Chapter 79

789 74 0
                                    

အပိုင်း (၇၉)
 
ရွယ်ယွိသည် ရုတ်တရက် ပျော်ရွှင်သွား၏။
 
“ဒီတော့ မင်းရဲ့ဟက်ကင်းစကေးက အသုံးတည့်လာပြီပဲ... မင်း လုပ်လို့တော့ တတ်တယ်မလား”
 
ချီလင်းဟန်သည် ထိုအကြောင်းကို အစကတည်းက တွေးထားခဲ့ပြီးသားပင်။ သူ၏မျက်လုံးများက ရိပ်ခနဲဖြစ်သွား၏။
 
“မင်း ဘယ်သူ့ကို လာပြီးအထင်သေးနေတာလဲ၊ ဒါပေါ့!”
 
ရွယ်ကျစ်နှင့် ချောင်းကျဲသည် သူတို့ဆိုလိုချင်နေသည့် သဘောကို အနည်းနှင့်အများတော့ သဘောပေါက်ပေ၏။
 
ချောင်းကျဲက နွေးထွေးစွာ ပြုံးလာ၏။
 
“အဲ့ဒီလူရဲ့စရိုက်က တစ်ချက်ကြည့်ရုံနဲ့တင် အရမ်းမကောင်းနေမှန်းသိရတယ်၊ ငါတို့တွေ သူတို့ရဲ့ ဖုံးကွယ်ထားတဲ့ကိစ္စတွေကို အများကြီး တူးဖော်လို့ရလောက်တယ်”
 
ရွယ်ကျစ်သည် အခိုင်အမာ သဘောတူလာ၏။
 
“အချိန်ကျလာရင် ငါတို့တွေ အဖေ့ဆီကို အမည်မဖော်ဘဲ ပို့ပေးလိုက်မယ်၊ ဒီလိုဆို ဒီကိစ္စက အဆင်ချောသွားပြီပဲ”
 
လူငယ်လေးယောက်သည် ပဟေဠိဆန်စွာ ပြုံးလိုက်ကြသည်။
 
ချီလင်းဟန်သည် ကွန်ပျူတာကို ပိတ်လိုက်ပြီး မတ်တတ်ထရပ်ကာ ပြောလိုက်သည်။
 
“မင်းတို့နေရာကို သွားရအောင်၊ ငါ အားယန်ကို တွေ့ချင်တယ်”
 
ရွယ်ယွိ ထီကျစ်၏ခေါင်းကို ပုတ်လိုက်သည်။
 
“ကောင်းပြီ၊ အိမ်ပြန်ကြတာပေါ့”
 
ထီကျစ်သည် ပျင်းရိစွာဖြင့် ခေါင်းကို ခါလိုက်ပြီး သူတို့အနောက်သို့ လိုက်သွားလိုက်သည်။
 
သူတို့ အိမ်ပြန်ရောက်သည့်အချိန်တွင် ရွှီယိက ထွက်သွားပြီးပင်ဖြစ်သည်။ လျို့ဟွား၊ လျို့မန်၊ အားယန်နှင့် ယဲအန့်နင်တို့သည် ဆိုဖာပေါ်တွင် လဲလျောင်းကာ တီဗီကြည့်နေကြသည်။
 
ရွယ်ယွိသည် အထဲသို့ ဝင်လာလျှင်ဝင်လာချင်း အော်လိုက်သည်။
“အမေ၊ ကျွန်တော်တို့ ပြန်လာပြီ”
 
လျို့ဟွား၏ အကြည့်တို့သည် တီ‌ဗီပေါ်တွင် သံမှိုစွဲထားပြီး ခေါင်းပင် လှည့်မကြည့်လာဘဲ လက်ဝှေ့ပြလိုက်သည်။
“မင်းတို့ဘာသာ မီးဖိုချောင်ထဲမှာ တစ်ခုခု ရှာစားလိုက်”
 
တစ်ခဏ စဉ်းစားပြီးနောက်တွင် သူ(မ)သည် ထီကျစ်ကို လှမ်းခေါ်လိုက်သည်။
 
“ထီကျစ် ဒီကိုလာ၊ အမေ မင်းအတွက် အရသာရှိတာလေးတွေ ဖယ်ထားပေးတယ်!”
 
ရွယ်ယွိ၊ ရွယ်ကျစ်၊ ချောင်းကျဲ : “?"
ဘယ်သူက ဘယ်သူ့အမေလဲ?
 
ထီကျစ်သည် ပလွှားစွာဖြင့် ခေါင်းမော့ရင်ချီကာ လျို့ဟွားထံ ကျက်သရေရှိရှိ လျှောက်သွားလိုက်သည်။
 
ရွယ်ယန်က တစ်ဖက်ကနေ လျှောထွက်လာပြီး သူ(မ)၏လက်တိုတိုလေးများကို ဆန့်ထုတ်ကာ ထီကျစ်ကို ပွတ်သပ်လိုက်သည်။ 
 
“ထီကျစ်၊ နင် နောက်တစ်ခါဆို ကိုကိုတို့နဲ့ အပြင်မထွက်ရဘူး”
 
ကလေးမလေးက အသံကို တိုးကာ ဆက်ပြောလိုက်သည်။
 
“အားယန် နင့်ကို ခေါ်မသွားမချင်း!”
 
ကြားဖြစ်အောင်ကြားလိုက်သည့် လျို့ဟွားသည် ကလေးမလေး၏မျက်နှာကို ဖျစ်ညှစ်တော့သည်။
 
“ရှင်လေးကိုပါ ခေါ်သွားပေးရမယ်ပေါ့?”
ကလေးမလေးသည် လူးလှိမ့်ကာ မျက်နှာကို ကာထားလိုက်သည်။
“မေမေ့ ဒီလိုအလစ်မတိုက်ရဘူးလေ!
 
လျို့ဟွားသည် ရှုတ်ချလိုက်သည်။
 
“အလစ်မတိုက်ရင်တောင်မှ သမီး အမေ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး”
 
 
ယဲအန့်နင်နှင့် လျို့မန်မှာ ဘေးမှနေ၍ မနေနိုင်အောင် ရယ်မိလေသည်။ နောက်ဆုံးတွင် ယဲအန့်နင်သည် သူ(မ)အသက်ကို စွန့်စားပြီး အသေးလေးအား နတ်ဆိုးဘုရင်ကြီးလက်ထဲကနေ ကယ်တင်ပေးလိုက်သည်။
 
“အားယန် တီဗီထဲက ဇာတ်လိုက်မင်းသမီး သူများကို ချတော့မယ်”
 
အားအင်ကုန်ခန်းသည်အထိ အဖျစ်ညှစ်ခံထားရသော ကလေးမလေးသည် ရုတ်ခြည်း သွေးအပြည့်ဖြင့် ပြန်ရှင်သန်လာ၏။
 
“တကယ်လား! လာပြီ လာပြီ!”
 
လျို့မန်သည် အနည်းငယ်စိတ်ပူနေလေ၏။
 
“မဒမ် အားယန်က ငယ်ငယ်လေးပဲ ရှိသေးတာ၊ ဘာလို့ ဒီလိုခွေးသွေးဒရာမာတွေကို ကြိုက်နေတာလဲမသိဘူး”
လျို့ဟွားသည် ပျင်းရိစွာ အကြောဆန့်လိုက်ပြီး မူမမှန်ပုံစံမျိုးမရှိသည့်အလားပင်။
 
“အဲ့ဒါ ဘာဖြစ်လို့လဲ၊ သူ့အစ်ကိုတွေရဲ့ခေါင်းပေါ်ကိုတောင် အနီတောက်တောက်၊ ခရမ်းတောက်တောက်ဖဲပြားတွေကို တပ်ပေးသေးတာပဲ”
 
ယခုလေးတင်မှ ရောက်လာကြသော ရွယ်ကျစ်၊ ချောင်းကျဲ : “..."
အမေ ကျွန်တော်တို့ အဲ့ဒီကိစ္စကို မေ့လိုက်လို့မရဘူးလား
 
လျို့မန်တစ်ယောက် သေချာ‌စဉ်းစားကြည့်ပြီးချိန်တွင် စိတ်သက်သာရာရသွား၏။ သူ(မ)သည် နံရံထက်တွင် ချိတ်ထားဆဲဖြစ်သည့် ဓာတ်ပုံကြီးကို ကြည့်ပြီး နင့်နင့်နဲနဲခံစားချက်တို့ဖြင့် ခေါင်းညိတ်လိုက်သည်။
 
ရွယ်ကျစ်နှင့် ချောင်းကျဲတို့မှာ နံရံတစ်ဝက်နီးနီးကို နေရာယူထားသည့် ဓာတ်ပုံကို ကြည့်ပြီး တစ်ခါထပ်၍ ပြောစရာစကားမဲ့ရပြန်၏။
 
ကြည့်ရတာ ဒီကိစ္စက တော်ရုံနဲ့ပြီးတော့မှာမဟုတ်ဘူး။
 
ရွယ်ယန်သည် သူတို့၏ စကားဝိုင်းကို ကြားသွားကာ ခေါင်းလေးကို ထုတ်ချောင်းပြီး ဆိုလာ၏။
 
“မေမေနဲ့ အားမန် သူများအကြောင်းကို မကောင်းပြောနေကြပြန်ပြီ!”
 
လျို့ဟွားက မျက်ခုံးတစ်ဖက်မြှင့်လိုက်သည်။
“ဘာလဲ၊ အားယန်မှာ ကန့်ကွက်စရာရှိလို့လား”
 
ကလေးမလေးသည် လက်သီးသေးသေးလေးကို ဆုပ်ကာ နှာခေါင်းမှုတ်လိုက်သည်။ သို့သော် သူ(မ)သည် နာခံစွာဖြင့် သူ(မ)ခေါင်းလေးကို ပြန်ရုပ်သွားပြီး တီဗီဆက်ကြည့်လေ၏။
 
ချီလင်းဟန်သည် ရွယ်ယန်ဘေးတွင် သွားဝင်ထိုင်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။
 
“အားယန် သကြားလုံးစားချင်လား”
 
ကလေးမလေး၏မျက်လုံးသည် တောက်ပသွားပြီး စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြတော့သည်။
 
လျို့ဟွားက သူ့ဘေးရှိ ကော်ဖီစားပွဲကို ခေါက်လိုက်သည်။
 
“ရှောင်ဟန်၊ အားယန်ကို သကြားလုံးတွေ ဝယ်ပေးမနေနဲ့”
 
ရွယ်ယန်သည် ဆက်ပြီး သည်းမခံနိုင်တော့ကာ ဆိုဖာပေါ်မှာ ထသွားလိုက်ပြီး... ထို့နောက် သူ(မ)အမေဆီသို့ ပြေးသွားကာ ဂျီကျတော့သည်။
 
“မေမေ~ ဟင့်အင်း အဲ့လိုမလုပ်ရဘူးလေ!”
 
လျို့ဟွားသည် ကလေးမလေးကို ရင်ခွင်ထဲ ထည့်ပွေ့လိုက်ပြီး သူ(မ)ကို ပေးမလှုပ်တော့ချေ။
 
“အားယန်ရဲ့သွား ဒီအတောတွင်း လဲဖို့အချိန်ရောက်ပြီလားမသိဘူး၊ မေမေ့စိတ်ထင် အရှေ့သွားက နည်းနည်းလှုပ်နေသလားလို့”
 
ရွယ်ယန်သည် နာခံစွာဖြင့် အချီခံထားရင်း သူ(မ)အမေကို ခေါင်းရှုပ်စွာ မော့ကြည့်လိုက်သည်။
 
“မေမေ ဘာပြောနေတာလဲ”
လျို့ဟွားသည် ကလေးမလေး၏ လုံးဝိုင်းနေသော မေးစေ့ကို ညှစ်လိုက်သည်။
 
“ပါးစပ်ဖွင့်၊ မေမေ တစ်ချက်ကြည့်ကြည့်မယ်”
 
ကလေးမလေးသည် နာခံစွာဖြင့် ပါးစပ်ကို ဖွင့်ပေးလာ၏။
 
“အာ...” သူ(မ)က ကလေးအသံလေးဖြင့် ‘အာ’ ဆိုသည့် သံရှည်ပါ ထွက်ပြလာ၏။
 
လျို့ဟွားမှာ မနေနိုင်အောင် ရယ်မိသွားသည်။
“အသံထွက်စရာမလိုဘူး၊ ပါးစပ်ပဲ ဖွင့်ပေး”
 
ရွယ်ယန်သည်လည်း တခစ်ခစ်ရယ်လိုက်ပြီးနောက် သူ(မ)အမေ ညွှန်ကြားသည့်အတိုင်း အသံမထွက်ဘဲ ပါးစပ်ကို ဖွင့်ပေးလိုက်သည်။
 
လျို့ဟွား ကလေးမလေး၏ သွားတန်းသေးသေးလေးကို ကြည့်ပြီး ညင်ညင်သာသာနှင့် အရှေ့ရှိ အနည်းငယ် သံသယဝင်စရာကောင်းနေသည့် သွားကို လက်ဖြင့် ထိကြည့်လိုက်သည်။
ရွယ်ယန်သည် ပါးစပ်ကို အလျင်အမြန်ပိတ်ကာ ဗလုံးဗထွေးပြောလာ၏။
 
“မေမေ အားယန်ရဲ့သွား နည်းနည်းလှုပ်သွားသလိုပဲ”
 
လျို့ဟွားသည် ခေါင်းကို ခါလိုက်သည်။
 
“တကယ်ပဲ သွားလဲတော့မှာကိုး၊ ဒီလိုသာဆို အားယန် အခုအချိန်ကစပြီး အချိုတွေမှန်သမျှ ချောကလက်တွေ၊ သရေစာမုန့်တွေ စားလို့မရတော့ဘူးနော်”
 
ကလေးမလေးသည် ကြေကွဲသွား၏။
 
“ဘာလို့လဲ! အားယန်က သကြားလုံးစားချင်တယ်ဆို!”
 
လျို့ဟွားသည် သူ(မ)မေးကို ပွတ်သပ်ကာ ပြောလိုက်သည်။
“အားယန် သကြားလုံးတွေဆက်စားနေမယ်ဆိုရင် အဲ့ဒီသွားက ပိုးစားပြီး ပြန်ထွက်လာတော့မှာမဟုတ်ဘူး၊ အဲ့အခါကျရင် အားယန်က တစ်သက်လုံး ရှေ့သွားမရှိတော့ဘဲနဲ့ အရင်လို ချစ်စရာကောင်းတော့မှာ မဟုတ်ဘူး”
 
ရွယ်ယန်အတွက် သူ(မ)သွားများ ပိုးစားသွားလိမ့်မည်ဆိုသည့်ကိစ္စမှာ ယုံကြည်ချင်စရာမကောင်းသော်လည်း သူ(မ) အရင်လို ချစ်ဖို့ကောင်းတော့မှာမဟုတ်ဘူးဆိုရင်တော့ ယုံကြည်လိုက်သည်က အကောင်းဆုံးပင်။
 
သို့နှင့် ကလေးမလေးသည် သနားစဖွယ်ကောင်းစွာ သူ(မ)ကိုယ်သူ(မ)ဖက်ထားလိုက်သည်။
 
ချီလင်းဟန်မှာ စိတ်ဓာတ်ကျနေသည့် ကလေးမလေးကို မြင်သည့်အခါ မနေနိုင်အောင် ပြုံးမိရင်း နှစ်သိမ့်ပေးလိုက်သည်။
 
“အားယန် စိတ်ပူမနေပါနဲ့၊ ကိုကိုက အားယန်ရဲ့ သွားအသစ်ပြန်ထွက်လာတဲ့အခါကျရင် သကြားလုံးတွေ အများကြီးကို ဝယ်ပေးအုံးမှာ”
 
ရွယ်ယန်မှာ ပျော်ပင်မပျော်လိုက်ရသေးခင် သူ(မ)အမေ၏ နောက်ထပ်ထိုးနှက်ချက်တစ်ခုကို ကြားလိုက်ရသည်။
 
“ဒါပေမယ့် အခုတော့ ဘာသရေစာဘာမုန့်မှ မစားရဘူး ထမင်းစားပြီးတိုင်းလည်း သွားတိုက်ရမယ်”
 
ဤနောက်ဆုံးသော ထိုးနှက်ချက်သည် သူ(မ)နှလုံးသားတည့်တည့် စိုက်ဝင်သွားလေသည်။ ကလေးမလေးမှာ သူ(မ) နောက်ထပ်ဘယ်တော့မှ ပျော်ရွှင်ရတော့မည်မဟုတ်ဘူးဟူ၍ ခံစားလိုက်ရသည်။
 
ထိုအခိုက်တွင် ရွယ်ယွိသည် မီးဖိုချောင်ထဲမှ ထွက်လာကာ အမေးရှိလာ၏။
 
“ငါ အခု စတိခ်ချက်ထားတယ် မင်းတို့ တစ်ခြားစားချင်တာ ရှိသေးလား”
 
“စားမယ်! အားယန်လည်း စားမယ်!”
ကလေးမလေးသည် ဆိုဖာပေါ်မှ ချက်ချင်း ခုန်ဆင်းပြီး သူ(မ)အစ်ကိုဆီ ပြေးသွား၏။
သူ(မ) အသက်ပြန်ရှင်လာပြီ!
 
 
“အားယန်ကတော့လေ ခုလေးတင်ပဲ စိတ်ဓာတ်ကျပြီး အရမ်းဝမ်းနည်းနေတာ မျက်တောင်,တောင်မခတ်လိုက်ရသေးခင် ပျော်သွားပြန်ပြီ”
 
လျို့မန်တစ်ယောက် သက်ပြင်းချမိတော့သည်။
 
ရွယ်ယန်သည် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အနောက်သို့ပြန်ပြေးလာကာ ယဲအန့်နင်အား ဆွဲခေါ်လေသည်။
 
 
ချီလင်းဟန်သည် လျို့ဟွားကို နှုတ်ဆက်လိုက်ပြီး ရွယ်ယွိဆီ လိုက်သွားလိုက်သည်။
 
ရွယ်ယွိသည် အကုန်လုံးကို ထမင်းစားပွဲပေါ် တင်လိုက်ပြီး စားရန်ဟန်ပြင်လိုက်သည့်အချိန် ယဲအန့်နင်ကို ဆွဲခေါ်လာသည့် သူ့ညီမလေးကို တွေ့လိုက်ရပြီး အနောက်တွင် ချီလင်းဟန်ပါ ပါလာ၏။
 
“ကိုကို အားယန် အသားစားမလို့!”
 
ရွယ်ယွိသည် လုံးဝအံ့သြမနေချေ။
“ကိုကို သိတာပေါ့၊ အစကတည်းက အားယန်အတွက် ပြင်ထားပေးပြီးသား”
 
စားပွဲပေါ်တွင် စားစရာများများစားစားမရှိသော်လည်း အကုန်လုံးကို ရွယ်ယွိကိုယ်တိုင် ချက်ထားခြင်းဖြစ်သည်။
ရွယ်ကျစ်နှင့် ချောင်းကျဲတို့ ကပ်ပါးရပ်ပါးနှစ်ယောက်သည် ကိုယ်ကိုယ့်ကိုယ် သတိထားတတ်ကြသေးသည်။
 
“ကော၊ မင်းရဲ့ဟင်းချက်စွမ်းရည်ကတော့လေ တကယ့်ထိပ်တန်းပဲ၊ နောင်ကျ ကောင်မလေးရှာတဲ့အခါ အခက်တွေ့မှာမဟုတ်လောက်ဘူး”
 
ရွယ်ယွိသည်တော့ အမူအရာတစ်ချက်ကလေးပင် ပျက်ယွင်းမသွားချေ။
 
“စားနေတာတောင်မှ မင်းတို့ကောင်တွေ ပါးစပ်မပိတ်တတ်ဘူးလား!”
 
ရွယ်ယန်သည် သူ(မ)အတွက် စတိခ်လှီးပေးနေသည့် အစ်မဖြစ်သူကို စိတ်အားထက်သန်စွာ ကြည့်နေပြီး သူတို့စကားဝိုင်းကို ကြားသည့်အခါ အနည်းငယ် ပဟေဠိဖြစ်သွား၏။
 
“ကိုကို ကောင်မလေးက ဘာလဲဟင်၊ ကျယ်ကျဲလိုမျိုးလား”
 
ရွယ်ကျစ်၊ ချောင်းကျဲ၊ ချီလင်းဟန် : “!"
ကလေးရဲ့ အလစ်ငိုက်တိုက်တဲ့အကွက်!
 
ယဲအန့်နင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် စတိခ်အပိုင်းသေးသေးလေးကို ခက်ရင်းဖြင့် ထိုးကာ ရွယ်ယန်၏ပါးစပ်ထဲ ထည့်ပေးလိုက်သည်။
 
“စားနေတာတောင်မှ ပါးစပ်ကို မပိတ်တတ်ဘူးပေါ့!”

ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးTempat cerita menjadi hidup. Temukan sekarang