Chapter 51

1.2K 114 0
                                    

အပိုင်း (၅၁)

ရွယ်ယန်တစ်ယောက် ပျာယီးပျာယာ ထပြောလာ၏။

“ဘာမှမဟုတ်ဘူး! ဘာမှမဟုတ်ဘူး!”

ရွယ်ယွိတစ်ယောက် ကူကယ်ရာမဲ့စွာဖြင့် သူ့နဖူးသူ ကိုင်လိုက်တော့သည်။ အရူးလေး ဒီပုံစံလား ဘာမှမဟုတ်ပါဘူးဆိုတာ?

ယဲအန့်နင် ကိုယ်ကိုကိုင်းလိုက်ပြီး ဆိုဖာကြားထဲမှ ရွယ်ယွိ၏ဖုန်းကို နှိုက်ထုတ်ကာ သူ့ထံ ပစ်ပေးလိုက်သည်။

“နင့်ဖုန်းကို အားယန်ဆော့ဖို့ဆိုပြီး အချိန်ပြည့် ပေးမထားနဲ့၊ အခုဆို သူက လှဲပြီး ဖုန်းဆော့ရတာကို အကြိုက်ဆုံးဖြစ်နေပြီ”

ရွယ်ယွိ၏မျက်လုံးများက မှေးကျဉ်းသွား၏။

“အားယန် ကိုကို မပြောထားဘူးလား ဖုန်းကြည့်တဲ့အခါ လှဲပြီးမကြည့်ရဘူးလို့”

ရွယ်ယန်တစ်ယောက် ဝမ်းနည်းပက်လက်ဖြင့်

“ကျယ် ကိုကို့ကို မပြောပါဘူးလို့ ကတိပေးထားတယ်လေ...”

ရွယ်ယွိမှာ သူ(မ)ကြောင့် အော်ရယ်လုနီးနီးပင်။

“အားယန်က ကိုကို့ကို မပြောပြချင်သေးဘူးပေါ့”

ယဲအန့်နင် ခြောက်ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်သည်။

“ဒီအကြောင်း ထပ်မပြောတော့ရအောင်၊ နောက်တစ်ခါကျ သတိထား အားယန်ကို ဖုန်းမပေးထားနဲ့၊ ငါတို့ နင့်ကို ပြောစရာရှိလို့”

ရွယ်ယွိက မျက်မှောင်ကြုတ်လိုက်ပြီး

“ဘာကိစ္စလဲ”

ယဲအန့်နင် အသံကို တိုးလိုက်ပြီး

“လုယွင့်လင်အကြောင်း”

“ကျယ်ကျဲ အားယန်လည်း နားထောင်ချင်တယ်”

ကလေးမလေးက သူ(မ)အကို သူ(မ)အား စိတ်မဆိုးတော့သည်ကို မြင်လျှင် ပျော်ရွှင်စွာဖြင့် ရောက်လာပြန်၏။

ရှန်နျန်၏ ရှည်လျားသော၊ လက်ချောင်းသွယ်သွယ်လေးများက ရွယ်ယန်၏နဖူးကို တောက်လိုက်ပြီး
“ကလေးတွေ နားထောင်လို့မရဘူးလေ”

ရှောင်ရွယ်ယန်မှာ သိချင်မိသွားသည်။

“ဒါပေမယ့် အားယန်တို့အကုန်လုံး ကလေးတွေပဲလေ!”

ယဲအန့်နင် သူ(မ)လက်ချောင်းကို ခါထုတ်လိုက်ပြီး

“မဟုတ်ဘူး၊ အားယန်ကသာ ကလေး”

ယင်းမှာ အမှန်တရားဖြစ်သော်ငြား တစ်ဦးတည်းသော ကလေးမလေးမှာ သူ(မ)အစ်မက သူ(မ)အား စိတ်ဆိုးအောင် လုပ်နေသည်ဟု ခံစားလိုက်ရသည်။

သို့နှင့် ရှောင်ရွယ်ယန်တစ်ယောက် စိတ်ဆိုးသွားတော့သည်။

“ဟွန့်!”

ကလေးမလေးက လက်ကိုပိုက်ပြီး အကိုနှင့် အစ်မများအား ကျောပေးလိုက်သည့်အထိ စိတ်ဆိုးသွား၏။

စိတ်ဆိုးနေသော ပေါက်စီလုံးလေးကို မြင်လျှင် ရွယ်ယွိမှာ သဘောတွေ့နေတော့သည်။ သူက အနားတွင် လဲလျောင်းနေသော ထီကျစ်ကို လှမ်းခေါ်လိုက်ပြီး သူ့ကို တီးတိုးမှာလိုက်၏။

“ထီကျစ် အားယန်ကို သေချာကြည့်ထားနော်၊ ငါတို့ အပေါ်မှာ စကားသွားပြောမလို့”

ရွယ်ကျစ်၊ ချောင်းကျဲနှင့် ချီလင်းဟန်တို့အကုန်လုံး အပေါ်ထပ် စာကြည့်ခန်းထဲတွင် ဖြစ်သည်။ ရွယ်ယွိမှာ ကလေးငယ်အား ဤပြဿနာများအား မသိစေလို၊ ထို့ကြောင့် ရိုးရှင်းစွာဖြင့် သူ(မ)အား ထိမ်ချန်ထားလိုက်သည်။

ထီကျစ်က တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီးနောက် ရွယ်ယွိက ရွယ်ယန်ထံ ဖုန်းကို ပြန်ထိုးပေးလိုက်သည်အား တွေ့လိုက်ရသည်။

ထီကျစ်တစ်ကောင် မျက်လုံးလှိမ့်လိုက်တော့သည်။

ရွယ်ယွိ သူ့ညီမလေးအား နှစ်သိမ့်ပေးလိုက်သည်။

“အားယန် ကိုကို မမတို့နဲ့ ကိစ္စလေးရှိလို့ အပေါ်ထပ် သွားလိုက်အုံးမယ်နော်၊ လိမ်လိမ်မာမာနဲ့ ဒီမှာပဲ ဖုန်းနဲ့ဆော့နေ၊ တစ်ခုခုလိုအပ်တာရှိရင် ကျယ်ကျဲအားမန်ကို ခေါ်လိုက်နော် တစ်ယောက်တည်း လိုက်လျှောက်ပြေးမနေနဲ့၊ ကိုကိုပြောတာ ကြားရဲ့လား”

ရွယ်ယွိ သူ(မ)အကိုကို ကြည့်ပြီး ဖုန်းကို ပြန်ကြည့်လိုက်သည်။ ကလေးမလေးက အလွန်လေးနက်စွာ ဆိုလာ၏။

“အားယန် ကြားပါတယ်!”

ထီကျစ်တစ်ယောက် တစ်ဖန် မျက်လုံးလှိမ့်လိုက်ပြန်တော့သည်။

သူတို့တွေ ဒီကလေးပေါက်စကို အရမ်းနားလည်လွန်းကြတာပဲ!

ယခုတွင် ဖုန်းကို နောက်တစ်ခါ ထပ်ကစားရမည်ဖြစ်သောကြောင့် အကို၊ အမများ၏ရှေ့တွင်ပင် ကလေးမလေးက ဆိုဖာပေါ်တွင် လဲလျောင်းရန် ဟန်ပြင်လိုက်သည်။

သို့သော် ရွယ်ယွိ၏ သတိပေးနေသော အကြည့်များကို မြင်လျှင် နာခံစွာဖြင့် ထထိုင်ကာ ဖုန်းကို ခပ်ဝေးဝေးတွင် ထား,ထားလိုက်သည်။

ရွယ်ယွိတစ်ယောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ယဲအန့်နင်ကို လှမ်းပြောလိုက်သည်။

“အပေါ်ကို သွားစို့၊ သူတို့အကုန် အပေါ်မှာပဲ”

ယဲအန့်နင်နှင့် ရှန်နျန်တို့ ရွယ်ယန်ကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်ပြီးနောက် ရွယ်ယွိနောက် လိုက်သွားလိုက်သည်။

ရှောင်ရွယ်ယန်တစ်ယောက် သူ(မ)ဖုန်းနှင့် တစ်ခဏ ကစားနေပြီး သိပ်မကြာလိုက်ခင် တံခါးအပြင်ဘက်မှ သူ(မ)အား ခေါ်နေသည့် တစ်စုံတစ်ယောက်အသံကို ကြားလိုက်ရသည်။

“အားယန်!”

လီယွမ်၏အသံမှာ အလွန်အမင်း စူးရှလွန်း၍ ကလေးမလေးအား ထိတ်လန့်စေလုနီးပါးပင်။

အသံကြားပြီးနောက် လျို့မန်သည်လည်း ထမင်းစားခန်းမှနေ၍ တံခါးဖွင့်ရန် ပြေးထွက်လာ၏။

“ရှောင်ယွမ် အားယန်နဲ့ ကစားဖို့ ရောက်လာတာလား”

လီယွမ်က ယခုတွင်တော့ အလွန် ယဉ်ကျေးလို့နေ၏။

“ဟုတ်တယ် ကျယ်ကျဲအားမန်”

လျို့မန်က နှုတ်ခမ်းကို စေ့ကာ ပြုံးပြီး သူ့ကို အထဲဝင်စေရန် ခြေနှစ်လှမ်း နောက်ဆုတ်ပေးလိုက်၏။

လီယွမ်က အော်ရင်းဖြင့် လမ်းလျှောက်ဝင်လာ၏။

“အားယန် ငါ့အိမ်မှာ ယုန်လေးတစ်ကောင် ရောက်‌နေတယ်!”

ရွယ်ယန်တစ်ယောက် နောက်ဆုံးတွင်မှ ဖုန်းကို ချပြီး လီယွမ်အား ဗလာကျင်းစွာ လှမ်းကြည့်လိုက်သည်။

“ဘာကြီး”

လီယွမ်မှာ ထခုန်မတတ် ပျော်လွန်းနေ၏။

“ယုန်လေးလို့! ငါ့အမျိုးက အိမ်မှာမွေးဖို့ ထားထားပေးခဲ့တာ၊ အရမ်း အရမ်းချစ်ဖို့ကောင်းတယ်!”

ကလေးမလေး၏ မျက်လုံးများက တောက်ပလာ၏။

“ဖြူဖြူဖွေးဖွေး ယုန်လေးလား”

လီယွမ်တစ်ယောက် ခေါင်းတသွင်သွင် ညိတ်ပြလာ၏။

“ဟုတ်တယ် ဟုတ်တယ် အားယန် ငါနဲ့ လိုက်ကြည့်ချင်လား”

ရွယ်ယန်၏မျက်လုံးများမှာ လမ်းလျှောက်ဝင်လာသော လျို့မန့်ကို ကြည့်ရင်း တောက်ပဖြာထွက်နေ၏။

“အားမန် အားယန် သွားကြည့်လို့ရမလား”

လျို့မန်က ပြုံးကာ ခေါင်းညိတ်ပြလာ၏။

“ရတာပေါ့”

ကလေးမလေးက တက်ကြွသွားပြီး

“ရေး! ယုန်လေးကို သွားကြည့်မယ်! ထီကျစ်ရေ သွားစို့!”

သူ့ညီမလေး အလွန် ပျော်ရွှင်နေပုံကို ကြည့်ပြီး လီယွမ်မှာ ပိုလို့ပင် ကြည်နူးလာတော့သည်။ သူက သူ့ညီမလေးကို ခေါ်ပြီး မြောက်ကြွမြောက်ကြွဖြင့် သူ့အိမ်သို့ ချီတက်လိုက်သည်။

လျို့မန်မှာ ကလေးနှစ်ယောက်နှင့် အရွယ်ရောက်လုနီး ဝံပုလွေတစ်ကောင် ထွက်သွားကြသည်အား နူးညံ့ကြင်နာစွာ ကြည့်နေရင်း တစ်စုံတစ်ခုကို ရုတ်ခြည်း သဘောပေါက်သွား၏။

ထီကျစ်က ဝံပုလွေလေ... ဝံပုလွေတွေက ယုန်တွေကို စားတယ်မလား...?

လျို့မန်တစ်ယောက် သူတို့အနောက်သို့ အမြန်ပြေးလိုက်တော့သည်။

“အားယန် စောင့်ပါအုံး!”

မိသားစုနှစ်စုက နီးနီးကပ်ကပ်တွင် နေကြသည်ဖြစ်၍ လျို့မန် ထိုနေရာသို့ ရောက်သွားချိန်တွင် ယုန်ငယ်လေးမှာ ကလေးနှစ်ယောက်နှင့် ဝံပုလွေပေါက်စတစ်ကောင်၏ ဝန်းရံခြင်း ခံထားရသည်ကို တွေ့လိုက်ရသည်။

ယုန်ငယ်လေးမှာ မြက်ခင်းလေးများပါသည့် လီမိသားစု၏ အနောက်ခြံထဲတွင် ဖြစ်သည်။

ရွယ်ယန်က သူ(မ)၏လက်တုတ်တုတ်လေးများကို ဆန့်ထုတ်ပြီး ယုန်လေး၏ နားရွက်ကို ကိုင်ကြည့်လိုက်သည်။ ယုန်လေး လှုပ်သွားသည်ကို မြင်လိုက်ရသည်က သူ(မ)အား စိတ်လှုပ်ရှား ကြည်နူးစေ၏။

ကလေးမလေးက စိတ်လှုပ်ရှားစွာဖြင့် လီယွမ်၏ အင်္ကျီစကို လှမ်းဆွဲလိုက်သည်။

“ကြည့်! ကြည့်! ယုန်လေး လှုပ်‌လာတယ်!”

လီယွမ်တစ်ယောက် ဝင့်ကြွားနေ၏။

“ဒါက ယုန်အစစ်လေ လှုပ်မှာပေါ့လို့!”

ယုန်လေးကို ကြည့်ရင်း ထီကျစ်တစ်ယောက် ထူးထူးဆန်းဆန်း ဗိုက်ဆာလာ၏။ ၎င်းက သူ၏ဝံပုလွေ ပါးစပ်ကြီးကို ဖွင့်ပြီး သမ်းဝေကာ ယုန်ငယ်လေးထံ လေပူများကို ထုတ်လွှတ်လိုက်သည်က ယုန်လေးအား ချောင်နားသို့ကပ်ကာ ကွေးသွားသည်အထိ ကြောက်လန့်သွားစေ၏။

ရွယ်ယန်က ခေါင်းကုတ်လိုက်ပြီး

“ယုန်လေးက ဘာလို့ ထွက်ပြေးသွားရတာလဲ၊ အားယန်တို့ ခြောက်မိသွားလို့လား”

လီယွမ်သည်လည်း သေချာမသိချေ။ သူက စဉ်းစားကြည့်လိုက်ပြီးနောက်

“ကိစ္စမရှိဘူး ငါ သွားပြန်ခေါ်လာခဲ့မယ်”

ကောင်လေးက သူ့အဖေ၏နမူနာအတိုင်း အတုခိုးပြီး ယုန်လေးအား နားရွက်မှ ဖမ်းကာ ပြန်ဆွဲခေါ်လာလိုက်သည်။

သနားစရာ ယုန်ငယ်လေးခမျာ ယက်ကန်ယက်ကန်ဖြင့် သူ့လက်ထဲမှ လွတ်ရန် ကြိုးစားနေ၏။

သို့သော် အချည်းနှီးပါပေ။ ၎င်းခမျာ ရွယ်ယန်နှင့် ထီကျစ် ရှေ့တော်မှောက် ပြန်ရောက်လာ၏။

ရွယ်ယန်က ယုန်လေးကို ညင်သာစွာဖြင့် ကိုင်ကြည့်လိုက်သည်။ သူ(မ)၏ နူးနူးညံ့ညံ့ အသံလေးဖြင့် ကလေးမလေးက ဆိုလာ၏။

“ယုန်လေး မကြောက်နဲ့နော် အားယန်က နင့်ကို နာအောင် မလုပ်ပါဘူး”

ထီကျစ်တစ်ယောက် ယုန်ပေါက်စကို ကြည့်ရင်း ကျီစယ်ချင်လာ၏။ သူက ရုတ်တရက် နှစ်ကြိမ် ဟောင်သံပြုလိုက်သည်။

“အာဝု! အာဝု!”

ရွယ်ယန်အတွက် ထီကျစ်ဟောင်သံက အလွန်အမင်း ချစ်စဖွယ်ကောင်းပြီး လီယွမ်အတွက်တော့ အနည်းငယ် ကြောက်လန့်ဖို့ ကောင်းရုံပင်။

သို့ရာတွင် ယုန်ငယ်၏မျက်လုံးထဲတွင်တော့ ၎င်းက သူ့အရှေ့တွင် ပွင့်အနေသော သွေးသံတရဲရဲပါးစပ်ကြီးနှင့် တူ၏။

ဝံပုလွေ၏အူသံမှာ သူ့အတွက် ကောင်းကင်ထက်မှ မိုးကြိုးလို။

၎င်းက အလန့်တကြားဖြင့် သိမ့်သိမ့်တုန်သွားပြီး တစ်ဖန်ထပ်၍ ချောင်နားသို့ သွားပြေးပုန်းပြန်၏။

ရွယ်ယန်မှာ ယုန်လေးအား ထိတွေ့ရုံလေးသာ ထိလိုက်ရသည့် လက်လေးများကို ကြည့်ကာ ဝမ်းနည်းသွားရ၏။

“အားယန် ယုန်လေးကို နာအောင်မလုပ်ဘဲနဲ့ ဘာလို့ သူက ထွက်ပြေးသွားရတာလဲ”

ထီကျစ်တစ်ယောက် ထူးထူးခြားခြား မလုံမလဲဖြစ်လာရသည်။ ၎င်းက သူ(မ)ကို နှစ်သိမ့်ပေးသည့်အလား ကလေးမလေးကို နှာသီးဖြင့် ပွတ်သီးပွတ်သပ်လုပ်လိုက်သည်။

ယခုလေးတင်မှ ရောက်လာသည့် လျို့မန်မှာ ထိုမြင်ကွင်းအား ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

ထီကျစ်တွင် ယခုလို အကျင့်ဆိုးမျိုးရှိလိမ့်မယ်လို့ သူ(မ) တကယ် မထင်ထားမိပေ!

သို့ရာတွင် ထီကျစ်က ယုန်ကို ကိုက်ဆွဲခြင်း မရှိရာ ကလေးတွေကိုလည်း နာကျင်စေလောက်မည် မဟုတ်ပေ။

ထိုသို့စဉ်းစားပြီး လျို့မန်မှာ ထီကျစ်အား ပိုလို့ပင် စိတ်ချသွားတော့သည်။

ထီကျစ်တစ်ယောက် သူ၏ တဒင်္ဂ အကျင့်ဆိုးက ဤသို့ သက်ရောက်မှု ရှိသွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။

လီယွမ်က သူ့ညီမလေး၏ ခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်သည်။

“ဘာမှမဖြစ်ပါဘူး အားယန်၊ ငါ သွားပြန်ခေါ်လာပေးမယ်လေ”

လျို့မန်က ကူကယ်ရာမဲ့စွာဖြင့် သူ(မ)နဖူးကို ကိုင်လိုက်သည်။ သူ(မ)က ကလေးများ၏ အပြုအမူကို အလျင်အမြန် တားထားလိုက်သည်။

“ရှောင်ယွမ် အားယန် ယုန်နဲ့ မကစားကြနဲ့တော့”

လျို့မန်ကို မြင်သည်နှင့် ရွယ်ယန်တစ်ယောက် ကြေကွဲစွာဖြင့် သူ(မ)ပေါင်ကို ဖက်ထားလိုက်သည်။

“အားမန် ယုန်လေးက အားယန်ကိုင်တာ မလိုချင်ဘူး”

လျို့မန် မနေနိုင်တော့လုနီးပါး ရယ်ချင်မိသွားသည်။ သူ(မ)က ချောင်းဟန့်လိုက်ရင်း

“အားယန် ယုန်လေးက ထီကျစ်ကို ကြောက်နေတာပါ”

ကလေးမလေးက ချောင်တွင် ကပ်နေသော တုန်တုန်ရီရီ ယုန်လေးကို တွေဝေစွာ ကြည့်လိုက်ပြီးနောက် သူ(မ)ဘေးရှိ ‘ပလွှား သန်စွမ်းသော’ ထီကျစ်ကို ကြည့်လိုက်သည်။

သူ(မ)က ဘာဖြစ်သွားသလဲကို နားလည် သဘောပေါက်သွားသည့်ဟန်ပင်!

ရွယ်ယန်က အလွန် မကျေနပ်စွာဖြင့် နှုတ်ခမ်းစူထားလိုက်သည်။

“ဘာ! ယုန်လေးက ထီကျစ်နဲ့ မကစားချင်တာ! ဒီလိုဆိုမှတော့ အားယန်ကလည်း ယုန်လေးနဲ့ မကစားတော့ဘူး!”


ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးWhere stories live. Discover now