြေးလို့တောင် မရဘူး!”
လျို့ဟွားက ကလေးမလေး၏ ဦးထုပ်ကို ဖိချလိုက်သည်။
“အပြင်မှာ အခု အေးနေတာလေ၊ လျှောက်မပြေးရဘူး”
ရွယ်ယန်က နှုတ်ခမ်းစူထော်ပြီး သူ(မ)၏ပန်ဒါဦးထုပ်လေးအား ပုတ်ရန် ခက်ခဲစွာ ရုန်းကန်လိုက်ရသည်။ သူ(မ)က ယုတ္တိရှိရှိ ဆိုလာ၏။
“ဆောင်းရာသီက အရမ်းအေးတာပဲမလို့ ပြေးလိုက်ရင် ကိုယ်ကို နွေးစေတယ်လေ!”
လျို့ဟွားက ထေ့ငေါ့လိုက်သည်။
“အားယန်ပဲ ယုတ္တိရှိအောင် စဉ်းစားတတ်နေလိုက်၊ တစ်ကိုယ်လုံး ချွေးထွက်ပြီး မလှုပ်နိုင်ရင် အဲ့ဒါက ပိုပြီးတော့တောင် အေးလာအုံးမှာ”
ရွယ်ယန် စဉ်းစားကြည့်လိုက်ပြီး သူ(မ)အမေ မှန်သည်ကို နားလည်သွားသဖြင့် နာခံစွာ သူ(မ)အမေအား သူ(မ)ကို စိတ်ကြိုက်ပေးလုပ်ထားစေလိုက်ပြီး သူ(မ)၏ ရှုပ်ထွေးသော လော့ဂျစ်ကြီးအား မှန်ကန်ကြောင်း ကြိုးစားမနေတော့ပေ။
ဆွယ်တာနှစ်ထည်အား ချွတ်ပြီးနောက်တွင် ရွယ်ယန်တစ်ယောက် ချွေးများ ရွှဲနေ၏။ ကလေးမလေးက သူ(မ)အမေ၏ ဆံပင်ကို ကစားရင်း မမေးဘဲ မနေနိုင်တော့ချေ။
“မေမေ ဘယ်အချိန်မှ နှင်းကျမှာလဲ”
လျို့ဟွားက သူ(မ)၏ အဝတ်အစားများကို သေသပ်စွာ ပြန်ပြင်ပေးပြီး ဦးထုပ်ကို သပ်ရပ်အောင် ဝတ်ပေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
ရွယ်ယန်က လက်အိတ်ကို သူ(မ)ဘာသာ ပြန်ဝတ်ရင်း မပွင့်တပွင့် ရေရွတ်လာ၏။
“သူများနေရာတွေမှာ နှင်းကျနေတာ အားယန် တီဗီပေါ်မှာ တွေ့လိုက်တယ်၊ အားယန်လည်း ကိုကို၊ မမတို့နဲ့ နှင်းဘောလုံးပစ်တမ်း ဆော့ချင်လို့”
လျို့ဟွားက မတ်တတ်ရပ်လိုက်ပြီး သူ(မ)သားများနှင့် သမီးဖြစ်သူ၏ အရပ်များကို ယှဉ်ကြည့်ကာ အငယ်လေးအား သရော်လိုက်သည်။
“နှင်းဘောလုံးတိုက်ပွဲကို ဆော့ချင်တယ်? သမီးသာ သွားဆော့ရင် သမီးချည်းပဲ အပစ်ခံလာရမှာ”
ရွယ်ယန်မှာ အထင်သေးခံလိုက်ရသလို ခံစားလိုက်ရပြီး အလွန် မပျော်မရွှင်ဖြစ်လာ၏။
“မေမေ အားယန်က အရမ်းအရမ်း မိုက်တာပါဆို!”
လျို့ဟွားသည်တော့ မျက်နှာသာလေးပင် မပေးပါချေ။
“အို့ ဟုတ်လား၊ မေမေကတော့ မယုံပါဘူး”
ရွယ်ယန် : “ဟွန့်!"
မေမေအကျင့်ပုတ်!
ရွယ်ယွိက သတိပေးလိုက်သည်။
“အမေ ကျွန်တော်တို့ အခုနေ မသွားရင် ကျောင်းနောက်ကျတော့မယ်”
ထိုအခါမှ လျို့ဟွားမှာ မှတ်မိသွားဟန်ဖြင့်။
“အို့ ဟုတ်သား၊ အဲ့ဒါ ဒီအသေးလေး အမေးမြန်းထူနေတာကြောင့်ပဲပေါ့!”
ရွယ်ယန် : “???"
အသေးလေးတွင် အမေးသင်္ကေတများစွာဖြင့်!
သူ(မ)၏အမှားကို ဖုံးကွယ်ရန် လျို့ဟွားတစ်ယောက် ကလေးများအား အလျင်အမြန် ကျောင်းပို့ပေးလိုက်သည်။
ရှောင်ရွယ်ယန်တစ်ယောက် မနက်ခင်းပိုင်းတွင် နှင်းများကို ကြည့်ချင်သည်ဟု ပြောခဲ့ပြီး အမှန်တကယ်ပဲ နေ့လယ်ခင်းတွင် နှင်းများ ကျလာခဲ့သည်။
ရွယ်ကျစ်နှင့် ချောင်းကျဲတို့ သူ(မ)အား ကျောင်းမှ သွားကြိုကြချိန်တွင် မြေပြင်မှာ ထူထဲသော နှင်းလွှာများ ဖုံးလွှမ်းလျက်သားဖြင့်။
ရွယ်ယန်က မူကြိုကလေးများကြားတွင် ဆောင့်ကြောင့်ထိုင်နေပြီး လက်အိတ်ဝတ်ထားသော လက်သေးသေးလေးများဖြင့် နှင်းဘောလုံးများပြုလုပ်ရန် ရုန်းကန်နေ၏။
လောင်ရှစ်လီက ပြုံးပြီး ရွယ်ယန်၏ ဦးထုပ်မှ နားရွက်လေးအား ညှစ်လိုက်သည်။
“အားယန် သမီးကိုကို သမီးကို လာကြိုတယ်”
ကလေးမလေးက ခေါင်းရှုပ်စွာ မော့ကြည့်လိုက်ပြီး ဆရာမ၏ အကြည့်အတိုင်း လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ(မ)က အံ့အားတသင့် လှမ်းအော်လိုက်တော့သည်။
“ကောကော!”
ရွယ်ကျစ်က လျှောက်သွားကာ ကလေးမလေးအား ဆရာမ၏လက်ထဲမှ လှမ်းယူလိုက်သည်။
“အားယန် အေးနေပြီလား”
ရွယ်ယန်က ဆရာမအား ဦးစွာ နှုတ်ဆက်လိုက်ပြီးမှ သူ(မ)၏ နှင်းများပေနေသော လက်အိတ်ဖြင့် အကိုဖြစ်သူ၏မျက်နှာအား ကျီစယ်စွာ ထိလိုက်သည်။
“ကိုကို အေးလား!”
ရွယ်ကျစ်မှာ ပင့်သက်ရှိုက်မိလုနီးနီးပင်။ သူက အပြစ်ပေးရန် ကလေးမလေး၏ မျက်နှာကို ဆွဲညှစ်လိုက်သည်။
“လူဆိုးမလေး အားယန်!”
ရွယ်ယန်တစ်ယောက် မျက်နှာအညှစ်ခံထားရသည်တောင် ရွှင်မြူးစွာ ရယ်နေဆဲပင်။
“ကိုကို အိမ်ပြန်ရောက်ရင် နှင်းဘောလုံးပစ်တမ်း ဆော့ကြမယ်!”
တံခါးဂိတ်တွင် သူတို့အား စောင့်နေသည့် ချောင်းကျဲမှာ ကလေးမလေးပြောသည့်အသံကို ကြားလိုက်ရသည်။ သူက မနေနိုင်စွာဖြင့် ရွယ်ယန်၏စိတ်ကူးယဉ်အတွေးလေးအား ချိုးဖျက်လိုက်သည်။
“အန်တီက ခဏနေကျရင် အားယန်ကို သေချာပေါက် အဝတ်တွေ ထပ်ဝတ်ပေးအုံးမှာ၊ အဲ့ဒီအခါကျရင် အားယန် လက်တောင် မြှောက်နိုင်တော့မှာ မဟုတ်ဘူး၊ ဘယ်လိုလုပ်ပြီး နှင်းဘောလုံးတိုက်ပွဲကို ဆော့လို့ရပါတော့မလဲ”
မြေပြင်ထက်ရှိ နှင်းများက ထူလွန်းသောကြောင့် ကလေးမလေး၏ ကိုယ်တစ်ဝက်ကို မြုပ်လုနီးနီးပင်။ ထို့ကြောင့် ရွယ်ယန်အား သူ့အကိုများက လမ်းတစ်လျှောက်လုံး ချီခေါ်သွား၏။
အချီခံထားရသည့် ကလေးမလေးက နှုတ်ခမ်းစူကာ အလေးအနက် စဉ်းစားနေ၏။
“ဒါဆို အိမ်ပြန်ရောက်တဲ့အခါကျရင် အားယန် ပုန်းနေလိုက်မယ်”
ရွယ်ကျစ်က သာမန်ကာလျှံကာ ခွန်းတုံ့ပြန်လာ၏။
“အဝတ်ဗီဒိုထဲမှာ ထပ်ပုန်းအုံးမလို့လား”
ချောင်းကျဲသည်လည်း ကလေးမလေးကို ထေ့ပြောလိုက်သည်။
“အားယန်က အမြဲတမ်း ဗီဒိုထဲမှာ ပုန်းနေတာ၊ ရှာမကြည့်ဘဲနဲ့တောင် ကိုကိုတို့က အားယန် ဘယ်မှာလဲဆိုတာ သိတယ်”
ရွယ်ယန် : “... ဘယ်သူပြောလဲ!”
မောင်နှမသုံးယောက်က အိမ်ပြန်လမ်းတစ်လျှောက်လုံး စကားများလာခဲ့ကြသည့်တိုင် စိတ်ထဲတွင် ရွှင်မြူးနေကြသည်။
သို့သော် ရွယ်ယန်တစ်ယောက် အိမ်တံခါး ဝင်လျှင်ဝင်ချင်း လျို့ဟွား၏ ဆွဲဖမ်းခြင်းကို ခံလိုက်ရတော့သည်။
“အားယန် အပြင်မှာ နှင်းတွေ ကျနေတယ် မြန်မြန်လာပြီး အင်္ကျီတွေ ထပ်ဝတ်ထား”
လျို့ဟွားက သူ(မ) မနက်ကချွတ်ထားခဲ့သည့် ဆွယ်တာကို ကိုင်ကာ သူ(မ)အား လှမ်းခေါ်လေသည်။
ရွယ်ယန်က သူ(မ)အကိုများ၏နောက်သို့ ဝင်ပုန်းပြီး သဘောမတူသည့်အကြောင်း ပြသ၏။
“အားယန် နှင်းဘောလုံးတိုက်ပွဲ သွားဆော့မလို့ အင်္ကျီတွေ ထမ်မဝတ်တော့ဘူး!”
လျို့ဟွားက သရော်လိုက်သည်။
“အဝတ်မဝတ်ရင် အပြင်လည်း မထွက်ရဘူးပဲ! ပြီးတော့ နှင်းဘောလုံးတိုက်ပွဲဆိုတာလည်း မရှိရဘူး!”
သူ(မ) အမှန်တကယ် မပုန်းရှောင်နိုင်တော့သည်ကို သိလျှင် ရွယ်ယန်မှာ ချီတုံချတုံဖြင့် ထွက်လာ၏။
“မေမေ၊ တစ်ထည်ပဲ ဝတ်မယ်လေနော်”
လျို့ဟွားက ကလေးမအား ခြေဆုံးခေါင်းဆုံး စစ်ကြည့်ပြီး သူ(မ)၏မျက်နှာကိုပါ ပွတ်သပ်ကြည့်လိုက်သေး၏။ ရွယ်ယန် အမှန်တကယ် အေးမနေသည်ကို သေချာပြီးကာမှ သူ(မ)က သဘောတူလိုက်၏။
“ကောင်းပြီလေ တစ်ထည်ပဲ”
ဆွယ်တာနောက်တစ်ထည် အဝတ်ခံလိုက်ရသည့် ဘောလုံးလေးမှာ ပိုလို့ပင် လုံးဝိုင်းသွား၏။
ချောင်းကျဲမှာ ရယ်ချင်စိတ်ကို ထိန်းချုပ်ရင်း
“သွားစို့လေ တခြားသူတွေကိုလည်း တူတူဆော့ဖို့ သွားခေါ်ရအောင်”
ရွယ်ယန်မှာ သူ(မ)၏လိမ်ဖယ်သွားသော ဦးထုပ်ကို ခက်ခက်ခဲခဲ ပြန်ပြင်လိုက်သည်။
“ကိုကို၊ အားယန် ထီကျစ်ကို ခေါ်လိုက်မယ်!”
ရွယ်ကျစ်က သူ(မ)ကို ဆွဲထားလိုက်ပြီး
“ငါ အားယန်နဲ့ သွားလိုက်မယ်၊ ချောင်းကျဲ မင်း ကလေးအမတွေနဲ့ တခြားသူတွေကို ခေါ်လိုက်”
ပြီးခဲ့သည့်အခေါက်က လျို့ဟွား သူတို့အား ဖုန်းမဝယ်ပေးဘူးဟု ပြောခဲ့သော်ငြား နောက်ဆုံးမှာတော့ တစ်ယောက်ယောက်အား သူတို့ထံ လာပို့ပေးခိုင်းခဲ့သည်။
သူတို့ကို ပေးသည့်အချိန်က သူတို့အား ဖယ်ကြဉ်ထားသည်ဟု မခံစားစေချင်သည့် အကြောင်း ပြောလာသည့် သူ(မ)၏ပုံစံက အတော်လေး ကသိကအောက်ဖြစ်နေ၏။
ထိုအကြောင်း ပြန်တွေးရင်း ရွယ်ကျစ်မှာ မနေနိုင်အောင် ရယ်မိတော့သည်။
ရွယ်ယန်က နာခံစွာဖြင့် သူ(မ)အကို နောက်သို့ လိုက်သွားလိုက်ပြီး သူတို့ အနောက်ဥယျာဉ်သို့ ရောက်သည့်အချိန်တွင် ကလေးမလေးမှာ မနေနိုင်အောင် ရွှင်မြူးတက်ကြွလာ၏။
“ဝိုး! ကိုကို့! ဒီမှာ အရမ်းလှနေရောပဲ!”
ခြံတစ်ခုလုံးရှိ နှင်းချပ်များမှာ မတို့မထိလျက်သားဖြင့် ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။
ရွယ်ကျစ်က ရယ်ကာ ဆိုလာ၏။
“မေမေက ကိုကိုတို့ ကစားဖို့အတွက် သေချာထား,ထားပေးတာဖြစ်မယ်”
မဟုတ်ပါက လျို့ဟွား၏ စိတ်ဖြင့်သာဆိုလျှင် သူ(မ)သည် နှင်းများအား ဂေါ်ဖြင့် ကော်ထုတ်နေပြီးလောက်မည်ပင်။
ရှောင်ရွယ်ယန်က ခေါင်းတသွင်သွင် ညိတ်ပြလာ၏။
“ဟုတ်တယ် ဟုတ်တယ်”
ဤနှင်းများ မပျက်စီးသေးသောကြောင့် ရွယ်ယန်နှင့် ရွယ်ကျစ်တို့သည် လူတိုင်းအား အိမ်နောက်ဖေးကို ဦးစွာမြင်စေချင်သဖြင့် ဆော့ကစားရန် အလျင်စလိုမဖြစ်နေကြပေ။
ရွယ်ယွိက ဦးစွာ အောက်ထပ်သို့ ဆင်းလာပြီး သူ့ညီမလေးအား မြင်လျှင်မြင်ချင်း တစ်ခဏ မှင်သက်သွား၏။
“အားယန်၊ မေမေက အားယန်ကို အဝတ်ထပ်ဝတ်ပေးလိုက်သေးတာလား၊ ဘာလို့ ဒီလောက်တောင် လုံးနေရတာလဲ”
ကလေးမလေးက ခေါင်းရှုပ်စွာဖြင့် တွေးကြည့်ပြီးနောက် သူ(မ)၏ဗိုက်လေးအား ပုတ်ကြည့်လိုက်သည်။ သူ(မ)က ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားကာ မပျော််မရွှင်ဖြစ်စွာဖြင့် ပါးများကို ဖောင်းထုတ်လိုက်သည်။
“အားယန် မဝဘူး!”
ရွယ်ယွိက ပြုံးချင်သည့်စိတ်ကို ပြန်ထိန်းချုပ်ထားရင်း
“ဟုတ်ပါတယ် အားယန်က မဝပါဘူး” ဆင်ရုံလောက်ပဲ!
ရွယ်ယန်က ထီကျစ်ကို ပွေ့ရန် ဒေါသတကြီး ဆောင့်ကြောင့်ထိုင်ချလိုက်သော်လည်း ဒူးထောက်လိုက်သည့်အချိန် အဝတ်ထူထူများကြောင့် လဲကျသွား၏။
ကံကောင်းထောက်မစွာ ကြမ်းခင်းမှာ ကော်ဇောထူထူများဖြင့် ခင်းထားပြီး ကလေးမလေးက အမွေးထူထူ ဦးထုပ်ဆောင်းထားသည်ကြောင့် ပြုတ်ကျသွားသည်က လုံးဝ မနာလိုက်ချေ။
ရုတ်တရက် ဖြစ်သွားခြင်းကြောင့်လည်း ရွယ်ယွိနှင့် ရွယ်ကျစ်မှာ တစ်ခဏ မတုံ့ပြန်နိုင် ဖြစ်သွား၏။
သို့သော် အသိဝင်လာချိန်မှာတော့ ထိုအားကိုးယုံကြည်လို့မရသည့် အကိုဖြစ်သူများက မနေနိုင်အောင် အော်ရယ်ကြ၏။
ဖက်ထုပ်သေးသေးလေးနှင့်တူသည့် လုံးဝိုင်းနေသော ကလေးမလေးမှာ ပြုတ်ကျသွားပြီး အဝတ်အစား အများကြီး ဝတ်ထားသောကြောင့် ပြန်မထနိုင်ဘဲ အစ်ကိုများ၏ မညှာမတာ လှောင်ပြောင်မှုအောက်တွင် ခံစားနေရရှာသည်။
ဒါ ဘယ်လို ကံဆိုးမှုမျိုးပါလိမ့်! အဟင့် ဟင့် ဟင့်!
ရွယ်ယွိမှာ နောက်ဆုံးတွင် ရယ်ချင်စိတ်ကို ထိန်းချုပ်ပြီး အသေးလေးအား ကောက်မပေးလိုက်သည်။
ကလေးမလေးမှာ ကြေကွဲဝမ်းနည်းနေ၏။
“ကိုကိုတို့က စိတ်ပုတ်တာပဲ၊ မရယ်နဲ့တော့ဆို!”
