အပိုင်း (၄၃)
ကလေးမလေးခမျာ ငယ်ငယ်ရွယ်ရွယ်နှင့် ကြမ်းတမ်းသော ဘဝ၏ ခါးသီးသော အရသာကို မြည်းစမ်းနေရရှာသည်။
သူ(မ)ဘေးရှိ ရွယ်ယွိနှင့် ယဲအန့်နင်တို့မှာ ရွယ်ယန်အတွက် စိတ်မကောင်းဖြစ်မိကြသော်လည်း အကူအညီတောင်းခံနေသည့် သူ(မ)၏ အသနားခံသော မျက်လုံးများကိုတော့ မသိချင်ယောင် ဆောင်လိုက်ကြ၏။
နောက်တစ်နေ့ နေ့လယ်ခင်း ရွယ်ယွိ အိမ်သို့ပြန်လာသည့်အချိန် သူ့အိမ်တွင် အနည်းငယ် ရင်းနှီးနေပုံရသော ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။
သူ့မှာ ဘာမှ မမေးရသေးခင် ဟုတ်ပါ၏၊ သူလည်း ဘာမှ မေးမနေချင်ပေ။ လျို့ဟွားက သူ့ကို လှမ်းခေါ်လာ၏။
"ရှောင်ယွိ!"
အပေါ်ထပ်သို့တက်တော့မည့် ရွယ်ယွိ၏ခြေလှမ်းများက ရပ်တန့်သွားပြီး ဧည့်ခန်းဘက်သို့ လှည့်ကြည့်လိုက်သည်။ သူက အနည်းငယ် မသေချာစွာဖြင့် မေးလိုက်၏။
"ဘာဖြစ်လို့လဲ အမေ"
လျို့ဟွားက တည်ကြည်စွာဖြင့် ကောင်လေးကို ရွယ်ယွိနှင့် မိတ်ဆက်ပေးလာ၏။
"ဒါက ဘေးအိမ်က အန်ကယ်လီရဲ့သား နာမည်က လီယွမ်တဲ့ မင်းတို့တွေ အခုချိန်ကစပြီး သူနဲ့ များများကစားပေးကြ"
ရွယ်ယွိမှာ ရွယ်ယန်ကလွဲ၍ မည်သည့်ကလေးကိုမျှ သဘောမကျချေ။ သို့သော် လျို့ဟွားအတွက် သူက တုံ့ဆိုင်းစွာနှင့် သဘောတူပေးလိုက်၏။
"ကောင်းပါပြီ"
မမျှော်လင့်ထားစွာဖြင့် လီယွမ်က ရွယ်ယွိအား အထင်မြင်သေးစွာ ကြည့်လိုက်ပြီး
"ကျွန်တော် သူနဲ့ မကစားချင်ဘူး"
ရွယ်ယွိ : "..."
ငါကရော မင်းနဲ့ကစားချင်နေတယ်လို့ ဘာက မင်းကို ယုံကြည်ချက်တွေ ရှိနေစေတာလဲ?
လျို့ဟွားက အခြေအနေကို ဖျန်ဖြေပေးရန် ကသိကအောက်နိုင်စွာ ပြုံးလိုက်ပြီး
"ရှောင်ယွိ မင်းက ညီလေးကို များများ အလျှော့ပေးသင့်တယ်လေ"
အရိုးသားဆုံးဆိုရလျှင် လီယွမ်သာ သူ(မ)၏သားဖြစ်လျှင် လျို့ဟွား အနှီကောင်လေးအား ယခုလို အခြေအနေမျိုးတွင် ထရိုက်နေလောက်မည်ဖြစ်သည်။
သို့ရာတွင်... အိမ်နီးချင်းကလေးကို ဘာသွားလုပ်လို့ ရမှာတဲ့လဲ? သူ(မ)မှာ အချိန်အတိုင်းတာတစ်ခုထိတော့ ကောင်းကောင်းမွန်မွန် ပြောပေးရုံပဲပေါ့။
ကံကောင်းထောက်မစွာ လီယွမ်က ရွယ်ယွိအပေါ် အလွန် ပလွှားပြနေသည့်တိုင် လျို့ဟွားနှင့် စကားပြောလျှင်တော့ အတော်လေး ယဉ်ကျေးနေဆဲဖြစ်သည်။
မဟုတ်လျှင် ရွယ်ယွိ သူ့အား နေရာမှာတင် မည်သို့ ပြုမူနေထိုင်ရမည့်အကြောင်း ဆုံးမပေးလိုက်မည်ပင်။
ဒါက အလိုလိုက်ခံကလေးများ၏ အချို့သော ပျိုးထောင်နည်းအသစ်ဖြစ်မှာ ကျိန်းသေပင်။
ယနေ့တွင် ရွယ်ကျစ်နှင့် ချောင်းကျဲတို့က အနည်းငယ် နောက်ကျမှ ကျောင်းဆင်းဖြစ်ကြပြီး ရလဒ်အနေဖြင့် ရှောင်ရွယ်ယန်မှာ သူ(မ)ကို လာကြိုမည့်သူ မရှိသောကြောင့် မူကြို၌ သနားစဖွယ်ကောင်းစွာ ယာယီ စောင့်နေရလေသည်။
ယဲအန့်နင်နှင့် ရှန်နျန်တို့က ရွယ်ယန်ကို အိမ်ပြန်ရောက်နေလောက်ပြီဟု ထင်ထားခဲ့ကြ၍ ကျောင်းဆင်းသည်နှင့် သူ(မ)အား ခေါ်ပြီး ကစားရန် အပြေးသွားလိုက်ကြသည်။
သို့သော် သူတို့မှာ ဖက်ချင်စဖွယ်ကောင်းသည့် နူးနူးညံ့ညံ့ကလေးမလေးကို မတွေ့ရုံသာမက ဖိနပ်များကို ဝတ်ပြီး ဆိုဖာပေါ် ခြေချိတ်ထိုင်နေသည့် ကလေးဆိုးလေးတစ်ယောက်ကို တွေ့လိုက်ရသည့်အပြင်၊ သူက ကလေးရဲ့အရုပ်တွေကိုပါ ယူဆော့နေတယ်တဲ့လား?
လီယွမ်က ကောင်မလေးနှစ်ယောက်ကို မြင်သည်နှင့် သူက အရေးမစိုက်စွာ တစ်ဖက်သို့ ပြန်လှည့်လိုက်ပြီး အရုပ်များဖြင့် ဆက်ဆော့နေလိုက်သည်။
ယဲအန့်နင်က သူ့ရဲ့မထီမဲ့မြင် အပြုအမူကို မျက်မှောင်ကြုတ်လိုက်သည်။ သူ(မ)အသံက အလွန်ကောင်းမနေတော့ပဲ
"သူများရဲ့အရုပ်ကို ကောင်းကောင်းကိုင်ရမယ်လို့ နင့်ကို ဘယ်သူကမှ မသင်ပေးထားဘူးလား"
ရွယ်ယန်မှာ သူ(မ)ရဲ့အရုပ်လေးများအား အလွန် တန်ဖိုးထား၏။ သူ(မ)သာ ဒါကို သိလို့ကတော့ သေချာပေါက် မပျော်မရွှင်ဖြစ်နေလိမ့်မည်ပင်။
လီယွမ်က ခေါင်းစောင်းပြီး သူ(မ)ကို လှမ်းကြည့်လိုက်သည်။
"အဲ့ဒါ နင်နဲ့ ဘာဆိုင်လဲ"
ယဲအန့်နင်... ယဲအန့်နင်တစ်ယောက် လက်သီးများကို တင်းကျပ်စွာ ဆုပ်လိုက်သည်။
ရှန်နျန်က သူ(မ)လက်ကို ဖမ်းဆွဲထားပြီး
"အန့်နင်ကျဲ၊ စိတ်ကိုလျှော့"
အဟုတ်၊ ယဲအန့်နင်၏ အင်အားသုံး ဟန့်တားမှုအောက်တွင် ရှန်နျန် လက်နက်ချပြီးသားပင်။
လျို့ဟွားက အသံများကြား၍ ဘေးခန်းထဲမှ လမ်းလျှောက်ထွက်လာ၏။
"အန့်နင်၊ နျန်နျန် သမီးတို့ ရောက်လာကြပြီလား ဒီကလေးက အိမ်နီးချင်းရဲ့ကလေးလေ"
ယဲအန့်နင် ပြုံးလိုက်ပြီး
"ဟုတ် အန်တီလျို့ သမီးတို့က အားယန်ကို လာရှာတာ ကလေးက ကျောင်းမဆင်းသေးဘူးလား"
လျို့ဟွားမှာလည်း အံ့အားသင့်သွားရပြီး
"ရှောင်ကျစ်နဲ့ ရှောင်ကျဲက ဒီနေ့ ကျောင်းဆင်းနောက်ကျကြတာ အားယန်က မူကြိုမှာပဲ ရှိအုံးမယ်နဲ့တူတယ် ခဏနေလောက်ဆို ပြန်လာတော့မှာပါ"
ရှန်နျန်က နာခံစွာဖြင့်
"ဒါဆို အန်တီ သမီးတို့ ဒီမှာပဲ အားယန်ကို စောင့်လိုက်တော့မယ်နော်"
လျို့ဟွားက လက်ဝှေ့ယမ်းပြပြီး
"ကောင်းတာပေါ့ စားပွဲပေါ်က မုန့်တွေနဲ့ အသီးတွေ ကိုယ်ဘာသာ ယူစားထားကြနော်"
လိမ္မာစွာဖြင့် နှုတ်ဆက်ပြီးသည်နှင့် နှစ်ယောက်သားက လီယွမ်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး သူ ရွယ်ယန်၏အရုပ်များဖြင့် ကစားနေသည်ကို စောင့်ကြည့်နေလိုက်သည်။
လီယွမ် သူတို့၏အကြည့်များကို သတိထားမိပြီး အရုပ်ကားလေးတစ်စီးကို ကောက်ကိုင်ကာ ယဲအန့်နင်ကို ကမ်းပေးရင်း
"ကစားချင်လို့လား"
ယဲအန့်နင်မှာ အနည်းငယ် အံ့အားသင့်သွားပြီး သူ(မ) အရုပ်လေးကို လက်လှမ်းယူတော့မည့်အချိန် လီယွမ်က အကြံဆိုးဖြင့် ပြုံးကာ လွှတ်ချလိုက်၏။
"ခွလပ်"
အရုပ်ကားလေးမှာ စားပွဲပေါ် ပြုတ်ကျသွား၏။
ရှန်နျန်မှာ အေးစက်စွာဖြင့်
"ကလေးဆန်လိုက်တာ"
သူ(မ)က နှုတ်ခမ်းကို စေ့ကာ အရုပ်ကားလေးကို ကောက်ပြီး တစ်ချက် စစ်ဆေးကြည့်လိုက်သည်။ မည်သည့် အပျက်အစီးမှ မရှိသည်ကို သေချာစစ်ဆေးပြီးကာမှ သူ(မ)မှာ သက်မချနိုင်တော့၏။
လီယွင်က ထေ့ငေါ့လာခဲ့သည်။
"သူ့ဟာတောင် မဟုတ်တဲ့ဟာ"
ယဲအန့်နင်မှာ ဒီကောင်လေးကို ထထုချင်လာ၏။ သို့သော ထိုအချိန်တွင် တံခါးအပြင်ဘက်မှနေ၍ ဆူညံသံများ ထွက်လာ၏။
ကလေး၏ မာနကြီးသည့်တိုင် နူးညံ့နေသော အသံက တဖြည်းဖြည်း ကြည်လင်သထက်ကြည်လင်လာ၏။
ရွယ်ယန်တစ်ယောက် သူ(မ)အကိုများကို ဝမ်းနည်းစွာ တိုင်တန်းနေတော့သည်။
"ကိုကို မူကြိုမှာ အားယန် တစ်ယောက်တည်းပဲ ကျန်နေတော့တာ!"
ရွယ်ကျစ်မှာ ကလေးက မူကြိုဂိတ်ဝတွင် သူ့ကို သနားဖွယ်ကောင်းစွာ မတ်တတ်ရပ် စောင့်နေသည့်မြင်ကွင်းကို ပြန်မြင်ယောင်ကြည့်ရင်း အပြစ်ရှိစိတ်နှင့်အတူ ဝမ်းနည်းမိသည်။
"အားယန် ကိုကို တောင်ပန်းပါတယ်နော်! နောက်တစ်ခါ ဒီလို ထပ်မဖြစ်စေရပါဘူး နော်?"
ချောင်းကျဲကလည်း ခေါင်းညိတ်ပြပြီး
"နောက်တစ်ခါကျရင် ကိုကိုတို့ ကျဲကျယ်အားမန်ကို ဖုန်းဆက်ပြီး အားယန်ကို လာကြိုခိုင်းလိုက်မယ်နော်"
ပြောနေစဉ် နှစ်ယောက်သားက ကလေးအတွက် ကြိုတင်ပြင်ဆင်လာသည့် သကြားလုံးများကို ထုတ်ပေးလာ၏။ ကလေးမလေးကာ ရုတ်ခြည်းဆိုသလို ဝမ်းနည်းနေသည်ကို မေ့လျော့သွားပြီး ပလွှားစွာဖြင့်
"အို့ အားယန် ကိုကိုတို့ကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်ပါမယ်လေ"
သုံးယောက်သားက အိမ်ပြန်ရင်းဖြင့် စကားပြော ရယ်မောနေခဲ့ကြသည်။ သို့သော် ပြန်ရောက်လာသည်နှင့် သူတို့မြင်လိုက်ရသည်မှာ အရုပ်များဖြင့် ဆော့ရင်း ဆိုဖာပေါ်တွင် ထိုင်နေသည့် ခုနစ်နှစ်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ဖြစ်သည်။
ရှောင်ရွယ်ယန်၏ အရုပ်မော်ဒယ်များနှင့် ဆောက်လုပ်ရေးအတုံးများက စားပွဲနှင့် ကြမ်းပြင်ပေါ် အကုန်ပြန့်ကျဲကာ ရှုပ်ပွနေ၏။
ကလေးမလေးမှာ ချက်ချင်းဆိုသလို စိုးရိမ်ကြီးသွား၏။ သူ(မ)က အလျင်အမြန် ပြေးသွားပြီး သူ(မ)အရုပ်များကို ဗလာကျင်းစွာ ငေးကြည့်နေ၏။
ရွယ်ကျစ်နှင့် ချောင်းကျဲမှာ အခြေနေကို မြင်သည့်အချိန် သူတို့မျက်နှာများက မည်းမှောင်သွား၏။ သူတို့က လီယွမ်ကို အေးစက်စွာ ကြည့်လိုက်ပြီး
"ဒါတွေကို မင်းလုပ်ထားတာလား"
လီယွင်သည်တော့ လုံးလုံးလျားလျား အကြောက်အရွံ့ကင်းမဲ့နေ၏။
"ဟုတ်တယ် ငါ လုပ်ထားတာ!"
ရွယ်ကျစ်မှာ တစ်ခုခုပြောရန် ဟန်ပြင်လိုက်သည့်အချိန် ယဲအန့်နင်နှင့် ရှန်နျန်၏ စိုးရိမ်ပူပန်စွာ ခေါ်လိုက်သံကို ကြားလိုက်ရသည်။
"အားယန်..."
အကယ်၍ ရွယ်ကျစ်နှင့် အခြားသူများသာ အနည်းငယ် နောက်ကျမှ ရောက်လာခဲ့လျှင် ယဲအန့်နင် လီယွမ်ကို တစ်ခါတည်း ချနှင့်နေလောက်မည်ဖြစ်သည်။
ရွယ်ယန်က စကားမပြောဘဲ ခေါင်းကို ငုံ့ထားပြီး မဝံ့မရဲနှင့် ဂရုတစိုက်ဖြင့် ရှုပ်ပွနေသော အပုံကြားထဲမှ ပစ္စည်းသေးသေးလေးများကိုသာ ကောက်နေခဲ့သည်။
လီယွမ်က ဘာမှ မသိသေးဘဲ ပါးစပ်ကို ဖွင့်လာခဲ့သည်။
"အဲ့ဒါ နင့်အရုပ်တွေလား လှတယ်..."
"ဝူးးးးး... ဝူးးးး... ဝါးးးး"
သူ ပြောလို့မဆုံးသေးခင်ပင် ကလေးမလေးမှာ မျက်ရည်များကို ဆက်မထိန်းချုပ်ထားနိုင်တော့ဘဲ သူ(မ)ရဲ့အရုပ်လေးများကို ဖက်ပြီး အကျယ်ကြီး အော်ငိုတော့သည်။
ဤသည်မှာ လျို့ဟွား ကလေးမလေးကို ငိုသည်အထိ ပုံမှန်စနေကျပုံနှင့် မတူချေ။ သည်တစ်ခါတွင် ရွယ်ယန်က အမှန်တကယ် ဝမ်းနည်းသွားခဲ့ကြောင်း သူတို့အားလုံး သိ၏။
ရွယ်ကျစ်က ကလေးမလေးကို ပွေ့ဖက်ပြီး လီယွမ်အား ဒေါသတကြီး အော်ထုတ်လိုက်၏။
"ထွက်သွား"
လီယွင်သည်လည်း အနှီချစ်စဖွယ်ကလေးမလေးက ဤမျှထိ အငိုလွယ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူ့မှာ အနည်းငယ် ထိတ်ပျာသွားခဲ့ရသည်။
အပေါ်ထပ်တွင် ရှိနေကြသည့် လျို့ဟွားနှင့် ရွယ်ယွိတို့ကလည်း အပြေးအလွှား ရောက်လာကြပြီး
"အားယန် အိမ်ပြန်ရောက်ပြီလား ကလေးက ဘာလို့ ငိုနေရတာလဲ"
ကလေးမလေးက ငိုရှိုက်ရင်း လေကို ရှိုက်ကာ လက်ထဲ အရုပ်လေးများကို ပွေ့ပိုက်ထားသေး၏။
လျို့ဟွားမှာ ဘာဖြစ်သွားခဲ့သလဲကို အကြမ်းဖျင်း သဘောပေါက်လိုက်၏။ သူ(မ)က လီယွမ်ကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောလိုက်ချေ။
အားယန်က ထိုအရုပ်လေးများအား မည်မျှ တန်ဖိုးထားကြောင်း သူ(မ) သိသောကြောင့် သူ(မ) ရွယ်ယန်၏အရုပ်လေးများကို မထုတ်ပေးခဲ့ချေ။
ဒါပေမယ့် အခုတော့...
လျို့ဟွား သူ(မ)ဖုန်းကို ထုတ်လိုက်ပြီး ဖုန်းတစ်ခု ခေါ်လိုက်သည်။
"လီရှန်မင် ရှင် ဒီကို ခဏလောက် လာခဲ့ပါအုံး"
သူ(မ)လေသံက သိပ်ကောင်းမနေချေ။ လီရှန်မင်သည်လည်း ဖုန်းထဲမှနေ၍ ကလေးမလေး၏ သည်းသည်းနင့်နင့် ကြေကွဲစွာ ငိုယိုနေသံကို ကြားလိုက်ရသည်။
သူ့နှလုံးသားမှာ တင်းကျပ်သွားရသည်။ မဟုတ်မှ သူ့ရဲ့ ဒီအချိုးမပြေတဲ့သားက အားယန်ကို ငိုအောင် လုပ်လိုက်တာလား?
မိသားစုနှစ်စုက နီးကပ်စွာ နေနေကြသဖြင့်လည်း လီရှန်မင်တစ်ယောက် သုတ်ခြေတင် အပြေးရောက်လာခဲ့သည်။
ရွယ်ယန်က ကျယ်လောင်စွာ မငိုနေတော့သော်လည်း အရုပ်လေးများကို ကိုင်ထားရင်း သူ(မ)အကို၏ရင်ခွင်ထဲ ရှိုက်ငိုနေလေ၏။
ရွယ်ယွိ၏မျက်လုံးများထဲ လူသတ်တော့မည့် အငွေ့အသက်များပင် ရှိနေ၏။ သူ လီယွမ်အား စောနှင့်ကတည်းက သင်ခန်းစာ ပေးခဲ့သင့်သည့်ပင်။
လီရှန်မင်မှာ အခြေအနေကို မြင်သည့်အချိန် မနေနိုင်အောင် ချွေးစေးများ ထွက်လာရသည်။ သူက လီယွမ်အား ခက်ထန်စွာ ကြည့်လိုက်ပြီး
"လီယွမ် မင်း ဘာကောင်းတာတွေများ လုပ်ခဲ့လိုက်သလဲ"
လီယွမ်မှာ အနည်းငယ် မလုံမလဲ ဖြစ်စွာဖြင့်
"ကျွန်တော် သူ့အရုပ်လေးတွေကို ကြည့်ရုံပဲဟာကို သူ ဒီလိုမျိုး ငိုလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ"
ရွယ်ယွိ အေးစက်စွာ နှာမှုတ်လိုက်ပြီး
"ပိုင်ရှင်ရဲ့ ခွင့်ပြုချက် မပါဘဲ ယူတာကိုလား"
ယဲအန့်နင်နှင့် အခြားသူများမှာ လီယွမ် သူ့ဘာသာသူ ယူထုတ်ထားခြင်းဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုအချိန်တွင် သူတို့လည်းပဲ မျက်ခုံးများကို တင်းကျပ်စွာ စုကျုံ့ထားလိုက်ကြသည်။
