Chapter 80

875 72 0
                                    

အပိုင်း (၈၀)
 
ရွယ်ယန်သည် နာခံစွာဖြင့်ပင် သူ(မ)ကို ခွံ့ကျွေးနေသည်အား ငြိမ်ခံနေလိုက်သော်လည်း ဂျီးများနေသေးပြန်၏။
 
“ကျယ်ကျဲ၊ ကျယ်ကျဲဖြတ်တာက သေးလွန်းတယ်! အားယန်က အကြီးကြီးကိုက်စားချင်တာ!”
 
ယဲအန့်နင်သည် တည်ငြိမ်မြဲတည်ငြိမ်နေ၏။
 
“အားယန်ရဲ့‌ရှေ့သွားကျိုးတော့မယ်လို့ အန်တီပြောထားတယ်မလား၊ အသားကို အကိုက်ကြီးကြီးကိုက်စားမှဖြင့် သွားတွေ နာကုန်မှာပေါ့”
 
ဆရာဝန်တစ်ယောက်ဖြစ်သည့် ချောင်းကျဲအနေဖြင့် သွားဘက်ဆိုင်ရာတွင် နှံ့နှံ့စပ်စပ် မကျွမ်းကျင်သော်လည်း အနည်းငယ်တော့ နားလည်နေသေး၏။
 
သူက ကလေးမလေး၏ ရှေ့သွားကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ဆိုလာ၏။
 
“အခုတော့ အဆင်ပြေနေပါသေးတယ်၊ ဒါပေမယ့် ဒီရက်အတောအတွင်းတော့ အားယန် ဘာအချိုကိုမှ စားလို့မရဘူးနော်”
 
ကလေးမလေးသည် ယုံကြည်လက်ခံခြင်းမရှိသေးပဲ လက်သီးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
 
“ကိုကို သကြားလုံးသာမရှိရင် ဘဝကြီးကလည်း ပျော်ဖို့မကောင်းတော့ဘူး!”
 
ရွယ်ကျစ် သူ့ညီမလေး၏ မြှောက်ပြထားသည့် လက်သီးလေးများကို လှမ်းကြည့်လိုက်သည်။
 
“ဒါပေမယ့် အားယန် အခု အချိုတွေစားလိုက်ရင်၊ နောင်ကျ မပျော်မရွှင်ဖြစ်ရလိမ့်မယ်လေ”
 
ကလေးမလေးသည် နှစ်စက္ကန့်မျှ တုံ့ဆိုင်းနေခဲ့ပြီးနောက်၊ ပြတ်သားစွာ ဆိုလာ၏။
 
“ဒါဆို အားယန် အခုပဲ အချိုစားချင်တယ်!”
 
ယဲအန့်နင်သည် ကလေးမလေး၏မျက်နှာကို ဖျစ်ညှစ်လိုက်သည်။
 
“ဘာပေါက်ကရတွေ လျှောက်တွေးနေတာလဲ”
ရွယ်ယန် : “..."
မမက အရမ်းကြောက်ဖို့ကောင်းတာပဲ ဝူး ဝူး ဝူး...
 
လျို့ဟွားသည် ထမင်းစားခန်းအဝသို့ လျှောက်လာပြီး တံခါးဘောင်ကို ခေါက်လိုက်သည်။
 
“ကလေးတွေ၊ အရမ်းနောက်ကျတဲ့ထိ မနေကြနဲ့အုံး၊ အပေါ်ထပ်တက်ပြီး စောစောအိပ်ရာဝင်ကြ နားလည်လား”
 
“နားလည်ပါပြီ!”
 
ရွယ်ယန်သည် သူ(မ)၏လက်ကို ဦးစွာ မြှောက်ပြလာ၏။
 
လျို့ဟွား ကျစ်တစ်ချက်သပ်လိုက်သည်။
 
“ရှင်လေး သဘောပေါက်တာ မပေါက်တာက ဘာကွာသွားလို့လဲ၊ ပြီးကျရင် အစ်ကိုအစ်မတွေကို ခေါ်ပြီး ညဉ့်နက်တဲ့ထိ ဆော့အုံးမှာမလား”
 
သူ(မ)သည် ပြောပြီးသည်နှင့် ကလေးတစ်အုပ်ကို ဂရုစိုက်မနေတော့ဘဲ အပေါ်ထပ်သို့ လှည့်ထွက်သွား၏။
 
ယဲအန့်နင်သည် ကလေးမလေး၏ပါးပြင်ကို လက်ညှိုးဖြင့် ထိုးလိုက်သည်။
 
“အားယန် မြန်မြန်စား ပြီးရင် အပေါ်ထပ်သွားရမယ်”
 
ရွယ်ယန်မှာ တစ်ဖန်မပျော်မရွှင်ဖြစ်လာရ၏။
“ကျယ်ကျဲ၊ အားယန်က ကျယ်ကျဲရဲ့အချစ်ဆုံးကလေးလေး မဟုတ်တော့ဘူးပေါ့?”
 
ယဲအန့်နင်သည် တည်ငြိမ်စွာ ပြန်ဖြေလာ၏။
 
“အားယန်သာ အခုဆက်ပြီး အချိုတွေစားမယ်တို့ မအိပ်ချင်ဘူးတို့လို့ ပြောနေအုံးမယ်ဆိုရင် ကျယ်ကျဲလည်း အားယန်ကို မချစ်တော့ဘူး “
 
ကလေးမလေးသည် နှုတ်ခမ်းစူလာ၏။
 
“အားယန် အချိုတွေစားချင်ပါတယ်လို့ တစ်ခါမှ မပြောမိပါဘူး!”
ယဲအန့်နင် စကားတစ်ခွန်းမဆိုတော့ဘဲ ပြုံးလိုက်သည်။
 
နောက်ဆုံးတွင် နှစ်ယောက်သားသည် တစ်ခဏ ကစားကြပြီးနောက် လက်ချင်းတွဲကာ အပေါ်ထပ်သို့ တက်သွားကြသည်။
 
ထီကျစ် သူ့ညီမလေး၏နောက်သို့ တက်လိုက်သွားသည်ကို မြင်လျှင် ရွယ်ကျစ်သည် မနေနိုင်အောင် သက်ပြင်းချမိတော့သည်။
 
“ငါတို့ ထီကျစ်အတွက် အိမ်လုပ်ပေးလိုက်ရင် ကောင်းမလား၊ အခုဆို သူက ညတိုင်း အားယန်ရဲ့အခန်းထဲမှာပဲ သွားသွားပြီးအိပ်နေတာ”
 
ရွယ်ယွိသည် ယဲအန့်နင်ထံမှာ အကြည့်ခွာလိုက်သည်။
“ဘာဖြစ်လို့လဲ၊ ထီကျစ်လည်း အားယန်ကို စောင့်ရှောက်ပေးလို့ရနေတာပဲလေ”
 
ချီလင်းဟန်သည်လည်း သက်ပြင်းချလိုက်သော်ငြား ဘာမှဝင်မပြောလာခဲ့ချေ။
 
ထိုစဉ်တွင် ရွယ်ယန်၏အခန်းသို့ ပြန်သွားကြသော နှစ်ယောက်သားသည် ကိုယ်လက်ဆေးကြောကာ သူတို့ကိုယ်သူတို့ ပြင်ဆင်လိုက်ပြီးနောက် စောင်အောက်သို့ဝင်ကာ တစ်ယောက်နှင့်တစ်ယောက် တိုးဝှေ့ပူးကပ်ရင်း ရယ်နေကြသည်။
 
ရွယ်ယန်သည် ယဲအန့်နင်ကို တင်းကျပ်စွာ ဖက်ထား၏။
 
“ကျယ်ကျဲ၊ ကျယ်ကျဲက ဘာလို့ ဒီလောက်ပိန်နေရတာလဲ”
 
ယဲအန့်နင်သည် ပိန်သွယ်သည့်တိုင် အလွန် ဆွဲဆောင်မှုရှိ၏။ သူ(မ)၏ကိုယ်သည် အလွန်အချိုးကျပြီး မိန်းကလေးများ အလိုချင်ဆုံး စံပြပုံစံဖြစ်သည်။
 
သို့သော် ဝဝလုံးလုံးကလေးမလေးအတွက် သူ(မ)သည် အလွန်ပိန်နေခြင်းသာ။
ယဲအန့်နင်သည် သူ(မ)ရင်ခွင်ထဲရှိ နူးညံ့ညံ့ကလေးမလေးကို ခံစားကြည့်ရင်း မနေနိုင်အောင် သူ(မ)ပါးလေးများကို ဆွဲညှစ်လိုက်သည်။
“အဲ့ဒါက အားယန်မှာ အသားတွေအများကြီး ရှိနေတာကြောင့်လေ”
 
 
“အားယန်က မဝပါဘူး၊ အားယန်က ချစ်ဖို့အကောင်းဆုံး!”
 
ယဲအန့်နင်သည် အံ့အားသင့်ဟန်ဆောင်လာ၏။
 
“ကျဲကလည်း အားယန် ဝတယ်လို့ မပြောမိပါဘူး၊ မဟုတ်မှ အားယန်ကပဲ ကိုယ်ကိုယ့်ကိုယ် ဝတယ်လို့ထင်နေတာလား”
 
ရွယ်ယန်သည် သူ(မ)က အလွန်သဘောထားကြီးသဖြင့် အစ်မဖြစ်သူ ပြောသည်များကို ဂရုမထားကြောင်း ဆိုလာ၏။ ထို့နောက် ကလေးမလေးသည် ခေါင်းစဉ်ပြောင်းလိုက်သည်။
 
 
ယဲအန့်နင်သည် ပင်မမီးကို ထုံးစံအတိုင်းပိတ်ပေးလိုက်ပြီး ကုတင်ဘေးမီးအိမ်လေးကိုသာ ဖွင့်လျက်ထား,ထားလိုက်သည်။
 
သူ(မ)မှာ ကလေးမလေးကို အမြန်အိပ်ပျော်စေရန်အတွက် နောက်ကျောကို ပုတ်ပေးရန် ဟန်ပြင်လိုက်စဉ် သူ(မ)က ချက်ချင်းဆိုသလို စောင်အောက်ထဲ လျှောဝင်သွားပြီး မျက်လုံးဝိုင်းဝိုင်းလေးတစ်စုံကိုသာ လှစ်ဟထားသည်ကို တွေ့လိုက်ရသည်။ 
 
 
“ကျယ်ကျဲ မြန်မြန်ဝင်”
 
 
“အားယန် ဘာလုပ်နေတာလဲ”
သူ(မ)က ပြောရင်းဖြင့်လည်း ရွယ်ယန်၏အပြုအမူအတိုင်း စောင်အောက်ထဲ လျှောဝင်လိုက်သည်။
 
ရွယ်ယန်က အစ်မဖြစ်သူ၏နား,နားသို့ကပ်ကာ တီးတိုးဆိုလာ၏။
 
“ကျယ်ကျဲ၊ အားယန်တို့နှစ်ယောက်စလုံး စောင်အောက်ထဲပုန်းနေရင် ညသန်းခေါင်ကျရင် ဘယ်မွန်းစတားကမှ အားယန်တို့ကို လာမဖမ်းနိုင်တော့ဘူး”
 
ယဲအန့်နင်တစ်ယောက် မနေနိုင်အောင် ရယ်မိတော့သည်။
“ဘာလို့လဲ၊ စောင်ပေါ်မှာ ကျယ်ကျဲတို့ကို ကာကွယ်ပေးမယ့် တစ်ခုခုရှိနေလို့လား”
 
ကလေးမလေးသည် ရှင်းမပြတတ်သည့်တိုင် အလျှော့မပေးခေါင်းမာမြဲပင်။
 
“အဲ့ဒါက ဒီတိုင်းပဲ! စောင်အောက်မှာပုန်းနေရင် အန္တရာယ်ကင်းလိမ့်မယ်!”
 
ကုတင်အောက်တွင် အိပ်နေသည့် ထီကျစ်သည် မနေနိုင်အောင် မျက်လုံးလှိမ့်လိုက်တော့သည်။
 
ငတုံးမလေး ဘယ်က မွန်းစတားကရှိမှာလဲ၊ အဲ့ဒါ သေချာပေါက် နင့်ဘာသာတွေးထားတာကြီးမလား!
ယဲအန့်နင်မှာ ဤအကြောင်းကို သိသည့်တိုင် ကူကယ်ရာမဲ့စွာဖြင့်ပင် ညီမဖြစ်သူ၏ အလိုဆန္ဒအတိုင်း လိုက်လျောပေးလိုက်သည်။
 
“ဟုတ်ပြီ၊ ကျယ်ကျဲတို့နှစ်ယောက်စလုံး စောင်အောက်ထဲပုန်းပြီး အိပ်ကြမယ်နော်”
-
 
နောက်တစ်နေ့မနက်တွင် ယဲအန့်နင်သည် လျို့ဟွား ခေါ်နှိုးခြင်းကို ခံလိုက်ရသည်။
 
သူ(မ)သည် မျက်လုံးများကို ပွတ်သပ်ကာ ကိုယ့်ကိုယ်ကို နိုးထရန် ပြင်လိုက်သော်လည်း လျို့ဟွား၏ ပထမစကားလုံးသည် သူ(မ)အား လုံးလုံး နိုးကြားသွားစေ၏။
 
“အန့်နင်၊ သမီးရဲ့အမေ နေမကောင်းလို့နဲ့တူတယ်၊ သမီးအဖေ ခုလေးတင်ပဲ သူ့ကို ဆေးရုံခေါ်သွားပေးနေပြီ၊ အန်တီ သမီးကို အခုလိုက်ပို့ပေးရမလား”
 
လျို့ဟွားသည်လည်း ယဲအန့်နင်၏ စိတ်နေသဘောထားကို အနည်းငယ် နားလည်သဖြင့် ဤကိစ္စအား သူ(မ)ကို ပြောပြရခြင်းပေ။
 
ယဲအန့်နင်သည် လျို့ဟွားအား အမှန်တကယ် ကျေးဇူးတင်လေ၏။
 
“ကျေးဇူးတင်ပါတယ် အန်တီလျို့၊ သမီးကို ခဏလောက်စောင့်ပေးလို့ရမလား”
 
လျို့ဟွား သူ(မ)ခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
“ကိစ္စမရှိဘူး အန်တီတို့ လောဖို့မလိုပါဘူး၊ သမီးမေမေ အဆင်ပြေသွားလိမ့်မယ်နော်”
ယဲအန့်နင်မှာ အလွန်စိတ်ပူနေမိပြီး မျက်လုံးများ နီရဲကာ အသံတို့ပင် ဆို့နင့်လာခဲ့သည်။
 
“အွန်း”
 
လျို့ဟွား ယဲအန့်နင်ကို အပြင်ဘက်တွင် သွားစောင့်ပေးလေ၏။
 
သူ(မ) ရွယ်ယန်အခန်းထဲကနေ ထွက်လျှင်ထွက်ချင်း ဧည့်ခန်းထဲတွင် ရေသောက်နေသည့် ရွယ်ယွီကို တွေ့လိုက်ရသည်။
 
ရွယ်ယွိက သမ်းဝေရင်း မေးလာ၏။
 
“အမေ၊ ဘယ်လိုလုပ်ပြီး အစောကြီး အားယန်ကို တွေ့ဖို့ရောက်လာရတာလဲ”
 
လျို့ဟွားက မပီမပြင်ရှင်းပြလာ၏။
 
“မဟုတ်ဘူး ၊ အမေ အန့်နင်ကို လာနှိုးတာ၊ သူ့အမေ ဆေးရုံတင်ထားရလို့လေ”
 
ထိုအသံကိုကြားချိန်တွင် ရွယ်ယွိသည်လည်း နိုးနိုးကြားကြားဖြစ်သွား၏။
 
“အန်တီယဲက ဘာဖြစ်တာတဲ့လဲ”
 
လျို့ဟွား လက်ခါလိုက်သည်။
 
“အမေလည်း အသေးစိတ်ကို သေချာမသိဘူး၊ စိတ်ပူမနေပါနဲ့ သွားပြီး ပြန်အိပ်လိုက်အုံး”
 
ရွယ်ယွိသည် တုံ့ပြန်လိုက်သော်လည်း အတွေးထဲမျောသွား၏။
 
ပြန်လည်မွေးဖွားလာပြီးနောက်တွင် ဘဝကြီးကား သက်သောင့်သက်သာရှိလွန်းနေ၍ သူ့မှာ ပြန်လည်မွေးဖွားလာခဲ့သည်ကိုပင် မကြာခဏ မေ့လျော့နေခဲ့သည်။
 
ဒါပေမယ့်... အရင်ဘဝက ဒီလိုအချိန်မှာလည်း အန်တီယဲ နေမကောင်းဖြစ်ခဲ့တာပဲမလား?...
 
သူက လမ်းပြန်လျှောက်သွားရင်းဖြင့် တွေးတောကြည့်မိပြီး လမ်းတစ်ဝက်တွင် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရလိုက်သည်။
 
ရွယ်ယွိသည် ယဲအန့်နင်ကို ခေါ်ရန် မသိစိတ်အရအလိုလို နောက်ပြန်လှည့်လိုက်သော်လည်း သုတ်သီးသုတ်ပျာနှင့် ရွယ်ယန်အခန်းထဲမှ ပြေးထွက်ကာ လျို့ဟွား၏နောက်သို့ လိုက်သွားသော ယဲအန့်နင်ကို တွေ့လိုက်ရသည်။
 
မိနစ်အနည်းငယ်ကြာပြီးနောက်တွင် ကားစက်နှိုးသံသည် အောက်ထပ်မှနေ၍ ထွက်လာ၏။
 
ရွယ်ယွိသည် မျက်ခုံးများကို စုကျုံ့ထားလိုက်ပြီး အိပ်ချင်စိတ်တို့လည်း ရှိမနေတော့သဖြင့် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်နေလိုက်သည်။
 
ရွယ်ကျစ်နှင့် ချောင်းကျဲတို့ သူတို့အခန်းမှ ထွက်လာချိန်တွင် ရှင်းပြ၍မရသော အမူအရာဖြင့် ဆိုဖာပေါ်တွင် ထိုင်နေသော ရွယ်ယွိကို တွေ့လိုက်ရသည်။
 
“ကော၊ ဒီမှာ ဘာထိုင်လုပ်နေတာလဲ”
 
ရွယ်ကျစ်သည် ပျင်းတွဲစွာ လျှောက်သွားလိုက်ပြီး သူ့ဘေးနားတွင် ဝင်ထိုင်လိုက်သည်။
ရွယ်ယွိ၏အကြည့်တို့သည် နက်ရှိုင်းနေ၏။
 
“ရှောင်ကျစ်၊ ငါတို့ရဲ့အရင်ဘဝက ဒီလိုအချိန်အတွင်းလောက်မှာ ဘာဖြစ်သွားလဲဆိုတာ မင်း မှတ်မိသေးလား”
 
ချောင်းကျဲသည် ယခင်ဘဝက သူတို့နှင့် အဆက်အဆံသိပ်မရှိခဲ့၍ အနည်းငယ် ခေါင်းရှုပ်သွား၏။
 
“ဘာဖြစ်လို့လဲ”
 
ရွယ်ယွိသည် သူ့လက်ဆစ်များကို ပွတ်လိုက်သည်။
 
“အမေပြောတာ အန်တီယဲ ဆေးရုံတင်ထားရတယ်တဲ့၊ အရင်ဘဝက ဒီလိုအချိန်လောက်မှာပဲ သူ ကိုယ်ဝန်ရခဲ့တယ်လို့ ငါတော့ထင်တယ်”
 
ရွယ်ကျစ်မှာ ယခုလေးတင်မှ အိပ်ရာနိုးကာစဖြစ်၍ သူ့စိတ်အစဉ်က အနည်းငယ် ဝေဝေဝါးဝါးဖြစ်နေ၏။
 
“အန်တီယဲ ကိုယ်ဝန်ရှိတယ်? ဒါက သတင်းကောင်းတဲ့ကိစ္စပဲလေ မဟုတ်ဘူးလား”
 
ရွယ်ယွိတစ်ယောက် မျက်ခုံးများကို ပို၍ တင်းတင်းကျပ်ကျပ်ပင် ကြုတ်လိုက်ပုံရသည်။
 
“ငါ ယဲအန့်နင်ကို နည်းနည်းစိတ်ပူမိနေလို့”
 
သူ ထိုသို့ပြောပြီးချိန်တွင်တော့ ရွယ်ကျစ်သည်လည်း အခြေအနေကို သဘောပေါက်သွားတော့သည်။
 

ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးWhere stories live. Discover now