အပိုင်း (၉)
ချောင်းကျဲ ခေါင်းညိတ်ကာ
“အများကြီးသက်သာသွားပါပြီ၊ ကျွန်တော်တို့ ပြန်ကြတော့မလား အဒေါ်လျို့”
သူ အားယန်ကို မြန်မြန်တွေ့ချင်နေပြီဖြစ်ပြီး သူ(မ)အား သူ တစ်သက်လုံး ကာကွယ်သွားမည့်အကြောင်း ပြောပြချင်မိသည်။
လေးနှစ်အရွယ်ကလေးငယ်က ဒီလိုစကားလုံးတွေကို နားမလည်နိုင်ဘူးဆိုရင်တောင်မှပင်။
လျို့ဟွား တစ်ဖက်သို့လှည့်ပြီး သူ(မ)အနောက်မှ ဆရာဝန်အား မေးလိုက်သည်။
“ကလေးက အခု ဆေးရုံက ဆင်းလို့ရပြီလား?”
ဆရာဝန်က ချောင်းကျဲရဲ့ဆေးမှတ်တမ်းကို ကြည့်ပြီး ပြုံးရင်း ခေါင်းညိတ်ကာ
“အင်း ဆင်းလို့ရပါပြီ”
ထို့နောက် လျို့ဟွားက ချောင်းကျဲအား
“ဒါဆို အခုအိမ်ပြန်ကြစို့”
ကားထဲတွင် ထိုင်နေသည့် ချောင်းကျဲတစ်ယောက် သူ့ရဲ့အမှားတွေကို ပြင်ဆင်ဖို့ အခွင့်အရေးရတော့မည့်အလား မျှော်လင့်စောင့်စားမှုတို့ဖြင့် ပြည့်နေ၏။
လျို့ဟွားနှင့် ချောင်းကျဲတို့က စကားများကြသည့်သူများမဟုတ်သဖြင့် လက်ရှိအချိန်တွင် နှစ်ယောက်စလုံးက တိတ်ဆိတ်လျက်သားရှိနေ၏။
ချောင်းကျဲမှာ ပြတင်းပေါက်အပြင်ရှိ ရေးတေးတေးရင်းနှီးနေသည့်တိုင် စိမ်းသက်လှသည့် ရှုခင်းကို ငေးရင်း ရုတ်တရက် အရေးကြီးသည့်ပြဿနာတစ်ရပ်ကို နားလည်လိုက်သည်။
သူ ရက်စွဲကို ကြည့်ပြီးသွားပြီဖြစ်ပြီး ဒီနှစ်က သူ အသက်ဆယ့်နှစ်နှစ်ပြည့်သည့်နှစ် ဖြစ်သည်။ ထို့အပြင် ဒီနှစ်မှာပဲ လျို့ဟွားက အမှတ်မထင် ဆုံးပါးသွားခဲ့ပြီး ရလဒ်အနေဖြင့် အားယန်က အပြင်းအထန် နေမကောင်းဖြစ်သွားခဲ့သည်။
ချောင်းကျဲမှာ မထိန်းချုပ်နိုင်သော ထိတ်လန့်မှုတို့ ပြည့်နှက်နေ၏။ ထိုအချိန်က သူလည်း ဗီလာထဲတွင် ဖြစ်သော်လည်း ဘာဖြစ်သွားခဲ့သလဲကို သူ မသိချေ။
သူ သိသည့်တစ်ခုတည်းသောအရာမှာ ရုတ်တရက် မီးက အရာအားလုံးကို ဝါးမျိုသွားခြင်းပေ....
…
လျို့ဗီလာနှင့် မဝေးလှသော နေရာတွင် ကောင်လေးတစ်ယောက် ရုတ်တရက် နိုးလာခဲ့သည်။
ချီလင်းဟန်တစ်ယောက် ခေါင်းကိုက်စွာဖြင့် မရင်းနှီးသည့်ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တုံ့ပြန်ဖို့ အချိန်ပင် မရလိုက်သေးခင် လူတစ်ယောက်က ချဉ်းကပ်လာ၏။
“သခင်လေး နိုးလာပြီလား”
ထိုပုဂ္ဂိုလ်၏အသံက စိုးရိမ်မှုတို့ဖြင့် ပြည့်နေ၏။
ချီလင်းဟန် ထိုလူကို ကြည့်ရင်း မျက်ခုံးများကို ကြုတ်လိုက်သည်။ သူ သူ့ကို မှတ်မိသည်။ သူက သူ့ရဲ့လက်အောက်ငယ်သားများထဲမှ တစ်ယောက်၊ ဒါပေမယ့် သူ..သူက ခုဆို သုံးဆယ်အရွယ်ထဲမှာ ရှိနေရမှာမဟုတ်ဘူးလား? ဘာလို့ သူ့ပုံစံက နှစ်ဆယ်အရွယ်ပဲ ရှိသေးတဲ့ပုံပေါ်နေရတာလဲ?
ချီလင်းဟန်တစ်ယောက် သူ့ကို မျက်မှောင်ကြီးကြုတ်ကာ စိုက်ကြည့်နေသည်က ထိုပုဂ္ဂိုလ်ကို ပို၍ပင် သောကများလာစေပြီး
“သခင်လေး၊ သခင်လေး ရုတ်တရက် မေ့လဲသွားတာ... အဆင်ပြေရဲ့လား?”
ချီလင်းဟန် သူ့လက်ကို ခါပြလိုက်ပြီး
“ငါ အဆင်ပြေ...”
သူ ပြောနေတာကို ရပ်လိုက်ပြီး၊ နားလည်လိုက်သည်မှာ သူ့အသံနဲ့ လက်တွေက သူ့ဟာမဟုတ်ဘူး!
နောက်ဆုံးတွင် တစ်ခုခုက မှားယွင်းနေသည်ကို ချီလင်းဟန် နားလည်လိုက်သည်။ ပြဿနာက တခြားသူရဲ့ကိစ္စမဟုတ်နေဘဲ သူ့ကိစ္စဖြစ်နေတာ!
သူ ခုလေးတင် အားယန်ရဲ့အသုဘမှာလေ....
ချီလင်းဟန် စိတ်ငြိမ်အောင် ထားလိုက်ပြီး
“အခုက အတိအကျ ဘာရက်လဲ?”
ထိုပုဂ္ဂိုလ်က လေးစားမှုအပြည့်ဖြင့် နေ့ရက်ကို ပြောပြလိုက်ပြီး ချီလင်းဟန်က အေးစက်စွာ သူ့ရဲ့လက်ကို ခါပြကာ
“ကောင်းပြီ မင်း တခြားသူတွေကို အရင်သွားကူညီပေးလိုက်”
ထိုလူ ထွက်သွားသည်နှင့် ချီလင်းဟန် အံတင်းတင်းကြိတ်ထားလိုက်သည်။
သူ အားယန်နှင့် ပထမဆုံးအကြိမ်မတွေ့ခင် ရက်အနည်းငယ်အလို သူ့အသက် ဆယ့်နှစ်နှစ်အရွယ်ကို ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။
သူ မျက်လုံးများကို မှိတ်လိုက်ပြီး မျက်ရည်များက ထိန်းချုပ်ထားမရစွာ ကျလာခဲ့သည်။
ချီလင်းဟန် မျက်လွှာချထားပြီး အစက ထက်ရှသော မျက်ဝန်းများက ယခုအခါတွင် နူးညံ့ကြင်နာမှုတို့အပြည့်ဖြင့်
“အားယန်....”
…
ရွယ်ကျင်းဟုန်တစ်ယောက် ကလေးသုံးယောက်ကို လျို့ဟွားအိမ်သို့ ပြန်ခေါ်လာခဲ့ရင်း လျို့ဟွားအပေါ် သူ့ရဲ့မကျေနပ်မှုတို့က ကြီးထွားလာခဲ့သည်။
လမ်းတစ်လျှောက်လုံးရှိ ခြောက်ကပ်ကပ်နှင့် လူသူကင်းမဲ့သည့် ပတ်ဝန်းကျင်ကို ကြည့်ပြီး သူ့မှာ မနေနိုင်တော့စွာဖြင့် ရွယ်ယန်အား
“အားယန် မေမေက သမီးကို ကစားဖို့ အပြင်ကို ခေါ်မသွားဖူးဘူးလား?”
သူ(မ)ရဲ့မမပေးထားသည့် သကြားလုံးငုံထားသည့် ရွယ်ယန်မှာ ပါးလေးဖောင်းဖောင်းဖြင့်
“မေမေကပြောတယ် အားယန်က ငယ်လွန်းသေးတယ်တဲ့ ဒါကြောင့်မလို့ အပြင်မှာ ကစားလို့မရဘူးတဲ့”
ကလေးများက ဘာကပြောသင့်မပြောသင့်သလဲကို မသိသဖြင့် သူ(မ)က သူ(မ)သိထားသည့်အရာကိုသာ ရိုးရိုးရှင်းရှင်း ပြောပြလိုက်သည်။
သို့ရာတွင် ထိုအဆိုပြုချက်က ရှိနေကြသည့် လူသုံးယောက်အား မျက်ခုံးများကို ကြုတ်သွားမိစေသည်။ ရွယ်ကျင်းဟုန်တစ်ယောက် သူ့သမီးငယ်ရဲ့ အုပ်ထိန်းခွင့်အတွက် တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်ထားပြီးပြီဖြစ်သည်။
“ဘယ်သူကမှ ကလေးကို ဒီလိုမပျိုးထောင်ကြဘူး”
လေးယောက်သား သူတို့ရဲ့ဦးတည်ရာကို ရောက်သည့်အချိန် သူတို့အားလုံး ဗီလာအဝင်ဝတွင် အဝေးကို တမျှော်မျှော်ကြည့်ရင်း ရပ်နေသည့် အားမန်ကို တွေ့လိုက်ရသည်။
ကားရပ်သည်နှင့်အတူ ရွယ်ယန်က မနေနိုင်အောင် တံခါး တွန်းဖွင့်လိုက်ပြီး ခုန်ဆင်းလိုက်သည်။ ကလေးမလေးက တက်ကြွစွာ အော်ဟစ်ရင်း
“အားမန် သမီး ပြန်လာပြီ!”
ငိုချတော့မည့် အားမန်က အရှေ့သို့ ပြေးလာပြီး ကလေးငယ်အား တင်းကျပ်စွာ ဖက်ကာ
“အားယန်!”
သူ(မ)က ကလေးမလေးရဲ့နူးညံ့သည့်ပါးပြင်လေးကို ညှစ်ပြီး
“အားယန်၊ နောင်ဆို ဒီလိုမျိုး ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း လျှောက်မသွားရဘူးနော်၊ အားမန်တို့က စိတ်ပူနေတယ်လေ သိရဲ့လား?”
ရွယ်ယန်က သူ(မ)ကို လိမ္မာစွာ ပြန်ဖက်ထားရင်း
“အားမန် သမီးမှားမှန်း သိပါတယ်”
ကလေးငယ်က အမှားကို ဝန်ခံလိုက်သည်နှင့်အတူ အားမန်မှာ စိတ်ပျော့သွားပြီး
“အိုခေ အိုခေ အားယန် အပြင်မှာ တစ်ခုခုဖြစ်သွားခဲ့သေးလား?”
ရွယ်ယန်က ခေါင်းခါပြီး
“ဟင့်အင်း! ဖေဖေနဲ့ ဒေါ်ဒေါ်ယဲက သမီးကို အရမ်းကောင်းပေးတယ်”
သို့သော် အားမန်က အလွန်ပျော်ရွှင်နေသည့်ပုံမပေါ်ဘဲ ရွယ်ကျင်းဟုန်ဘက်သို့လှည့်ကာ
“မဒမ်က မကြာခင် ပြန်လာတော့မှာ၊ မစ်စတာရွယ်က ပြန်လို့ရပါပြီ”
သူ(မ)စကားများက လုံးဝကို ယဉ်ကျေးမှုရှိမနေသော်လည်း ရွယ်ကျင်းဟုန်က စိတ်ထဲ မထည့်ပေ။ သူက အနောက်မှ ကောင်လေးနှစ်ယောက်အား ညွှန်ပြပြီး
“ရှောင်ယွိနဲ့ ရှောင်ကျစ်လည်း ပါလာတယ်၊ ငါတို့တွေ အထဲဝင်ပြီး ခဏလောက်ထိုင်လို့ရမလား?”
အားမန်က မျက်မှောင်ကြုတ်လိုက်သော်လည်း သဘောတူပေးလိုက်သည်။
“ဒါဆိုလည်း..ကျေးဇူးပြုပြီး အထဲဝင်လာကြပါ”
ရွယ်ယန်တစ်ယောက် အိမ်သို့ ပြန်ရောက်သည်နှင့် သူ(မ)က ခုန်ပေါက်ပြီး သူ(မ)အကိုတွေအတွက် စားစရာအချို့ ယူလာပေးချင်ခဲ့သည်။ အားမန် ဂရုမထားနေဘဲ သူ(မ)လေး သဘောကျ ပေးလုပ်ထားလိုက်သည်။
သူတို့ ကြာကြာပင် မစောင့်လိုက်ရပြီး လျို့ဟွားနှင့် ချောင်းကျဲတို့ ပြန်ရောက်လာခဲ့သည်။ လျို့ဟွားက အနည်းငယ် စိတ်ရှုပ်နေပုံပေါ်ပြီး ရွယ်ကျင်းဟုန်ကို မြင်ချိန်တွင် သူ(မ)ရဲ့စိတ်ရှုပ်မှုတို့က အဆုံးစွန်ထိ ရောက်သွားတော့သည်။
“ရှင် ဒီကို ဘာလို့ရောက်နေတာလဲ?”
သူ(မ)အသံတို့က အေးစက်လျက်ရှိသည်။
ရွယ်ကျင်းဟုန်က မျက်မှောင်ကြုတ်ထားပြီး
“ငါ အားယန်ကို လာပြန်ပို့တာ”
လျို့ဟွားရဲ့ခန္ဓာကိုယ် တစ်ခဏ တန့်သွားပြီး
“အားယန်ကို လာပြန်ပို့ပေးတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ?”
ရွယ်ယန်တစ်ယောက် ပစ္စည်းအစုံဖြင့် ထွက်လာပြီး လျို့ဟွားနှင့် ချောင်းကျဲကို မြင်ချိန်တွင် ပျော်ရွှင်သွားပြီး
“မေမေ ကိုကိုရှောင်ကျဲ ပြန်လာပြီ!”
ချောင်းကျဲရဲ့မျက်လုံးများက အရှေ့သို့ လျှောက်သွားရင်း ညင်သာနေပြီး ကလေးမလေးရှေ့ ဒူးထောက်ထိုင်ကာ
“အားယန် အိမ်မှာ ဆိုးသေးလား?”
ရွယ်ယန်က အပြစ်ရှိစွာဖြင့် ခေါင်းငုံ့ထားကာ စကားပြောဖို့ အချိန်ပင် မရှိလိုက်ပဲ လျို့ဟွားက သူ(မ)အရှေ့သို့ လျှောက်လာကာ
“အားယန်!”
ရွယ်ယန် သူ(မ)အား ဝမ်းနည်းစွာ မော့ကြည့်လိုက်ပြီး
“မေမေ”
သူ(မ)ရင်ထဲမှ စိုးရိမ်သောကတို့အား ဖိနှိပ်ထားရင်း လျို့ဟွားက ရွယ်ကျင်းဟုန်အား အလွန်အေးစက်စွာ ပြောလိုက်သည်။
“ရှင် ထွက်သွား”
ရွယ်ကျင်းဟုန် ဘာမှမပြောရသေးခင် ရွယ်ယွိနှင့် ရွယ်ကျစ်တို့မှာ မထွက်သွားချင်ကြချေ။ သူတို့က ဒီမှာနေကာ အားယန်အား ကာကွယ်ပေးချင်သည်။ ဒါကြောင့်မလို့ ဘာလို့ သူတို့က အစောကြီးထွက်သွားပေးရမှာလဲ?
ရွယ်ယွိက မျက်မှောင်ကြုတ်ထားရင်း
“မေမေ ကျွန်တော်တို့က အားယန်ကို သတိရလို့”
သူ ပြောပြီးသည်နှင့် လျို့ဟွား ဘာမှဆက်မပြောတော့ချေ။ သူ(မ)က သူ(မ)သားလေးနှစ်ယောက်ကို ကြည့်ပြီး တောင့်တင်းသော အသံတို့ဖြင့်
“.... ရက်အနည်းငယ် နေပြီးရင်တော့ ပြန်သွားကြ၊ သင်ခန်းစာတွေကို မနှောင့်နှေးစေနဲ့”
ရွယ်ယွိလည်း ဆက်ပြောမနေတော့ချေ။ ရက်အနည်းငယ်ဆိုလျှင်တောင်မှ သူ အနည်းငယ် စိတ်အေးနိုင်ပေသည်။
“အိုခေ”
သူတို့ ရက်အနည်းငယ်လောက် အေးဆေးဖြတ်သန်းသွားလို့ရမည်ဟု ထင်ထားခဲ့သော်လည်း ညနေခင်းတွင် တစ်စုံတစ်ယောက်က ဗီလာဆီ ရောက်လာခဲ့ပြန်သည်။
ချီလင်းဟန်တစ်ယောက် သူ့အရှေ့ရှိ ဗီလာကို ကြည့်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ သူက သူ့ဘေးနားမှလူအား
“တံခါးကို သွားခေါက်လိုက်”
ထိုလူက တုံ့ဆိုင်းမှုအလျဉ်းမရှိဘဲ တံခါးဆီသို့ လျှောက်သွားကာ သုံးကြိမ်တိုင်တိုင် တံခါးခေါက်လိုက်သည်။
အားမန်က အမြန်ပြေးလာခဲ့ပြီး တံခါး သွားဖွင့်လေသည်....
သို့နှင့် လူသုံးယောက်က ဧည့်ခန်းထဲတွင် တောင့်တောင့်ကြီး ထိုင်နေကြ၏။
ချီလင်းဟန်က လည်ချောင်းကို ရှင်းလိုက်ပြီး
“အဟန့် ကျွန်တော် မမျှော်လင့်ထားဘဲ ဒီနေရာကို ရောက်လာခဲ့တာပါ၊ ဒီည ဒီမှာတည်းခိုခွင့်ရမယ်လို့ မျှော်လင့်ပါတယ်”
လျို့ဟွားက စကားသိပ်မပြောပဲ ရိုးရှင်းစွာဖြင့်
“ရပါတယ်၊ ဒါပေမယ့် မနက်ဖြန် မနက်စောစော ထွက်သွားပေးကြဖို့ မျှော်လင့်ပါတယ်”
ချီလင်းဟန်က တစ်ခဏရပ်သွားပြီး ယဉ်ကျေးစွာ ခေါင်းညိတ်ကာ
“ကျေးဇူးတင်ပါတယ်”
သုံးယောက်စလုံးက အစက လုံးလုံးမသိကြသူများဖြစ်ပြီး လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မမျှော်လင့်ထားသည့် အဖြစ်အပျက်များမှတစ်ဆင့် သူတို့ထဲမှ ကလေးများက တစ်ယောက်ကိုတစ်ယောက် သိလာခဲ့ကြသည်။
ပြီးတော့ သူတို့အားလုံးတွင် တစ်ယောက်ကိုတစ်ယောက် လွန်စွာ သတိထားမှုတို့ ရှိနေ၏။
လေထုက အနည်းငယ် ကိုးရိုးကားရားနိုင်လာသည်နှင့်အတူ အပေါ်ထပ်မှ အသံချိုချိုလေးတစ်ခု ထွက်လာ၏။
“မေမေ သမီး ဒီည ချောကလက်တစ်ခုလောက် စားလို့ရလား?”
အသံက ပျောက်ကွယ်သွားသည်နှင့်အတူ ကောင်မလေးတစ်ယောက်က လက်ရန်းကို ကိုင်ရင်း လှေကားမှတစ်ဆင့် ဆင်းလာ၏။
ကလေးမလေးက သုံးလေးနှစ်အရွယ်လေးသာ ရှိအုံးမည်ဖြစ်ပြီး သူ(မ)လေးက အလွန်တရာကို ချစ်စဖွယ်ကောင်းနေ၏။ သူ(မ)ရဲ့မျက်နှာအသွင်အပြင်တို့က နူးညံ့နေပြီး အကောင်ပေါက်စလေးလို နူးညံ့သည့် ရောင်ဝါတို့ ပေးစွမ်းနေ၏။