အပိုင်း (၂၄)
ကလေးမလေးက ပျော်ရွှင်စွာဖြင့် သူ(မ)ရဲ့အရုပ်လေးများအား ထုတ်ပြလာ၏။ ရှန်နျန်မှာ အမှန်တကယ်တွင် အနှီအရုပ်များနှင့် ပတ်သက်ပြီး လုံးလုံးစိတ်မဝင်စားသော်လည်း ရွယ်ယန် ပျော်ရွှင်နေပုံကို ကြည့်ပြီး သူ(မ)လည်း ကလေးနှင့်အတူ ဂရုတစိုက်နှင့် အလေးအနက်ထားကာ ကစားပေးလိုက်သည်။
လျို့မန်က တစ်ခဏ ကြည့်နေပြီးနောက် ပြုံးကာ ထွက်သွား၏။
တကယ်ကောင်းတာပဲ၊ အားယန်ရဲ့အဖော်လေးတွေက တဖြည်းဖြည်းနဲ့များလာပြီ!
...
ရွယ်ယန် ကျောင်းသို့ တရားဝင်စတက်ရမည့်နေ့တွင် လျို့ဟွားက သူ(မ)အား ကိုယ်တိုင်ကိုယ်ကျ မူကြိုသို့ လိုက်ပို့၏။
အမှန်တွင် လျို့ဟွားမှာ ကလေးနှင့်ပတ်သက်ပြီး လုံးဝ စိတ်ချလက်ချရှိမနေပေ။ ရွယ်ယန်က အနည်းငယ် ရိုးရိုးအအလေးဖြစ်၍ တခြားကလေးများ၏ အနိုင်ကျင့်ခြင်းကို ခံရလိမ့်မည်ဟု သူ(မ) အမြဲ ခံစားနေရသည်။
လျို့မန်မှာ လျို့ဟွားက ရွယ်ယန်အား ကျောင်းတွင် ဂရုစိုက်ရမည့်အရာများကို ဖန်တစ်ရာတေအောင် ပြောနေသည်အား ကူကယ်ရာမဲ့စွာဖြင့် နားထောင်နေရသည်။ ကံကောင်းထောက်မစွာ ရွယ်ယန်က စိတ်မရှည် လုံးဝဖြစ်မနေချေ။
ကလေးမလေးက သူ(မ)ရဲ့ကျောင်းလွယ်အိတ်လေးကို လွယ်ပြီး သူ(မ)အရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ သူ(မ)အား အဆက်မပြတ် မှာတမ်းခြွေလေနေသည့် အမေဖြစ်သူအား ကြည့်ပြီး လိမ္မာစွာနှင့် ဂရုတစိုက် ခေါင်းလေးညိတ်ပြလာ၏။
"မေမေ အားယန် သိပါပြီ!"
လျို့ဟွားမှာ ရွယ်ယန်အား စိုက်ကြည့်ပြီး သူ(မ)မျက်လုံးများက ရုတ်ခြည်း နီမြန်းလာ၏။
ရွယ်ယန်မှာ ထိုမြင်ကွင်းကို မြင်လိုက်ပြီး အမေဖြစ်သူ၏မျက်နှာအား လက်လေးဖြင့် အမြန်အုပ်မိုးကိုင်ကာ
"မေမေ မငိုပါနဲ့၊ အားယန် ကျောင်းကို မသွားတော့ဘူးလေ နော်?"
လျို့ဟွား၏မျက်လုံးများက နီမြန်းနေဆဲဖြစ်သော်လည်း သူ(မ)မှာ မနေနိုင်အောင် ပြုံးမိသွားပြီး
"ကလေးစုတ်လေး ဘာတွေ ပေါက်ကရလျှောက်ပြောနေတာလဲ? ဒီလောက်အကြာကြီး ဂျီကျထားပြီးမှ ဘယ်လိုလုပ်ပြီး ကျောင်းကို မသွားချင်တော့ဘူးဆိုပြီး ရုတ်တရက် ဖြစ်သွားရတာလဲ?"
ရွယ်ယန်က သူ(မ)လက်ချောင်းလေးများအား ခေါင်းငုံ့ကြည့်ကာ
"အားယန်က မေမေ့ကို ဝမ်းမနည်းစေချင်ဘူးလေ"
လျို့ဟွားမှာ ဆို့နင့်သွားရပြီး
"အားယန် မေမေ အရမ်းပျော်တာပဲ၊ အမေ့ရဲ့အားယန်လေးက ကြီးလာပြီပဲ"
ကလေးမလေးက နောက်ဆုံးတွင်မှ စိတ်သက်သာရာရသွားပြီး မျက်လုံးများ ကွေးညွတ်သည်အထိ ပြုံးရင်း
"မေမေ အားယန်က ဟိုးအရင်ကတည်းက ကြီးလာတာပါနော်" သူ(မ) လူကြီးဖြစ်လာတယ်လို့ အိပ်မက်မက်တယ်!
သူ(မ)က ဒီတိုင်း အိပ်မက်ထဲမှာ ကြီးလာပြီးတဲ့နောက်ပိုင်း ဘာဖြစ်သွားသလဲကိုပဲ မမှတ်မိတော့တာ.....
လျို့ဟွားက ရွယ်ယန်၏နဖူးလေးအား ညင်သာစွာ ထိလိုက်ပြီး
"အပိုတွေ! သွားစို့၊ မေမေက အားယန်ကို ကျောင်းပို့ပေးမယ်"
ရွယ်ယန်က လက်တစ်ဖက်ကို မြှောက်လိုက်ပြီး
"သွားစို့! ကျောင်းသွားမယ်! တာ့တာ အားမန်!"
လျို့မန်က ပြုံးကာ သူတို့ကို လက်ဝှေ့ယမ်းပြပြီး
"တာ့တာ အားယန်! နေ့လယ်ကျရင် အားမန် ကျောင်းလာကြိုမယ်နော်!"
"အို့ခေ!"
ကလေးရဲ့ပျော်ရွှင်တက်ကြွနေသည့်အသံက အဝေးကနေ ပျံ့လွင့်လာ၏။
ကျောင်းက မူကြိုသာဖြစ်သော်လည်း ကျောင်းဆင်းသည့်အချိန်က ရွယ်ကျစ်၊ ချောင်းကျဲတို့နှင့် သိပ်မကွာချေ။
-
သို့နှင့် အားမန်တစ်ယောက် ကလေးမလေးအား ကျောင်းကြိုပြီး အိမ်ပြန်လာသည့်အချိန်တွင် လမ်း၌ မိသားစုမှ ကောင်လေးနှစ်ယောက်နှင့် ဆုံလေ၏။
ရွယ်ယန်က ထခုန်ပြီး လက်လှမ်းပြလေသည်။
"ကိုကို! ကိုကို!"
ရွယ်ကျစ်နှင့် ချောင်းကျဲတို့မှာ ရင်းနှီးသည့် အသံကို ကြားလိုက်ရပြီး သူတို့ နားကြားမှားသည်ဟု ထင်လိုက်ကြသော်လည်း ယနေ့က သူတို့ညီမလေးရဲ့ ပထမဆုံးကျောင်းတက်ရက်ဖြစ်မှန်း အမှတ်ရသွားပြီးနောက် သူတို့မျက်လုံးများက ရုတ်တရက် ဝင်းလက်လာ၏။
"အားယန်!" အဟုတ်ကိုပင်၊ အသံလာရာဆီ လှမ်းကြည့်လိုက်သည့်အချိန် မဝေးလှသည့်နေရာတွင် ရပ်နေသော သူတို့ညီမလေးက သူတို့အား ပျော်ရွှင်စွာ လက်များ ဝှေ့ယမ်းပြနေသည်ကို တွေ့လိုက်ရသည်။
ရွယ်ကျစ်မှာ မနေနိုင်အောင် သူ့ညီမလေးဆီ အပြေးသွားလိုက်၏။ သူ ရွယ်ယန်အနားသို့ ရောက်သည်နှင့် အိတ်ကပ်ထဲမှ စုပ်လုံးကို ထုတ်ပြီး သူ(မ)ကို ကမ်းပေးလိုက်သည်။
"အားယန်၊ ဒါက ကိုကို အားယန်အတွက် ဝယ်လာပေးတာ"
ရွယ်ယန်၏မျက်လုံးများက ချိုချဉ်ကို လှမ်းယူရင်း တောက်ပနေပြီး ချက်ချင်း စားရန် စတင်အခွံခွာတော့သည်။
ချောင်းကျဲကလည်း အပြုံးဖြင့် လျှောက်လာပြီး ကလေးမလေး၏ခေါင်းအား ပွတ်သပ်ကာ
"အားယန်၊ ဒီနေ့ကျောင်းစတက်တာ ဘယ်လိုနေလဲ?"
ရွယ်ယန်က စုပ်လုံးကို ပါးစပ်ထဲထည့်လိုက်ပြီး ပါးပြင်များက ဖောင်းကာ ဗလုံးဗထွေးဖြင့်
"ကိုကို ကျောင်းက ဆရာ၊ ဆရာမတွေက အရမ်းလှ!"
ရွယ်ကျစ်မှာ သူ့ညီမလေး၏ လှပသောလူတွေအပေါ် စွဲမက်မှုအား ရေးတေးတေး သတိထားမိသည်။ သူက ကလေးမလေးရဲ့နဖူးကို အသာအယာ ခေါက်လိုက်ပြီး
"အားယန်က ကြည့်ကောင်းတဲ့လူတွေကို ကြိုက်တာ ဟုတ်တယ်မလား?"
ကလေးမလေးက သူ(မ)ရဲ့မျက်နှာကို အုပ်လိုက်ပြီး ပြုံးကာ
"ကိုကိုရောပဲ ကြည့်ကောင်းတယ်"
ရွယ်ကျစ်မှာ ဒီညီမလေးနဲ့ပတ်သက်ပြီး သူ ဘာမှမလုပ်နိုင်မှန်း သိ၍လည်း ကူကယ်ရာမဲ့စွာသာ ပြုံးလိုက်မိတော့သည်။
သူတို့ အိမ်သို့ပြန်ရောက်ချိန်တွင် အိမ်က အတော်လေး တက်ကြွသက်ဝင်နေပုံရသည်ကို သတိထားမိလိုက်သည်။
ယင်းမှာ လူတွေအများကြီး ရှိနေခြင်းကြောင့်ပင်။ ရှန်နျန်တို့မိသားစုသုံးယောက်၊ ယဲအန့်နင်နဲ့ ရွယ်ကျင်းဟုန် ယဲဝမ် ပြီးတော့ ချီလင်းဟန်ပါ ရှိနေသေးတယ်..
ရွယ်ယွိက တစ်ချိန်လုံး ကွန်ပြူတာကိုသာ ကြည့်နေခဲ့ပြီး ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရကာ အဝင်ဝဆီသို့ လှမ်းကြည့်လာခဲ့သည်။
သိပ်မကြာလိုက်ခင် ကလေးမလေးရဲ့ နူးညံ့ပြီး တက်ကြွသောအသံက တံခါးအပြင်ဘက်မှနေ၍ ပျံ့လွင့်လာ၏။
"ကိုကို! ကျောင်းကအားယန်ရဲ့အတန်းဖော်တွေက အားယန်ကို အရသာရှိတဲ့မုန့်တွေ ပေးလိုက်တယ်!"
ကလေးမလေးက မရပ်မနား ပြောပြနေခဲ့ပြီး ကောင်လေးနှစ်ယောက်ကလည်း စိတ်ရှည်စွာ သူ(မ)ကို တုံ့ပြန်ပေးခဲ့သည်။
"....နျန်နျန်! ကျဲကျယ်! လင်းဟန်ကောကော! ဘာလို့အကုန်လုံး ဒီကို ရောက်နေကြတာလဲ?"
ကလေးမလေးက ပြောရင်းဖြင့် အိမ်ထဲသို့ လျှောက်ဝင်လာရာ တံခါးဝသို့ ဝင်လိုက်သည်နှင့် အထဲရှိ လူများအားလုံးကို တွေ့သွားတော့သည်။ သူ(မ)က သူတို့အား ဗလာကျင်းစွာ စိုက်ကြည့်ပြီး တစ်ယောက်ချင်းစီ၏နာမည်ကို ခေါ်လိုက်သည်။
သူ(မ)သမီးလေး ကျောင်းမှပြန်လာသည်ကို တွေ့သည်နှင့် လျို့ဟွားမှာ နောက်ဆုံးတော့ သက်ပြင်းချနိုင်သွားပြီး ရွယ်ယန်ကို လက်ယပ်ခေါ်လိုက်၏။
"အားယန် ဒီကိုလာ"
ကလေးမလေးက နာခံစွာ လျှောက်သွားလိုက်ပြီး
"မေမေ"
လျို့ဟွားက သူ(မ)နူးညံ့ညံ့ မျက်နှာဝိုင်းဝိုင်းသေးသေးလေးကို ညှစ်လိုက်ပြီး
"အားယန် ဒီနေ့ ကျောင်းမှာ အဆင်ပြေရဲ့လား?"
ထိုအကြောင်းကြားရချိန်တွင် ရွယ်ယန်မှာ ထပ်၍ စိတ်လှုပ်ရှားလာပြန်၏။ သူ(မ)က လျို့ဟွား၏ လက်မောင်းကို ဖက်ပြီး ပျော်ရွှင်စွာဖြင့် စတင်ပြောပြပြန်၏။
သူ(မ) ပျော်နေသည်ကို မြင်ရမှပင် လျို့ဟွားမှာ စိတ်အေးရတော့သည်။
အခန်းထဲရှိ လူတိုင်းက ကလေးမလေးရဲ့ ရွှင်ရွှင်ပျပျအသံကို နားထောင်နေကြပြီး လျို့ဟွားက ရွယ်ယန်၏ခေါင်းကို အပြုံးဖြင့် ပုတ်လိုက်ရင်း
"အိုခေ! အားယန်၊ အပေါ်မှာ သွားပြီးတော့ ကိုကိုတို့မမတို့နဲ့ ဆော့ချင်လား?"
ရွယ်ယန်မှာ တစ်ခဏ စကားမဆိုသေးဘဲ ရွယ်ယွိနှင့် တခြားသူများအား မျှော်လင့်ကြီးစွာ ကြည့်လိုက်သည်။
ရွယ်ယွိက သူ့ရဲ့လပ်တော့ကို ပိတ်လိုက်ပြီး ထလာကာ ညီမဖြစ်သူအား အပေါ်ထပ်သို့ ခေါ်သွားလိုက်သည်။ ခြေနှစ်လှမ်း,လှမ်းပြီးနောက်တွင် သူက နောက်ပြန်လှည့်ကာ လှမ်းခေါ်လိုက်သည်။
"သွားစို့"
ထို့နောက် ရှန်နျန်နှင့် တခြားသူများကပါ အနောက်မှ လိုက်လာကြ၏။
ရွယ်ယန်မှာ လူတိုင်းက အပေါ်ထပ်သို့ အတူလိုက်လာကြသည်ကို မြင်လျှင် မျက်လုံးများပိတ်သည်အထိ ရယ်နေတော့သည်။
ယဲအန့်နင်မှာ ရွယ်ယွိ ရွယ်ယန်၏လက်အား ဆွဲထားသည်ကို မြင်လျှင် သိပ်ပြီးမကြည်ဖြူချင်၍ ကလေးအနားသို့ သွားလိုက်ပြီး သူ(မ)လက်ကို ဆန့်ထုတ်ပေးလိုက်သည်။
"အားယန် ကျဲကျယ်ရဲ့လက်ကို ဆွဲထား!"
ရွယ်ယန်က မျက်တောင်လေးခတ်ပြီး သူ(မ)ရဲ့ နောက်လက်တစ်ဖက်အား ယဲအန့်နင်၏လက်ဖဝါးထဲ ထည့်ပေးလိုက်သည်။
ရွယ်ယွိက နှာမှုတ်လိုက်သည်။
"ကလေးဆန်လိုက်တာ!"
ယဲအန့်နင်ကလည်း အေးစက်စွာ နှာမှုတ်ပြီး
"ဒါဆို နင် ကလေးလက်ကို လွှတ်လိုက်!"
ရွယ်ယွိတစ်ယောက် မကြားချင်ယောင်ဆောင်နေလိုက်သည်။
ရွယ်ယန်က ခေါင်းရှုပ်စွာ လှည့်ကြည့်ပြီးနောက် အကိုဖြစ်သူနှင့် အစ်မဖြစ်သူ၏ အတူဦးဆောင်ရာနောက် ပါသွားတော့သည်။
သူတို့အနောက်ရှိ လူအုပ်ကြီးမှာ ပြောစရာစကားမဲ့စွာဖြင့် မကျေနပ်စွာ စိုက်ကြည့်နေကြသည်။
ဒုတိယထပ်တွင်ထားထားသည့် ပစ္စည်းအများစုက ရွယ်ယန်၏အရုပ်များဖြစ်သည်။ သူ(မ)က အပေါ်ထပ်သို့ ရောက်သည်နှင့် အရုပ်များကို မွှေနှောက်ရှာကာ အကုန်လုံးကို ယူထုတ်လာ၏။
ချီလင်းဟန်က ရွယ်ယန်ဘေးနားတွင် ဆောင့်ကြောင့်ထိုင်ကာ သူ(မ)အား ညင်သာသော အသံတို့ဖြင့် မေးလာ၏။
"အားယန် ဘာတွေ လုပ်နေတာလဲ?"
ကလေးမလေးက ချီလင်းဟန်ကို အပြုံးဖြင့် မော့ကြည့်လာပြီး
"လင်းဟန်ကောကော၊ အားယန်နဲ့ အရုပ်တူတူကစားမယ်မလား?"
ချီလင်းဟန်ကလည်း သူ(မ)ကို ပြုံးပြပြီး
"အိုခေ"
ရှန်နျန်ကလည်း ရောက်လာပြီး ရွယ်ယန်ဘေးနားတွင် ဝင်ထိုင်ကာ
"အားယန်၊ ငါရော နင်နဲ့ကစားပေးလို့ရတယ်"
ယဲအန့်နင်က ချီလင်းဟန်ကို တွန်းထုတ်ပြီး
"အားယန် ကျဲကျယ်ရောပဲ"
ချီလင်းဟန် : "...."
ရွယ်ယန်က သူ(မ)ရဲ့အရုပ်အပိုင်းစသေးသေးလေးများအား ပိုက်ကာ ဧည့်ခန်းအလယ်ကောင်ထဲ ရွှေ့လိုက်ပြီး
"ကျဲကျယ်၊ ကိုကိုနဲ့ တခြားသူတွေနဲ့အတူ ကစားကြရအောင်"
ရွယ်ကျစ်က အရုပ်မော်ဒယ်လ်ကားလေးတစ်စီးကို သာမန်ကာလျှံကာ ကောက်ကိုင်လိုက်ပြီးနောက် ၎င်းက နာမည်ကြီးအမှတ်တံဆိပ်၏ အကန့်အသတ်နှင့် ထုတ်ဝေသော ပစ္စည်းများထဲမှ တစ်ခုဖြစ်ကြောင်း သတိထားမိလိုက်သည်။
သူက မေးစေ့အား ပွတ်ပြီး
"အားယန် ကလေးကို ဒါ ဘယ်သူဝယ်ပေးထားတာလဲ?"
ကလေးမလေးက Limited Edition ဖြစ်ပုံရသည့် အခြားမော်ဒယ်လ်ကားတစ်စီးကို ယူကာ ကြမ်းပြင်ပေါ်တွင် အကြိမ်အနည်းငယ် ခြစ်ပြီးနောက် လွှတ်လိုက်၏။ ကားငယ်လေးက သူ့အလိုလို ရှေ့ကို မောင်းထွက်သွားသည်ကို သူ(မ)က ပျော်ရွှင်စွာ ကြည့်နေခဲ့သည်။
သူ(မ)က အလွန်ပျော်ရွှင်နေပြီး
"မေမေ့သူငယ်ချင်းက အားယန်ကို ဝယ်ပေးထားတာ!"
ချောင်းကျဲမှာ အကြမ်းဖျင်း အနည်းငယ် သိထားပြီး
"အရင်တုန်းက တစ်စုံတစ်ယောက်က အဒေါ်လျို့ကို လုပ်ငန်းပူးပေါင်းဖို့ လာရှာဖူးတယ် အဲဒီလူတွေက အားယန်ကို ဒီအရုပ်လေးတွေ ပေးထားခဲ့တာ"
ရွယ်ကျစ်က တွေးတွေးဆဆဖြင့်
"အို့"
ရွယ်ယန်က ချောင်းကျဲ၊ ရွယ်ယွိနှင့် တခြားသူများထံသို့ အိမ်ပိစိလေးများ၏ အပိုင်းအစအချို့ကို ထိုးထည့်ပေးလိုက်ပြီး
"ကိုကိုတို့ အားယန်ကို ဒါလေး ဝိုင်းကူဆက်ပေးလို့ရမလား?"
