အပိုင်း (၆၅)
အသုံးမကျသော ဖရဲစားနေသည့် သုံးယောက်သားသည် ကြက်သေ,သေရင်းဖြင့်၊ အမူအရာတို့သည်မှာလည်း သူတို့ အများကြီး သင်ယူလိုက်ရတယ်ဆိုတာပဲ!
ထိုကဲ့သို့ ပြတ်ပြတ်သားသား ဆန့်ကျင်ဘက် ကွာခြားမှုကြီးက လျို့ဟွားအား ထိုကြွက်စုတ်သုံးကောင်ကို ရုတ်တရက် အထင်သေးသွားစေ၏။
“မင်းတို့ သုံးယောက်၊ မင်းတို့တွေ မင်းတို့ညီမလေးရဲ့တစ်ဝက်စာလောက် သိတတ်ရင်ပဲ တော်တော်ကောင်းနေပြီ!”
အရေထူသည့် ရွယ်ယွိက ရိုးသားသည့်ဟန်ဖြင့်။
“အမေ အားယန် အရမ်းတော်တာ ကျွန်တော်တို့က သူ့အကိုတွေ အနေနဲ့ ဂုဏ်ယူရတာပေါ့!”
ရွယ်ကျစ်နှင့် ချောင်းကျဲမှာ ရွယ်ယွိ၏ အရှက်ကင်းမဲ့မှုကြီးကြောင့် အံ့အားသင့်သွားရသော်လည်း အသိဝင်လာပြီးနောက်မှာတော့ ရွယ်ယွိ၏ စကားအတိုင်း သံယောင်လိုက်ကြတော့သည်။
ဤအဖြစ်ကို လျို့ဟွားမှာ မမျှော်လင့်ထားသည့်အတွက် တစ်ခဏ ပြောစရာစကားမဲ့သွားရပြီး မနေနိုင်အောင် ရယ်မိတော့သည်။
ဒါ အရမ်းကောင်းတယ်! စည်းခွဲထားကြတာ...
နောက်တစ်နေ့ မနက်စောစောတွင် ကလေးမလေးက စောင်ထဲတွင် ဘောလုံးလေးတစ်လုံးကဲ့သို့ ကွေးနေပြီး မျက်နှာသေးသေးလေးအား မော့ကာ နှစ်ခြိုက်စွာ အိပ်နေ၏။
ထီကျစ်သည်လည်း ကုတင်အောက် ကော်ဇာပေါ်တွင် အိပ်ပျော်နေ၏။
လျို့ဟွားက အပြင်ဘက်မှနေ၍ တံခါးခေါက်လိုက်ပြီး သူ(မ)အား အထဲဝင်ရန် တံခါးဖွင့်လာပေးသည့်သူမှာ ထီကျစ် ဖြစ်နေဆဲပင်။
သူ(မ)အနေဖြင့် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီးသည့်တိုင် လျို့ဟွားမှာ ကလေးမလေး၏ မဆင်မခြင် အိပ်နေသည့်ပုံစံကြောင့် ထိတ်လန့်သွားရသေးသည်ပင်။
သူ(မ)က ကလေးမလေးကို တိုက်ရိုက် လှုပ်နှိုးလိုက်သည်။
“အားယန် ထတော့၊ ဒီနေ့ ဖိုးဖိုးနဲ့ ဖွားဖွားတို့အိမ်ကို ဖေဖေနဲ့ တူတူသွားမှာ မဟုတ်ဘူးလား”
ကလေးမလေးမှာ အပြည့်အဝမနိုးသေးပြီး ဝိုးတိုးဝါးတားဖြင့် လက်လေးများကို ဆန့်ထုတ်ပေးလာ၏။
“မေမေ ဖက်...”
လျို့ဟွားမှာ အနည်းငယ် ကူကယ်ရာမဲ့စွာဖြင့် ကလေးငယ်အား စောင်ထဲမှ ထုတ်လိုက်ပြီးနောက် အဝတ်အစားများကို လျင်မြန်စွာ လဲဝတ်ပေးလိုက်သည်။
အချိန်အတန်ကြာသည်အထိ အညှဉ်းပန်းခံရပြီးနောက် ရွယ်ယန်တစ်ယောက် နောက်ဆုံးတွင် အနည်းငယ် နိုးနိုးကြားကြား ဖြစ်လာ၏။ ကလေးမလေးက မျက်လုံးများကို ပွတ်ပြီး သူ(မ)အမေအား မှီလှဲထား၏။
“မေမေ အားယန် ဒီနေ့ ပန်ဒါလေးကို ဝတ်ချင်တယ်!”
လျို့ဟွားတစ်ယောက် သဘောတွေ့စွာ သူ(မ)ကို ချီလိုက်သည်။
“ဘာလို့လဲ၊ အားယန်ပဲ အကောင်ဝတ်စုံလေးတွေ ဝတ်ရတာ မကြိုက်ဘူးမဟုတ်လား”
ကလေးမလေးက ပြုံးဖြဲဖြဲလုပ်လာ၏။
“နျန်နျန်ပြောတယ် အားယန်က အကောင်ဝတ်စုံလေးတွေနဲ့ဆိုရင် နှစ်ဆချစ်ဖို့ကောင်းတယ်တဲ့! ဖိုးဖိုးနဲ့ ဖွားဖွားကို အားယန်က ကမ္ဘာပေါ်မှာ ချစ်ဖို့အကောင်းဆုံးလို့ ထင်စေချင်လို့!”
လျို့ဟွား သူ(မ)မေးကို ပွတ်လိုက်သည်။
“အသေးလေး၊ ဘာဖြစ်လို့ မေမေ သမီးကလေးက တဖြည်းဖြည်းနဲ့ လူလည်လေး ဖြစ်လာပြီလို့ ခံစားနေရတာလဲ”
ရွယ်ယန်မှာ အနည်းငယ် ခေါင်းရှုပ်သွားရသည်။
“မေမေ လူလည်လေးက ဘာကြီးလဲ”
လျို့ဟွားက ပန်ဒါဝတ်စုံလေးကို ထုတ်ပေးလာပြီး ကလေးမလေးအား အင်္ကျီလဲပေးစဉ် စိတ်မပါတပါဖြင့် ရှင်းပြလိုက်သည်။
“လူလည်လေးဆိုတာ အရူးလေးပဲလေ”
ရွယ်ယန်တစ်ယောက် နှုတ်ခမ်း စူထော်လာတော့သည်။
“ဒါဆို အားယန်က သေချာပေါက် လူလည်လေး မဟုတ်ဘူးပေါ့!”
လျို့ဟွားမှာ သူ(မ)ကြောင့် သဘောတွေ့နေရတော့သည်။
“ဒါပေါ့ ဒါပေါ့ အားယန်က လူလည်လေး မဟုတ်ဘူး!”
သူ(မ)က အရူးလေး!
ရှောင်ရွယ်ယန်ခမျာ သူ(မ)လေး အလှည့်စားခံလိုက်ရသည်ကို နားမလည်လိုက်ပေ။ သူ(မ)က နာခံစွာဖြင့် အမွေးပွဦးထုပ်လေးကို ဆောင်းပြီးနောက် ဦးထုပ်ပေါ်ရှိ နားရွက်လေးနှစ်ဖက်ကို သူ(မ)၏ လက်ဖဝါးလေးဖြင့် ကိုင်ကြည့်လိုက်သည်။
“မေမေ အားယန် ချစ်ဖို့ကောင်းရဲ့လား”
ကလေးငယ်က ပန်ဒါဝတ်စုံကို ၀တ်ဆင်ထားပြီး သူ(မ)၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးကိုသာ ထုတ်ဖော်ထား၏။ ခြေတိုတိုလေးများက လေထဲ တွဲလဲခိုနေပြီး လက်သေးသေးလေးများက ဦးထုပ်ပေါ်ရှိ နားရွက်လေးများကို ကိုင်ထား၏။
လျို့ဟွား၏နှလုံးသားမှာလည်း ဤကလေးငယ်ကြောင့် အရည်ပျော်ပြီးရင်း ပျော်ရတော့သည်။
“ချစ်ဖို့ကောင်းတယ် ချစ်ဖို့ကောင်းတယ်၊ မေမေ့ကလေးလေးက ချစ်ဖို့အကောင်းဆုံးပဲ!”
အတည်ပြုမှုကို လက်ခံရရှိပြီးနောက်တွင် ကလေးမလေးသည် လွန်စွာ ကြည်နူးသွားပြီး သူ(မ)အမေ၏မျက်နှာကို အုပ်ကိုင်ကာ အနမ်းကြီးကြီးချွေလိုက်သည်။
လျို့ဟွားတစ်ယောက် သူ(မ)မျက်နှာထက်မှ ကလေးငယ်၏ သွားရည်များကို ပြန်သုတ်ရင်း ပြုံးလိုက်သည်။
“ညစ်ပတ်အိုးလေး အားယန်၊ မေမေ့ကို နမ်းတာ သွားလည်း မတိုက်ရသေးဘဲနဲ့”
ရွယ်ယန်တစ်ယောက် ကုတင်ပေါ်မှ သုတ်သီးသုတ်ပျာ ပြေးဆင်းတော့သည်။
“အားယန် အခု သွား,သွားတိုက်လိုက်အုံးမယ်!”
ကလေးမလေးသည် ကသုတ်ကရက် ပြင်ဆင်ပြီးသည်နှင့် အောက်ထပ်သို့ နှေးကွေးစွာ ဆင်းသွားလိုက်သည်။
ထီကျစ်က အိပ်ခန်းတံခါးတွင် သူ(မ)ကို စောင့်နေဆဲဖြစ်ပြီး သူ(မ)ထွက်လာချိန်တွင် အနောက်မှ လိုက်လေသည်။
ရွယ်ယန်နှင့် ထီကျစ်က ယှဉ်လျက်လျှောက်နေပြီး ကလေးမလေးက အသံတိုးတိုးဖြင့် ရေရွတ်လာ၏။
“ထီကျစ်၊ ဖိုးဖိုးနဲ့ဖွားဖွားက ကောင်းကြပါ့မလား မသိဘူးနော်၊ ဒါပေမယ့် ငါထင်တာတော့ သူတို့က သေချာပေါက် အရမ်းကောင်းကြမှာ!”
ထီကျစ်က သဘောတူစွာ နှစ်ကြိမ်ဟောင်လိုက်သည်။ ယခင်ဘဝတုန်းက ရွယ်ယန်သည် အကြီးအကဲနှစ်ဦးနှင့်တွေ့ဆုံစဉ်က သူ့ကို မခေါ်သွားခဲ့သော်လည်း အဖိုးနှင့်အဖွားက သူ(မ)အပေါ် မည်မျှကောင်းမွန်ကြောင်း ပြောသည်ကို တစ်ကြိမ်ထက်မက သူကြားခဲ့ရသည်။
သို့သော်လည်း ထီကျစ်သည် အဖိုးအဖွားများအပေါ် မျှော်လင့်ချက်မြင့်မြင့် မရှိသေးပေ။ မည်သို့ဆိုစေ ထိုအချိန်များက ရွယ်ယန်သည် ပေးခဲ့ဖူးသည့် သကြားလုံးတစ်လုံးကိုတောင်မှ သူ(မ) ထာဝရ အမှတ်ရနေမည့် ကျေးဇူးတစ်ခုအဖြစ် မှတ်ယူတတ်သည့် လူစားမျိုးပင်။
လူတိုင်း မနက်စာကို ခပ်သွက်သွက် စားလိုက်ကြပြီး ရွယ်ယန်တစ်ယောက် ထီကျစ်ကို ဆွဲကာ အပြင်သို့ ပြေးထွက်ရန် ဟန်ပြင်လိုက်သည်။
လျို့ဟွားက ကလေးမလေး ကော်လာကို ဖမ်းဆွဲလိုက်သည်။
“ထီကျစ်ကို ဘာလို့ ခေါ်သွားမှာလဲ”
ရွယ်ယန်သည် ခေါင်းမာစွာဖြင့် လက်ခါးထောက်လိုက်သည်။
“အားယန် ထီကျစ်ကို ဖိုးဖိုးနဲ့ ဖွားဖွားကို တွေ့လို့ရအောင် ခေါ်သွားပေးမလို့!”
လျို့ဟွားမှာ အနည်းငယ် ကူကယ်ရာမဲ့သွား၏။
“ထီကျစ်က ဝံပုလွေလေ၊ သမီးအဖိုးတို့ကို ခြောက်လိုက်ရင် ဘယ်လိုလုပ်မလဲ”
ရွယ်ယွိက အငယ်လေး၏ ကျောပိုးလွယ်အိတ်ကို ကိုင်ရင်း အနောက်မှ လျှောက်လာ၏။
“အမေ၊ အဖိုးနဲ့ အဖွားက တကယ့် ရှိန်လောက်စရာကြီးဗျ၊ ပြီးခဲ့တဲ့အခေါက် သူတို့ဖုန်းခေါ်လာတုန်းက အားယန်ကို စောင့်ရှောက်ဖို့ တီဗက်မက်စတစ်ဖ် (Tibetan mastiff) တစ်ကောင်လောက် မွေးပါလားဆိုပြီး ပြောနေတာ”
လျို့ဟွား : “အို့... သိပြီ”
ရွယ်ကျစ်သည်လည်း ချောင်းကျဲပုခုံးပေါ် လက်တင်ပြီး လျှောက်လာ၏။
“အမေ၊ ကျွန်တော်တို့တော့ ထွက်ဖို့ အသင့်ဖြစ်နေပြီ၊ အဖေရဲ့ကားက အပြင်မှာ စောင့်နေတာ”
လျို့ဟွား သူတို့ကို လှမ်းကြည့်လာပြီး ချောင်းကျဲအား ညွှန်ကြားလိုက်သည်။
“ရှောင်ကျဲ အဖိုးနဲ့ အဖွားရဲ့အိမ်ကို ရောက်ရင် ဘာမှကြောက်စရာမလိုဘူး၊ သူတို့က ကလေးတွေကို ချစ်ပြီးသား”
စိတ်ပိုင်းဆိုင်ရာအားဖြင့် နှစ်ဆယ်အရွယ်တွင် ရှိနေသော အမျိုးသားတစ်ယောက်အနေဖြင့် ချောင်းကျဲ ကြောက်လည်း ကြောက်မနေပါချေ။
“ဟုတ်ကဲ့ပါ အန်တီ၊ စိတ်မပူပါနဲ့”
လျို့ဟွားမှာ အမှန်တကယ် စိတ်သက်သာရာရသွားပြီး ကလေးများကို လက်ပြနှုတ်ဆက်လိုက်သည်။
“ဒါဆို သွားကြတော့လေ၊ ဒီနေ့တော့ ငါ နားအေးပြီပဲ”
ထွက်သွားရန် ပြင်နေကြသော လူငယ်လေးသုံးယောက်၊ အသေးလေးတစ်ယောက်နှင့် အရွယ်ရောက်လုနီး ဝံပုလွေတစ်ကောင် : “...”
မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒါက သူ့ရဲ့ တကယ့် ရင်တွင်းဖြစ်ခံစားချက် အစစ်အမှန်ကိုး!
ရွယ်ကျင်းဟုန်နှင့် ယဲအန့်နင်တို့က ကားထဲတွင် ထိုင်စောင့်နေကြသည်။ မကြာခင် တရယ်ရယ်ဖြင့် ထွက်လာကြသော သူတို့၏ အဖွဲ့ကြီးကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။
ရွယ်ကျင်းဟုန်က မျက်ခုံးများကို မြင့်လိုက်သည်။
“အားယန်၊ သမီး ထီကျစ်ကိုပါ ခေါ်လာတာလား”
ရွယ်ယန်မှာ ကားပေါ် မနည်းရုန်းကန်တက်နေရ၍ အကိုဖြစ်သူက လမ်းတစ်ဝက်တွင် သူ(မ)အား တိုက်ရိုက် ကောက်ချီလိုက်သည်။ ကလေးမလေးက ထီကျစ်ကို ကာကွယ်ရန် စိတ်ပိုင်းဖြတ်ထားသည့်ပုံပင်။
“ဖေဖေ၊ ထီကျစ်ကို ခေါ်သွားမယ်လေ!”
ရွယ်ကျင်းဟုန်မှာ ကူကယ်ရာမဲ့စွာ ပြုံးမိတော့သည်။
“ဖေဖေကလည်း မခေါ်ဘူးလို့ မပြောပါဘူး သမီးလေးရယ်၊ ဒီတိုင်း အထဲမှာက နည်းနည်းလူကျပ်နေမှာဆိုတော့ သမီးကောင်းကောင်းထိုင်လို့ရအောင် ကိုကို့ကို သမီးကို ချီထားခိုင်းလိုက်လေနော်၊ မဟုတ်ရင် ထီကျစ်အတွက် နေရာရှိမှာမဟုတ်ဘူး”
ရွယ်ယွိ ဘေးပတ်လည်ရှိ နေရာလွတ်များကို ကြည့်လိုက်ပြီး ညီမဖြစ်သူအား သူ့ရင်ခွင်ထဲ ထည့်ထားလိုက်သည်။
အမွေးစုတ်ဖွားလေးနှင့် အသေးလေးက ကွန်ပလိန်းတက်လာ၏။
“ဖေဖေ့၊ အဲ့ဒါ ဖေဖေ့အမှားပဲ၊ ကားက အရမ်းသေးနေတဲ့ဟာကိုး!”
ရွယ်ကျင်းဟုန် ချစ်မြတ်နိုးစွာ ရယ်မိတော့သည်။
“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ဖေဖေ့အမှားပါ၊ နောက်တစ်ခါကျ ဖေဖေက သေချာပေါက် ကားအကြီးကြီးကို မောင်းပေးမယ်နော်”
ကလေးမလေးက လေးနက်နေဟန်ဖြင့် ခေါင်းညိတ်ပြလာ၏။
“ဒီလိုမှပေါ့!”
သို့ရာတွင် ထိုပုံစံလေးမှာ အလွန်အမင်း ချစ်ဖို့ကောင်းလွန်းသဖြင့် ကားထဲရှိ လူတိုင်းကို ရယ်မောသွားစေ၏။
အဖိုးရွယ်နှင့် အဖွားရွယ်တို့သည် ပို၍ဝေးသော ဆင်ခြေဖုံးအရပ်တွင် နေထိုင်ကြပြီး ထိုနေရာကာ ရွယ်မိသားစု၏ နေအိမ်ဟောင်းဖြစ်သည်ပင်။
မူလက သိပ်မဝေးသော်လည်း မကြာသေးမီက နှင်းများ ထူထပ်နေခဲ့သည့်အပြင် ကားမှာလည်း ကလေးတွေအပြည့်ဖြင့် ဖြစ်နေသောကြောင့် ရွယ်ကျင်းဟုန်မှာ ကားကို တွားသွားလုနီးပါးအထိ အရှိန်လျှော့ထားရသဖြင့် အမှန်တကယ်ရောက်ရန်ထက် နာရီအနည်းငယ် ပိုယူလိုက်ရသည်။
ရွယ်ယန်တစ်ယောက် ကားပြတင်းပေါက်မှ ချောင်းကြည့်လိုက်ပြီး မဝေးလှသော နေရာရှိ အိမ်ကြီးတစ်လုံးကို လက်ညှိုးထိုးပြကာ ဆိုလာ၏။
“ဖေဖေ့ ကြည့်ပါအုံး၊ ဟိုအိမ်က အကြီးကြီးပဲ!”
ရွယ်ကျင်းဟုန် တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်
“အသေးလေး၊ အဲ့ဒါ ဖိုးဖိုးဖွားဖွားတို့ အိမ်လေ”
ကလေးမလေးက အာမေဍိတ်သံ ပြုလိုက်၏။
“ဖိုးဖိုးနဲ့ ဖွားဖွားက အရမ်း ချမ်းသာကြတာပဲ! အားယန်တို့မိသားစုတောင် ဒီလောက်ကြီးတဲ့ အိမ်ကြီးမျိုး မတတ်နိုင်ဘူး!”
ရွယ်ယွိမှာ ပြုံးချင်သည့်စိတ်ကို ဖိနှိပ်ထားရင်းဖြင့်
“အားယန် သတိထားပြီးလဲ နေအုံး မေမေသာ ဒီအကြောင်းကြားရင် အားယန်ကို အိမ်ကနေ ကန်ထုတ်လိမ့်မှာနော်”
ယခုအခါတွင် သူ သူ့အမေကို အနည်းငယ် နားလည်သွားသည်။ လျို့ဟွားသာ ဆန္ဒရှိလျှင် သူ(မ)၏ အရည်အချင်းများသည် ရွယ်ကျင်းဟုန်ထက် နိမ့်ကျနေမည်မဟုတ်ပေ။
ရွယ်ယန်မှာ အနည်းငယ် လိပ်ပြာမလုံ ဖြစ်သွား၏။
“မေမေ သိမှာ မဟုတ်ဘူး!”
ရွယ်ကျင်းဟုန် ဖြည်းညင်းစွာဖြင့် ကားပါကင် ထိုးလိုက်သည်။
“ကဲ ကလေးတို့ အဖေတို့ ရောက်ပြီ၊ အခု ကားပေါ်က ဆင်းလို့ရပြီ!”
