အပိုင်း (၅၆)
ရွယ်ယန်မှာ အနည်းငယ် ရင်ဖိုစိတ်လှုပ်ရှားနေ၏။ သူ(မ)သည် တီဗီထဲက လူများကဲ့သို့ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး အတုံ့အဆိုင်းမရှိဘဲ ခလုတ်ကို ဖိချလိုက်သည်။
“အာ့!”
ထိတ်ပျာသွားသော ကလေးငယ်၏အသံက ရွယ်ယွိနှင့် အခြားသူများအား ထိတ်လန့်သွားစေ၏။
သူတို့ လှမ်းကြည့်လိုက်ကြသည့်အချိန် နှင်းခဲပုံကြားထဲတွင် ထိုင်နေသော ကလေးမလေး၏ နှင်းများပြည့်နေသော မျက်နှာကို မြင်လိုက်ရသည်။
ရှန်နျန်က မျက်မှောင်ကြုတ်ကာ အော်ငေါက်လိုက်သည်။
“လီယွမ် နင် ဘာလို့ အားယန်ကို ပစ်လိုက်တာလဲ!”
လီယွမ် ထိတ်ထိတ်ပျာပျာ ရှင်းပြလာ၏။
“မဟုတ်ပါဘူး! ငါ ရှောင်ချီကောကို ပစ်ဖို့ လုပ်တာ! မတော်တဆနဲ့ အားယန်ကို ထိသွားမိတာ!”
ယဲအန့်နင်က သေနတ်ကို မြှောက်လိုက်ပြီး
“ဘာမှ ရှင်းပြချက်တွေ ပေးမနေနဲ့”
ရွယ်ယွိနှင့် အခြားသူများကလည်း သူတို့၏သေနတ်များကို မတိုင်ပင်ထားပါဘဲ လီယွမ်ထံ ချိန်ရွယ်လိုက်ကြသည်။ သူ ဒုက္ခတွေ့တော့မည်ကို မြင်လျှင် လီယွမ်တစ်ယောက် ထွက်ပြေးတော့သည်။
ထိုအချိန် အဖြူရောင် နှင်းအရိပ်က ဖြတ်ပြေးသွားပြီး လီယွမ်မှာ ငယ်သံပါအောင် အော်တော့သည်။
“အားယန် ကယ်ပါအုံး!”
ထီကျစ်သည် လီယွမ်အား မြေပေါ်တွင် ဖိချထားပြီး သူ့အား မလှုပ်ရန် ခြိမ်းခြောက် မာန်ဖီလိုက်သည်။ အရွယ်ရောက်လုနီး ဝံပုလွေသားပေါက်၏ ခွန်အားက လျော့တွက်လို့ကောင်းသည့်အရာ မဟုတ်ပေ။ လီယွမ်မှာ တုန်ယင်သွားပြီး လှုပ်ဖို့ပင် မဝံ့ရဲတော့ချေ။
သူ၏ရည်ရွယ်ချက် အောင်မြင်သွားသည်ကို မြင်လျှင် ထီကျစ်က သူ့ခေါင်းကို လှည့်ကာ ရွယ်ယွိနှင့် အခြားသူများအား အကြိမ်အနည်း လှမ်းဟောင်လိုက်သည်။
ချီလင်းဟန်က သူဆိုလိုချင်သည့် အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားပြီး သေနတ်ကို မြှောက်ကာ လီယွမ်ထံ နှင်းဘောလုံးကို ပစ်ထည့်လိုက်သည်။
မှောက်ချခံထားရသည့် လီယွမ်မှာ လုံးဝ မရှောင်ရှားနိုင်ပဲ အံကို ကြိတ်ကာ တောင့်ခံရတော့သည်။
ရှန်နျန်နှင့် ယဲအန့်နင်၏မျက်လုံးများက တောက်ပသွားပြီး သူတို့၏ မီးစာကိုပါ လီယွမ်ထံ ဦးတည်ထားလိုက်ကြသည်။
ရွယ်ယန်သည် ဖင်ထိုင်ရက်လဲကျသွားကတည်းက ဝမ်းနည်းပက်လက်ဖြစ်နေတော့သည်။ သူ(မ)မှာ အချိန်အတန်ကြာ ပြင်ဆင်ထားခဲ့ရသည့်တိုင် မည်သူ့ကိုမျှ ထိအောင် မပစ်နိုင်သေး၊ မည်သူ့ကိုမျှ မပစ်နိုင်ရုံတင်မက သူ(မ)မျက်နှာသာ နှင်းဖြင့်ဖုံးသွား၏။
ဒီအတိုင်းကြည့်ရင်တော့ နည်းနည်း ထိုက်တန်တယ်ဆိုပေမယ့် ကလေးမကတော့ ဒါတွေကို ဂရုမစိုက်ဘူးလေ၊ သူ(မ) ဝမ်းနည်းနေတယ်ဆိုတာပဲ!
ရှန်နျန်နှင့် ယဲအန့်နင်က အသေးလေးကို ပြေးလာထူပေးကြပြီး သူ(မ)ကိုယ်ပေါ်ရှိ နှင်းများကို တစ်ဖန် ခါပေးလိုက်ကြပြန်၏။
ယဲအန့်နင်က ရွယ်ယန်၏နဖူးလေးအား တောက်လိုက်ပြီး
“ထင်တဲ့အတိုင်းပဲ၊ အားယန်ချည်းပဲ ခံနေရတာ”
ကလေးမလေးက သနားစဖွယ်ကောင်းစွာ ခေါင်းကို ငုံ့ထားလိုက်သည်။
“ကျယ်ကျဲ အားယန် ဘယ်သူ့ကိုမှ မပစ်ရသေးဘူး”
ယဲအန့်နင်က လက်ကိုင်ပဝါကို ထုတ်ပြီး သူ(မ)မျက်နှာကို သုတ်ပေးလိုက်ပြီးနောက် စိတ်ကျေနပ်သွားစွာဖြင့် သူ(မ)အရှေ့ရှိ ချစ်စဖွယ် နူးနူးညံ့ညံ့ ကလေးမလေးအား ကြည့်လိုက်သည်။ ကလေးမလေး အလွန် ဝမ်းနည်းနေပုံကို မြင်လျှင် သူ(မ)က မပြောခင် ဂရုတစိုက် စဉ်းစားလိုက်သည်။
“အားယန် ပစ်ချင်တဲ့သူကို ပစ်လို့ရအောင် ကျဲတို့ တန်းစီပေးမယ်ဆိုရင်ရော၊ ဟုတ်ပြီလား”
ရွယ်ယန်က မျက်တောင်လေး ခတ်ပြီး
“အဲ့လိုရလား?”
ယဲအန့်နင်က သူ(မ)ခေါင်းလေးကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
“ဒါပေါ့”
ကလေးမလေးအား ညင်သာစွာ ချော့မော့ပြီးသည်နှင့် သူ(မ)က တစ်ဖက်သို့ လှည့်ကာ အမူအရာများက ပြောင်းလဲသွားတော့သည်။
“နင်တို့တွေ အကုန်လုံး တန်းစီကြမယ်!”
ကလေးမလေးအား စိတ်ကျေနပ်စေရန် ရွယ်ယွိနှင့် အခြားသူများက တက်ကြွစွာ အတူတကွ မတ်တတ်ရပ်လိုက်ကြသည်။
ထီကျစ်ကလည်း နှင်းများလွှမ်းခြုံနေသော လီယွမ်ကို ဘယ်အချိန်ကတည်းကမှန်းမသိ ပြန်လွှတ်ပေးလိုက်ပြီး ရွယ်ယန်ကို နှစ်သိမ့်ပေးရန် သူ(မ)ဆီ ခုန်ပေါက်ပြေးသွား၏။
ချီလင်းဟန်က လီယွမ်ကို အလယ်သို့ ဆွဲခေါ်သွားပြီး ရွယ်ယွိနှင့်အတူ ပူးပေါင်းကာ သူ့ကို ချုပ်ထားလိုက်သည်။
ထိုစဉ် ရှန်နျန်က နှင်းများ အသစ်ပြန်ဖြည့်ထားသော သေနတ်ကို ထုတ်ကာ ရွယ်ယန်ကို ကမ်းပေးလိုက်သည်။
“အားယန် အွန့်! ထိန်းချုပ်ထားစရာမလိုဘူး၊ မျက်နှာကို စိတ်ကြိုက်သာ ချိန်ပြီးပစ်”
လီယွမ်က အလယ်ကောင်မှ သူ၏အတင်းလုပ်ယူထားရသော နေရာမှ ဆန္ဒပြလာ၏။
“မရဘူးလေ! မျက်နှာကိုတော့ မပစ်ရဘူးလေ!”
ယဲအန့်နင် သူ့ကို စိုက်ကြည့်လိုက်သည်။
“ဒါဆိုလည်း နင် ခုနက ဘာလို့ အားယန်ရဲ့မျက်နှာကို နှင်းဘောလုံးနဲ့ ပစ်လိုက်ရတာလဲ”
လီယွမ် : “..."
တမင်သက်သက် လုပ်တာ မဟုတ်ပါဘူးဆို!
စိတ်ထဲတွင် တဝူးဝူးငိုနေသည့် လီယွမ်ခမျာ တဖြည်းဖြည်းနှင့် သူကာ “အားယန်၏ပစ်မှတ်” ဖြစ်သွားသည်ကို လုံးလုံး သတိမထားမိလိုက်ချေ။
ရွယ်ယန်မှာ အစက ချီတုံချတုံဖြစ်နေသော်လည်း အစောပိုင်းက သူ(မ) မည်သို့ အပစ်ခံလိုက်ရပုံကို ပြန်တွေးပြီး သူ(မ)၏လက်သီးဆုပ်လေးက မာကြောသွား၏။
သူ(မ)က ရှန်နျန်ကမ်းပေးလာသည့် အရုပ်သေနတ်ကို ပြတ်သားစွာ လှမ်းယူလိုက်သည်။
ထို့နောက် အရုပ်သေနတ်မှာ လေးလံလွန်းသည်ကြောင့် ကလေးမလေးက ရှေ့သို့ ခြေနှစ်လှမ်းလှမ်းရင်း ယိုင်နဲ့နေ၏။
ယဲအန့်နင်မှာ မနေနိုင်အောင် သူ(မ)မျက်နှာကိုသာ ကာထားလိုက်တော့သည်။ ကလေးစုတ်လေး! ဒီလိုအရှိန်မျိုးနဲ့! ခြေတစ်လှမ်းတောင် မလှမ်းရသေးခင် နင် အရင်လဲသွားအုံးမယ်!
ထိုပုံစံကို မြင်ပြီး ရွယ်ယွိနှင့် ချီလင်းဟန်မှာလည်း ရယ်ချင်နေသည့်တိုင် အသေးလေးအား ဒေါသထွက်သွားစေမည်စိုးသောကြောင့် ပြန်ထိန်းထားရ၏။
လီယွမ်မှာ လုံးဝကို သတိမမူမိပြီး သူ့ညီမလေးက သူ့ကို ရိုက်နိုင်မှာ မဟုတ်ဘူးဟု တွေးကာ ခါးပေါ်လက်ထောက်ရင်း အော်ရယ်လေတော့သည်။
“ဟားဟားဟား! အားယန် နင် သေနတ်တောင် မကိုင်နိုင်ဘဲနဲ့! ဟားဟားဟား အား!”
သူ ခေါင်းကို မော့ကာ ရယ်နေစဉ် နှင်းဘောလုံးက သူ့မျက်နှာတည့်တည့်လာမှန်ပြီး သူ့ပါးစပ်မှာ နှင်းများ ပြည့်သွား၏။
သူက ရုတ်ခြည်း အရယ်ရပ်သွားပြီး မျက်နှာတစ်ခုလုံး ရှုံ့မဲ့ကာ နှင်းများကို ပြန်ထွေးထုတ်လိုက်သည်။
“အားယန်! ဘာလို့ အသိမပေးဘာမပေးဘဲ အရင် ပစ်လိုက်ရတာလဲ!”
သူ ပစ်လိုက်မှန်းတောင် မသိရှာသည့် ရွယ်ယန်မှာ ကြောင်အမ်းစွာ ခေါင်းကုတ်လိုက်သည်။
“အားယန် မပစ်ပါဘူး! သူ့ဘာသာသူ ရုတ်တရက်ကြီး ထွက်သွားတာ!”
ယဲအန့်နင်က ရွယ်ယန်လက်ထဲမှ သေနတ်ကို အခြားတစ်လက်ဖြင့် လဲပေးလိုက်သည်။
“အားယန် ဒီဟာကိုသုံး”
ကလေးမလေးက ယခုထိတိုင် ကောင်းကောင်းမကစားနိုင်သေးသဖြင့် စိတ်ဆိုးနေဆဲပင်။ သူ(မ)က အရုပ်သေနတ်ကို အချိန်အနည်းငယ်ကြာ ပွတ်သပ်ပြီးနောက် အစ်ကိုများရှိရာဆီ သေနတ်ဖြင့် ရောက်တတ်ရာရာသို့ အကြိမ်ကြိမ် ပစ်ထည့်လိုက်သည်။
သူတို့ညီမလေး ပစ်လာမည်ကို အေးအေးဆေးဆေး စောင့်ဆိုင်းနေခဲ့ကြသော ရွယ်ယွိနှင့် အခြားသူများမှာ သတိမမူမိဘဲ အသီးသီး အပစ်ခံလိုက်ရတော့သည်။
ရှန်နျန်မှာ ရွယ်ယန်ကိုကြည့်ပြီး ထိတ်လန့်အံ့ဩသွား၏။
“အားယန်၊ နင်..နင်က အရမ်း မိုက်တာပဲ”
ကလေးမလေးမှာ ခေါင်းရှုပ်နေရဆဲပင်။
သူ(မ)က ဘယ်သူလဲ? သူ(မ) ဘယ်ကို ရောက်နေတာလဲ? သူ(မ) ဘာလုပ်လိုက်တာလဲ?
သူတို့၏ ဖရိုဖရဲအခြေအနေကို ကြည့်ပြီး ယဲအန့်နင်မှာ ရွယ်ယန်ဘေးတွင် ဝင်ထိုင်ရင်း မနေနိုင်အောင် ရယ်မိတော့သည်။
ရွယ်ယွိက ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး ကိုယ်ထက်ရှိ နှင်းများကို တည်ငြိမ်စွာ ခါချလိုက်သည်။ သူက ရွယ်ယန်နားသို့ သွားလိုက်ပြီး သူ(မ)ကို ကောက်ချီလိုက်သည်။
“အားယန် အခု နည်းနည်းပျော်သွားပြီလား”
ရွယ်ယန်က အမွေးပွလက်အိတ်များဖြင့် သူ(မ)၏လက်သေးသေးလေးကို ဆန့်ထုတ်ကာ လက်နှစ်ချောင်းကို ခက်ခက်ခဲခဲ ထောင်ပြလိုက်သည်။
“ဒီလောက်နည်းနည်း ပျော်တယ်”
ရွယ်ကျစ်ကလည်း အနားရောက်လာပြီး
“ဒါဆို အားယန်ကို အများကြီး အများကြီး ပျော်ရွှင်အောင် ဘယ်လိုလုပ်ပေးရမလဲ”
ကလေးမလေးမှာ ကစားခဲ့ရပြီးနောက် အနည်းငယ် ပင်ပန်းသွားပြီး သူ(မ)၏ မျက်နှာသေသေးလေးအား အကိုဖြစ်သူ၏ ရင်ခွင်ထဲ တိုးဝှေ့ပွတ်သပ်လိုက်သည်။
“ကိုကို အားယန် ချောကလက်စားချင်တယ်၊ ချောကလက်စားမှပဲ ဒီထက်ပိုပြီး ပိုပျော်လာတော့မှာ”
ရွယ်ယွိက ဖရိုဖရဲဖြစ်နေသော ခြံထဲရှိ နှင်းခဲပုံများကို ကြည့်ကာ လက်ထဲမှ ကလေးမလေးကို တစ်ချက်ပြန်ပင့်လိုက်သည်။
“ဒါဆို ကိုကိုတို့ ဆော့တာရပ်လိုက်ကြရအောင်၊ အထဲသွားပြီး အဝတ်စားတွေ လဲပြီး နွေးသွားအောင် ချောကလက်လေးစားကြတာပေါ့”
လီယွမ်တစ်ယောက် ချီလင်းဟန်ကို မျှော်လင့်တကြီး ကြည့်လိုက်ပြီး သူ့ကဲ့သို့ အုပ်စုဖွဲ့ အနိုင်ကျင့်ခံထားရသော အနှီအကိုကြီးက သူ့ကို နှစ်သိမ့်ပေးရန် မျှော်လင့်နေ၏။
သို့ရာတွင် ချီလင်းဟန်မှာ ကောင်လေး၏အကြည့်တို့ကို လုံးလုံး သတိမမူမိပါချေ။ သူ၏ အာရုံအလုံးစုံက ကလေးမလေးထံတွင်သာ ဖြစ်သည်။
သူက လက်အိတ်ကို ချွတ်လိုက်ပြီး သူ့အိတ်ကပ်ထဲမှ ချောကလက်တစ်တောင့်ကို ရွယ်ယန်အတွက် တိုက်ရိုက် ထုတ်ပေးလိုက်သည်။
“အားယန် ချောကလက်စားလေ”
ရွယ်ယန်တစ်ယောက် အံ့အားတသင့် မျက်တောင်လေး ခတ်လိုက်သည်။
“လင်းဟန်ကောကော၊ ကောကော ဘယ်ကနေပြီး ချောကလက်ရလာတာလဲ!”
ချီလင်းဟန်က ညင်သာစွာ ပြုံးလိုက်ပြီး
“အားယန် ကြိုက်မှန်းသိလို့လေ”
ရွယ်ယန်က ချောကလက်ကို တတိတိကိုက်လိုက်ပြီး သူ့ကို ပဟေဠိဆန်စွာ ကြည့်လိုက်သည်။ ကလေးမလေးက သူဘာကိုဆိုလိုသည်ကို နားမလည်သေး။
ရွယ်ယန် နားမလည်တာနဲ့ပဲ တခြားသူတွေက နားမလည်ဘူးလို့ မဆိုလို၊ သို့နှင့်...
ရွယ်ယွိက နှာမှုတ်လိုက်ပြီး
“အကြံအစည်နဲ့”
ရွယ်ကျစ်ကလည်း နှာမှုတ်ပြီး
“အကြံဆိုးနဲ့”
ချောင်းကျဲကလည်း နှာမှုတ်လာ၏။
“အကြံသမား”
ယဲအန့်နင်သည်လည်း ထိုနည်း၎င်း။
“ကြောင်သူတော်”
ရှန်နျန်သည်လည်း ထပ်တူပင်။
“အယောင်ဆောင်”
လီယွမ်သည်လည်း နှာခေါင်းမှုတ်လိုက်၏။ သို့သော် အသိဉာဏ်မကြွယ်သေးသည်ကြောင့် ဘာပြောရမှန်းတော့ မသိချေ။
ရွယ်ယန်သည်လည်း တဟန့်ဟန့်ဖြင့်။ ချီလင်းဟန်အား လှမ်းဖက်ရန် ရုန်းကန်နေရသည်။
ချီလင်းဟန် သူတို့အား ပြောစရာစကားမဲ့စွာ ကြည့်လိုက်ပြီးနောက် အသေးလေးကို ချီကာ အထဲသို့ ဝင်သွားလိုက်သည်။
လျို့မန်နှင့် လျို့ဟွားတို့က ဧည့်ခန်းမတွင် မီးလှုံနေကြပြီး သူတို့ပုံစံက အလွန်အမင်း သက်သောင့်သက်သာ ရှိနေသည့်နှယ်။
ချီလင်းဟန်က ရွယ်ယန်ကို အထဲသို့ ခေါ်လာသည်နှင့် လျို့ဟွားသည် မနေနိုင်အောင် မျက်မှောင်ကြုတ်လိုက်သည်။ သူ(မ)က သူတို့အား လက်ဝှေ့ယမ်းပြကာ
“လာလာ ဒီကိုလာပြီး မီးလာလှုံကြ၊ ကျစ် ထားလိုက်တော့ အဝတ်စားတွေကိုသာ အရင်သွားလဲကြ၊ ငါတို့ မင်းတို့တွေအိမ်ကို သွားပြီး လဲဝတ်မယ့်အဝတ်တွေ ယူလာပေးထားတယ်”
