Chapter 41

1.1K 116 0
                                    

အပိုင်း (၄၁)

လျို့ဟွားက မျက်ခုံးမြှင့်လိုက်ပြီး

"နင် သူ့ကို အရင်က မြင်ဖူးတာလား"

လျို့မန်က ခေါင်းခါလိုက်ပြီး

"အိမ်နီးချင်းအသစ်တွေ ပစ္စည်းတွေ‌ရွှေ့နေတုန်းက မစ်စတာရွယ်နဲ့ စကားပြောနေတာပဲ တွေ့လိုက်တာ"

လျို့ဟွားက လက်ခါလိုက်ပြီး

"အင်း ဘာပဲဖြစ်ဖြစ်ပါ အကုန်လုံးက တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံပြောဆိုနေရမှာပဲ ဘေးအိမ်က ကလေးတွေ အရမ်းကြီး ဆိုးသွမ်းမနေဖို့ပဲ မျှော်လင့်ရတယ်"

ရွယ်ယွိ မျက်မှောင်ကြုတ်လိုက်ပြီး ကလေးအား တခြားသူတွေ အနိုင့်ကျင့်တာ မခံရစေရန် နောင်တွင် ရွယ်ယန်အား မျက်စိဒေါက်ထောက်ကြည့်ရမည်ဟု စိတ်ပိုင်းဖြတ်လိုက်တော့သည်။

ယခင်ဘဝ၏အရိပ်ကြီးက အလွန်အားကောင်းပြီး ယခုအခါတွင် ရွယ်ယွိနှင့် တခြားသူများမှာ ရွယ်ယန်အား စိုးစဉ်းမျှပင် နာကျင်မခံစားစေလိုတော့ပေ။

အစိုးရိမ်ခံနေရသည့် ကလေးမလေးသည်တော့ သူ(မ)ရဲ့ပါပီလေးဖြင့် ပျော်ရွှင်စွာ ဆော့ကစားနေ၏။ သူ(မ)က မျက်နှာသေးသေးလေးကို ကိုင်ပြီး အတန်ကြာ နက်နက်နဲနဲစဉ်းစားနေပြီးမှ

"မေမေ သမီးတို့ ထီကျစ် ဆော့လို့ရအောင် သူ့အမွေးနဲ့ ဘောလုံးလေးလုပ်ပေးရင်မကောင်းဘူးလား"

လျို့ဟွားမှာ ထီကျစ်၏မျက်လုံးများ တောက်ပလာသည်ကို မြင်သွားပြီး ခေါင်းညိတ်ရင်းဖြင့်

"အိုခေလေ မေမေ ဒီရက်ပိုင်း အလုပ်တွေ ပြီးတဲ့ထိ စောင့်ပေးအုံး ပြီးရင် အားမန်နဲ့အတူ လုပ်ပေးမယ်"

ရွယ်ယန်က ထီကျစ်၏ခေါင်းလေးကို ရှုပ်ပွအောင် ဖွလိုက်ပြီး

"ကောင်းတယ်!"

အိမ်နီးချင်းအသစ်ကြောင်း ပြောကြပြီးကာမှ နောက်တစ်နေ့တွင် အိမ်နီးချင်းအသစ်က တံခါးရှေ့ ရောက်လာ၏။

ရွယ်ကျစ်နှင့် ချောင်းကျဲတို့က ရွယ်ယန်ကို ကျောင်းမှ အိမ်သို့ ပြန်ခေါ်လာချိန် သူတို့အိမ်ရှေ့ရှိ တံခါးဘဲလ်ကို တစ်စုံတစ်ယောက်က တီးနေသည်ကို တွေ့လိုက်ရသည်။

ရွယ်ယန်က ရွယ်ကျစ်၏အင်္ကျီကို ဆွဲလိုက်ပြီး

"ကိုကို ဟိုမှာ အန်ကယ်လီ"

ရွယ်ကျစ်မှာ အံ့အားသင့်သွား၏။ ထိုအခါမှပင် သူလည်း တံခါးရှေ့ရှိလူကို လှမ်းမြင်တော့သည်။ သူက လက်မြှောက်ပြီး ဝှေ့ယမ်းပြကာ အော်ခေါ်လိုက်သည်။

"အန်ကယ်လီ!"

တံခါးဘဲလ်ကို နှိပ်တော့မည့် လီရှန်မင်က ရပ်တန့်သွားပြီးနောက် တစ်ဖက်သို့ လှည့်လိုက်ချိန် သူ့အနောက်တွင် ရပ်နေသည့် ကလေးသုံးယောက်ကို တွေ့လိုက်ရသည်။ သူက ပြုံးပြီး လက်ဝှေ့ယမ်းပြကာ

"ရှောင်ကျစ် အားယန်... ပြီးတော့ ဒီသူငယ်ချင်းလေးက?"

ရွယ်ယန်က မျက်တောင်ခတ်လိုက်ပြီး တည်တည်ကြည်ကြည် မိတ်ဆက်ပေးလိုက်၏။

"အန်ကယ်လီ ဒါလည်း အားယန်ရဲ့အကိုပဲ ချောင်းကျဲတဲ့"

လီရှန်မင်က ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ

"ရှောင်ကျဲ"

ချောင်းကျဲက ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။

"အန်ကယ်လီ"

လီရှန်မင်က သုံးယောက်သားအနောက်သို့ လိုက်ကာ အိမ်ထဲသို့ လိုက်ဝင်လိုက်ပြီး လမ်းလျှောက်ရင်းဖြင့် ရှင်းပြလိုက်၏။

"အန်ကယ်တို့က မကြာသေးခင်ကမှ ပြောင်းလာတာလေ မင်းအဖေဆီကနေ မင်းတို့တွေ ဒီမှာနေတယ်ဆိုတာ ကြားတော့ တစ်ချက်လာကြည့်ကြည့်တာ"

လျို့ဟွားနှင့် လျို့မန်တို့က အသံကြား၍ မီးဖိုချောင်ထဲမှ ခေါင်းထုတ်ကြည့်လာကြပြီး လှမ်းမေးလိုက်၏။

"ရှောင်ကျစ်နဲ့ ရှောင်ကျဲ မင်းတို့ အားယန်ကို ကြိုလာခဲ့ပြီလား"

လွယ်အိတ်ကို ဆိုဖာပေါ် ချပြီးနောက် ရွယ်ယန်တစ်ယောက် မီးဖိုချောင်ထဲ ပြေးသွားလိုက်ပြီး
"မေမေ အားယန် ပြန်လာပြီ!"

လျို့ဟွားမှာ စိတ်သက်သာရသွားပြီး

"ကောင်းတယ် သွား အပြင်မှာ ကောင်းကောင်းစောင့်နေ မေမေ သမီးအတွက် အသီးလှီးလာခဲ့ပေးမယ်"

ရွယ်ယန်က သူ(မ)၏အင်္ကျီကို ဆွဲပြီး ခေါင်းခါလိုက်သည်။

"မေမေ အန်ကယ်လီ သမီးတို့အိမ်ကို ရောက်နေတယ်"

လျို့ဟွားမှာ တစ်ခဏ မတုံ့ပြန်နိုင်ဖြစ်သွား၏။

"ဘယ်က အန်ကယ်လီလဲ"

လျို့မန်က ဘေးမှနေ၍ သူ(မ)ကို အသိပေးလိုက်၏။

"မဒမ် သွားပြီး ကြည့်ကြည့်လိုက်ပါလား အိမ်နီးချင်းအသစ်ဖြစ်ချင်ဖြစ်နေမှာပေါ့"

လျို့ဟွားက လက်များကို သန့်စင်အောင် ဆေးလိုက်ပြီး ကလေးမလေးကို ဧည့်ခန်းထဲသို့ ဦးဆောင်ခေါ်သွားလိုက်သည်။

"ဪ..."

လီရှန်မင် လျို့ဟွားကို မှတ်မိ၏။ သူက အမှန်တကယ်တွင် သူ(မ) ရွယ်ကျင်းဟုန်အား ကွာရှင်းလိုက်သည်ကို အနည်းငယ် နှမြောမိနေခြင်းဖြစ်သည်။ သို့သော် ဒါတွေအားလုံးက အတိတ်က ကိစ္စများသာဖြစ်ပြီး သူလည်း ထိုအကြောင်းအရာတွေကို ပြောမနေဘဲ ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။

"မတွေ့တာ ကြာပြီနော်"

လျို့ဟွားမှာ အနည်းငယ် အံ့အားသင့်သွား၏။

"ဒီတော့ ဘေးအိမ်ကို အသစ်ပြောင်းလာတယ်ဆိုတဲ့သူတွေက ရှင်တို့လား"

လီရှန်မင်က စနောက်လာခဲ့သည်။

"အင်း ဒီပတ်ဝန်းကျင်က ကောင်းတယ်လို့ ကြားမိလို့လေ ပြီးတော့ သူငယ်ချင်းလေးတွေလည်း အများကြီး ရှိနေတယ်ဆိုတော့ ငါရဲ့လူဆိုးကောင်လေးကို ကစားဖော်တွေ အများကြီးရှိစေချင်တာနဲ့"

လျို့ဟွားက သူ(မ)နားလည်ကြောင်းကို ဖော်ပြပြီး

"သူတို့အားတဲ့အချိန် အတူတူကစားလို့ရအောင် ကလေးတွေကို ကျွန်မတို့အိမ်ဆီ လွတ်လွတ်လပ်လပ် လွှတ်ပေးလိုက်လို့ရတယ်"

လီရှန်မင်ကလည်း ယဉ်ကျေးမနေပဲ

"စိတ်ချ မင်းအပေါ် အားနာနေမှာမဟုတ်ဘူး အို့ ဟုတ်သား တခြားကိစ္စရှိသေးတယ်"

လျို့ဟွားက မျက်လုံးမြှင့်လိုက်ပြီး

"ဘာကိစ္စလဲ"

လီရှန်မင်က ရွယ်ကျစ်ကို ကြည့်လိုက်ပြီး

"ရှေ့ရက်တုန်းက ရှောင်ကျစ် ငါတို့ကုမ္ပဏီမှာ မော်ဒယ်ဓာတ်ပုံလာရိုက်ဖူးတယ်မလား ဒီနောက်ပိုင်း တခြားသူတွေက ကြော်ငြာကို မြင်ပြီး ငါ့ဆီ ဆက်သွယ်လာပြီးတော့ ရှောင်ကျစ် ဒီနယ်ပယ်ထဲ ဝင်ချင်စိတ်ရှိမရှိ လာမေးကြတယ်"

ပြောကာမှပင် သူလည်း အနည်းငယ် ခံစားမိပြီး

"တကယ်တော့ ပြဿနာက ဒီလောက်ထိ ကြီးကြီးမားမားမဟုတ်ဘူး ဒါပေမယ့် ရှောင်ကျစ်က ရွယ်ကျင်းဟုန်ရဲ့သားလို့ ကြားတာနဲ့ အဲ့ဒီလူတွေက လက်လွတ်စပယ် မလုပ်ရဲကြတော့ဘူး"

လျို့ဟွား မျက်မှောင်ကြုတ်လိုက်သော်လည်း ရွယ်ကျစ်အား ကိုယ်ပိုင်ဆုံးဖြတ်ချက် ချစေလိုက်သည်။ သူ(မ)သည်လည်း ရွယ်ကျစ်ကို ကြည့်လိုက်ပြီး
"ရှောင်ကျစ် မင်း နားလည်ရဲ့လား"

သူ(မ)နှလုံးသားထဲတွင် ရွယ်ကျစ်က ကလေးတစ်ယောက်သာဖြစ်၍ အနည်းငယ် စိုးရိမ်မိသည်။

ရွယ်ကျစ်က စိတ်ပိုင်းဖြတ်ထားပြီးပြီဖြစ်သည်။ သူက တည်ကြည်စွာ ခေါင်းညိတ်ပြပြီး

"အမေ ကျွန်တော် ကင်မရာရှေ့မှာ နေရတာကို တကယ်သဘောကျပါတယ်"

သူ့မှာ အချက်အလက်အတိအကျလည်း မပြောရဲပဲ ထိုမျှလောက်သာ ပြောနိုင်၏။

လျို့ဟွားက တစ်ခဏ တွေးတောပြီးနောက်

"ဒါပေမယ့် စာလေ့လာတဲ့နေရာမှာ နောက်ကျမကျန်ခဲ့အောင် မင်း သေချာလုပ်ရမယ်နော် ရှောင်ကျစ်"

ရွယ်ကျစ် ထိုကိစ္စနှင့်ပတ်သက်ပြီး အလွန် ယုံကြည်မှုရှိ၏။

"ကျွန်တော် သိပါတယ်"

လီရှန်မင်မှာလည်း စိတ်သက်သာရာရသွားတော့သည်။ မည်သို့ဆိုစေ ရွယ်ကျစ်က အနုပညာလောကနှင့် အလွန်သင့်တော်လှသည်ဟု သူလည်း ခံစားမိသည်။

သူက ရွယ်ကျစ်၏ပခုံးကို အပြုံးဖြင့် ပုတ်လိုက်ပြီး

"ဒါဆို ငါတို့ သဘောတူပြီပေါ့ နောက်ကျရင် ကြော်ငြာတွေတင်မဟုတ်ဘူး တီဗီရှိုးတွေနဲ့ ရုပ်ရှင်တွေပါ မင်းဆီ ရောက်လာကြတော့မှာ"

ရွယ်ကျစ်ရဲ့ ကိုယ်ပိုင်အရည်အချင်းက အလွန်ကောင်းမွန်သည်ကို အသာထား၊ အဓိကမှာ ရွယ်ကျင်းဟုန်ဆိုသည်နှင့် ပစားပေးချင်ကြသည့် လူများအနေဖြင့် ယခင်က နည်းလမ်းမရှိခဲ့သော်လည်း ယခုအခါတွင် ရှားရှားပါးပါး နည်းလမ်းတစ်ခု ရှိလာခဲ့သည်လေ။

သူတို့တွေ ရွယ်မိသားစုနှင့် ဆက်ဆံရေးကောင်းမွန်လာခဲ့သည်ရှိသော် ရွယ်ကျစ်အား ပေးမည့် အရင်းအမြစ်များက မပြောပလောက်တော့ပေ။ ပြီးတော့ သည်ဘက်နယ်ပယ်တွင် ကူညီပေးရန် ကြည့်ပေးနေမည့် လီရှန်မင်လည်း ရှိပေသည်။

ထိုအကြောင်း စဉ်းစားရင်းဖြင့် လီရှန်မင်လည်း ဆက်ပြီး ထိုင်မနေတော့ချေ။ သူက မတ်တတ်ထရပ်လိုက်ပြီး ထွက်သွားရန် ပြင်ဆင်လိုက်သည်။

"အိုခေ ဒါဆို ဒီကိစ္စကို ငါ မင်းအဖေနဲ့ ထပ်ပြီး စကားပြောကြည့်လိုက်အုံးမယ်"

ရွယ်ကျစ်သည်လည်း သူ့တစ်ယောက်တည်း အနုပညာလောကထဲ ခြေစုံပစ်ဝင်ဖို့ မလုံလောက်သေးမှန်း မသိရလောက်အောင်ထိ တုံးအမနေချေ။ သူက မတ်တတ်ထရပ်လိုက်ပြီး လီရှန်မင်ကို လိုက်‌ပို့ကာ
"ကျေးဇူးတင်ပါတယ် အန်ကယ်လီ"

လီရှန်မင်က ဟက်ဟက်ပက်ပက်ရယ်ပြီး

"ယဉ်ကျေးနေဖို့ မလိုပါဘူးကွာ"

လျို့ဟွားမှာ အတော်လေး ကျေနပ်အားရနေ၏။ ရွယ်ကျစ်က သူ့နှင့်ရွယ်တူများထက် ပို၍ ချင့်ချိန်တတ်သည်ဟု သူ(မ) ခံစားရလေသည်။ အခြားနည်းဆိုရလျှင်... သူ(မ)ကလေးတွေအားလုံးက အလွန် ချင့်ချိန်တတ်ကြသူချည်းသာ။

ရွယ်ယန်နှင့် ချောင်းကျဲတို့မှာ ကိုယ်ပျောက်လူသားများလို ဘေးတွင်တစ်ချိန်လုံး ရပ်နေကြသည်။ လီရှန်မင်ထွက်သွားသည်နှင့် သူ(မ)က မနေနိုင်စွာဖြင့် လျို့ဟွားကို မေးလိုက်သည်။

"မေမေ ကိုကိုက နောင်ဆို တီဗီထဲမှာ ခဏခဏပါလာတော့မှာလား"

လျို့ဟွားလည်း မသေချာချေ။

"ဖြစ်နိုင်တယ်..."

ချောင်းကျဲက အတွေးထဲ ပျောက်နေပြီး

"အန်တီ ခုန အန်ကယ်ရဲ့မိသားစုက ကလေးက အသက်ဘယ်လောက်ရှိပြီလဲ"

လျို့ဟွားက တွေးတွေးဆဆဖြင့်

"နျန်နျန်နဲ့ တူတူလောက်ပဲနေမှာ"

ကလေးမလေး၏မျက်လုံးထဲမှ စိတ်ပျက်သွားမှုကို မြင်လျှင် သူ(မ)မှာ မနေနိုင်အောင် ရယ်မိတော့ပြီး

"ပြီးတော့ အားယန်ထက် နည်းနည်းကြီးမယ်"

ရွယ်ယန်က စိတ်ဆိုးသွားပြီး

"မေမေ ဘာလို့ သမီးကို အစောကြီးမွေးပေးတာလဲ မဟုတ်ရင် အားယန်က မမဖြစ်လို့ရတဲ့ဟာကို!"

လျို့ဟွားမှာ သူ(မ)ရဲ့ မနှစ်မြို့မှုကို လုံးဝ မဖုံးကွယ်ထားပြီး

"ဘယ်မမကများ အားယန်လောက် တုံးလို့လဲ မောင်လေးနဲ့ ညီမလေးက အားယန်ကို ပြန်ပြီး စောင့်ရှောက်နေရပါအုံးမယ်"

ကလေးမလေးက ဒေါသတကြီး ခြေဆောင့်ပြီး

"ဟွန့် မေမေ့ကို မချစ်တော့ဘူး!"

ထို့နောက် သူ(မ)က အပေါ်ထပ်သို့ စိတ်ဆိုးစွာဖြင့် တစ်ယောက်တည်း တက်သွား၏။

ရွယ်ကျစ် ပြန်ရောက်လာချိန် ကလေးမလေး၏ နောက်ကျောကိုသာ လှမ်းမြင်လိုက်ရ၍ အနည်းငယ် ခေါင်းရှုပ်သွားရင်း မေးလိုက်၏။

"အားယန်က ဘာဖြစ်သွားတာလဲ"

လျို့ဟွား လိပ်ပြာမလုံစွာ နှာခေါင်းကို ပွတ်လိုက်သည်။ ရွယ်ကျစ်တစ်ယောက် ချက်ချင်းဆိုသလို နားလည်သွားတော့သည်။ သူ့မျက်နှာက အနက်ရောင်လိုင်းများအပြည့်ဖြင့်
"အမေ အားယန်ကို တစ်ချိန်လုံး လိုက်စမနေပါနဲ့ ကလေးက တကယ်ကြီး ယုံနေတာ"

လျို့ဟွားက ဖြေရှင်းချက်ထုတ်လာ၏။

"ဒါ‌ပေမယ့် ငါပြောတာတွေအကုန်လုံးက အမှန်တွေလေ"

ရွယ်ကျစ် : "..."
ဒီလိုမရင့်ကျက်တဲ့အမေမျိုး ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ?

ချောင်းကျဲမှာ ရယ်ချင်စိတ်ကို အောင့်အီးပြီး ရွယ်ကျစ်ကို အပေါ်ထပ်သို့ ဆွဲခေါ်သွားလိုက်သည်။

"အန်တီ ကျွန်တော်တို့ အိမ်စာ အရင်သွားလိုက်ပါအုံးမယ်"

လျို့ဟွားမှာ သူတို့ကို အမြန်ထွက်သွားစေချင်နေပြီဖြစ်သည်။

"သွားသွား"

အပေါ်ထပ်တွင် ကလေးမလေးက စိတ်ဆိုးစွာဖြင့် စာကြည့်ခန်းထဲသို့ ပြေးဝင်သွား၏။ ကွန်ပျူတာရှေ့ စာထိုင်ရိုက်နေသည့် ရွယ်ယွိက မျက်မှောင်ကြုတ်နေပြီး သူ့ညီမလေးအား မြင်ချိန်တွင် အမူအရာတို့က နူးညံ့ညင်သာသွား၏။

"အားယန် ဘာဖြစ်လာတာလဲ ဘယ်သူက ကလေးကို စိတ်ဆိုးအောင် လုပ်လိုက်ပြန်တာလဲ"

မေးပြီးကာမှပင် သူ နောင်တရမိတော့သည်။ အိမ်တွင် လျို့ဟွား၊ သူ့အမေတစ်ယောက်တည်းကသာ ကလေးကို စိတ်ဆိုးအောင် လုပ်တတ်သည့်သူဖြစ်သည်။

သေချာပေါက်ကိုပင် ရွယ်ယန်က သူ့ကို စိတ်မပျက်သွားစေခဲ့ပေ။ ကလေးမလေးက စိတ်ဆိုးစွာဖြင့် တိုင်တန်းတော့သည်။

"မေမေကပြောတယ် အားယန်က တုံးတယ်တဲ့!"

မေမေက ဘယ်လိုလုပ်ပြီး အားယန်ကို ဒီလို ပြောရက်ရတာလဲ!

ရွယ်ယွိ : "..."
သူ သိတယ်လေ။

ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးWhere stories live. Discover now