အပိုင်း (၇၈)
လျို့ဟွားသည် ရွှီယိအား အမြင်ကတ်စွာ မျက်စောင်းထိုးလိုက်သည်။
“ရှင့်ကိုယ်ရှင် ဘယ်ဒရာမာထဲဝင်ပြီး သရုပ်ဆောင်နေတာလဲ”
ရွှီယိမှာ တစ်ခဏ ကြောင်အမ်းနေပြီးနောက်မှ မနေနိုင်အောင် ရယ်မိတော့သည်။
“ကိုယ် ဒရာမာချိုးတာ အရမ်းများသွားတယ်”
လျို့ဟွား သူ့ကို လျစ်လျူရှုကာ သူ(မ)၏အသည်းအသက်လေးအား ရှာရန် ထွက်လာလိုက်သည်။
ထိုစဉ်တွင်၊ ရွယ်ယန်သည်တော့ ယဲအန့်နင်နှင့်အတူ မီးဖိုချောင် ချောင်ထဲတွင် ပုန်းနေပြီး ယဲအန့်နင်က အသီးခြောက်ဘူးကြီးကို ကိုင်ထားပြီး ကလေးမလေးကိုလည်း အခါအားလျော်စွာ ခွံ့ကျွေးနေသေးပြန်၏။
ရံဖန်ရံခါ ကလေးမလေးသည် ယဲအန့်နင်က နှေးလွန်းသည်ဟု တွေးမိသည့်အချိန် မနေနိုင်စွာ သူ(မ)ကိုယ်တိုင်သာ နှိုက်စားလေ၏။
လျို့ဟွားမှာ သောကရောက်စွာ ကြည့်မိလေသည်။
“အားယန် သမီး ဗိုက်ဆာနေတာလား၊ အန့်နင် သမီးလည်း ညစာမစားရသေးဘူးမလား၊ သမီးအဖေက ထွက်သွားပြီ အန်တီတို့နဲ့ပဲ ထမင်းဝင်စားလိုက်ပါလား”
ယဲအန့်နင်သည် သူ(မ)၏ ယုံကြည်ကိုးစားလို့မရသည့် အဖေဖြစ်သူကို ကျင့်သားရနေပြီဖြစ်သည်။
“ကျေးဇူးတင်ပါတယ် အန်တီ”
လျို့ဟွားက ပြုံးကာ သူ(မ)ခေါင်းကို ဖွလိုက်သည်။
“သမီးကတော့ အန်တီ့ကို ယဉ်ကျေးလွန်းနေပြန်ပြီ”
သူ(မ)က အသေးလေးကို ကောက်ချီပြီး ထွက်လာလိုက်၏။
“အားမန်၊ ငါတို့ ညစာစားကြတော့မလို့၊ ရှောင်ယွိနဲ့ တစ်ခြားသူတွေရော?၊ ဘယ်ကို ထွက်သွားကြပြန်ပြီလဲ”
သူ(မ) လျို့မန်ကို မမြင်ရသေးခင် လျို့မန်၏အသံက ဦးစွာထွက်လာ၏။
“မဒမ်၊ ရွယ်ယွိပြောတာ သူတို့သုံးယောက်သား ထီကျစ်ကိုခေါ်ပြီး ရှောင်ချီတို့ဆီ သွားလည်လိုက်အုံးမယ်တဲ့၊ သူတို့ကို ထမင်းစားမစောင့်ဖို့မှာသွားတယ်”
သူ(မ)၏သားများသည် ယခုအခါတွင် အရွယ်ရောက်နေကြပြီဖြစ်၍ လျို့ဟွား သူတို့ကို ထိန်းချုပ်ရန် မကြိုးစားနေတော့ပေ။ သူ(မ)က လက်ကို ခါလိုက်သည်။
“ကောင်းပြီ၊ ငါတို့ သူတို့ကို စောင့်မနေတော့ဘူး၊ သူတို့ နောက်ကျမှပြန်လာလို့ ဗိုက်ဆာလာရင် သူတို့ဘာဘာ ရှာစားလိမ့်မယ်... အို့ ထီကျစ်အတွက် ညစာချန်ထားဖို့ မမေ့နဲ့အုံး မဟုတ်ရင် သူ ငတ်နေလိမ့်မယ်”
ရွယ်ယန်မှာ သူ(မ)အမေလက်ထဲကနေ မနည်းရုန်းကန်ထွက်လိုက်ရသည်။
“မေမေ ကိုကိုတို့နဲ့ ထီကျစ်က လင်းဟန်ကောကောကို သွားရှာကြတာလား”
လျို့ဟွား ကလေးမလေး၏နဖူးကို အသာအယာတောက်လိုက်သည်။
“ဟုတ်တယ်၊ ဒါပေမယ့် အားယန်ကတော့ အခုသွားလို့မရဘူး!”
“ဒါပေမယ့် ထီကျစ်ကျတော့ သွားတယ်လေ!”
လျို့ဟွားသည် စိတ်မရှည်စွာ ပြန်ဖြေလာ၏။
“ဒါပေမယ့် ရှင်လေးကတော့ သွားလို့မရဘူးဆိုမရဘူးပဲ!”
ရွယ်ယန်သည် ဖီဆန်သည့်သဘောဖြင့် လက်ကိုပိုက်လိုက်သည်။
“ဟွန့်! အားယန်က မေမေ့ရဲ့အချစ်လေး မဟုတ်တော့ဘူး!”
လျို့ဟွားတစ်ယောက် မပြောင်းလဲလျက်သားဖြင့်ပင်။
“ဒါဆိုလဲ အားယန် ဒီည ခွေးအိမ်ထဲမှာ သွားအိပ်ပေါ့”
ရွယ်ယန် သူ(မ)အစ်မကို ဖက်ထားလိုက်သည်။
“မအိပ်ဘူး၊ ထီကျစ်တောင် ခွေးအိမ်ထဲမှာ မအိပ်ဘူး! အားယန်က ကျယ်ကျဲနဲ့ သွားအိပ်မှာ!”
ရွှီယိမှာ သဘောတကျဖြစ်နေရပြီး မနေနိုင်စွာ ကလေးမလေးကို ပြောလိုက်သည်။
“အားယန်၊ ဦးဦး ဒီနေ့ အားယန်အတွက် နောက်ဆုံးပေါ် အိမ်ဆောက်တုံးလေးတွေ ဝယ်လာခဲ့တယ်!”
ကလေးမလေးသည် ချက်ချင်းဆိုသလို စိတ်ဝင်စားသွား၏။
“တကယ်လား၊ ကျေးဇူးတင်ပါတယ် ဦးဦးရွှီ! ဦးဦးရွှီ ယဉ်ကျေးနေဖို့ မလိုပါဘူး!”
လျို့ဟွားမှာ အော်ရယ်မိလုနီးနီဖြစ်သွားပြီး ကလေးမလေး၏မျက်နှာအား ဆွဲညှစ်လိုက်သည်။
“ဘာတွေ ပေါက်ကရလျှောက်ပြောနေတာလဲ၊ ဘာလို့ ဦးဦးရွှီက မယဉ်ကျေးဘဲနေရမှာလဲ”
ရွယ်ယန်သည် လက်ချောင်းလေးများကို ရေရင်းဖြင့် ဤကိစ္စအား ရှင်းလင်းပြလာ၏။
“အဲ့ဒါ ကိုကို အားယန်ကို ပြောတာ! ကိုကိုကပြောတယ် ဦးဦးရွှီက မေမေ့ကို ကြိုက်နေတာမလို့ သမီးတို့က ဦးဦးရွှီ မေမေ့ကို ပိုးပန်းတာကို ကူညီပေးရမယ်တဲ့၊ ဒါမှ ဦးဦးရွှီ ယဉ်ကျေးနေဖို့မလိုတော့မှာလေ!”
ဘေးတွင်နားထောင်နေကြသည့် ယဲအန့်နင်နှင့် လျို့မန်တို့မှာ ရယ်ချင်စိတ်ကို မျိုသိပ်ထားရသည်။
ကလေးမ နင်တော့ အစ်ကိုတွေကို ရောင်းစားလိုက်ပြန်ပြီ!
ရွယ်ယန်သည် သူ(မ)အသံကို တိုး၍ပင် ရွှီယိအား မေးလိုက်သေး၏။
“ဦးဦးရွှီ၊ ဆိုတော့ ဦးဦး မေမေ့ကို လိုက်ပြီးသွားပြီလား၊ လိုက်လို့ရရဲ့လား”
ရွှီယိ၏နှုတ်ခမ်းထောင့်မှာ မနေနိုင်အောင် မြင့်တက်သွားရင်း ပါးစပ်ကို အုပ်ကာ တီးတိုးပြောလိုက်၏။
“အားယန် သမီးဆက်ပြောနေရင် သမီးမေမေ သမီးကို ကန်ထုတ်တော့မယ်”
ရွယ်ယန်တစ်ယောက် လန့်ဖျပ်သွားကာ သူ(မ)တို့အိမ်ရှိ နတ်ဆိုးဘုရင်ကြီးကို အလျင်အမြန် လှမ်းကြည့်လိုက်သည်။ သို့သော် သူ(မ)တွေ့လိုက်ရသည်မှာ နတ်ဆိုးဘုရင်ကြီးက ညင်သာစွာ ပြုံးနေသည်ကိုပင်။
“အသည်းလေး၊ ကလေးတစ်ယောက်အနေနဲ့ စူးစမ်းတာကောင်းတယ်ဆိုပေမယ့် တအားစပ်စပ်စုစုမလုပ်ချင်စမ်းနဲ့”
လျို့ဟွား နောက်ဆုံးစာကြောင်းကို ပြောလိုက်ချိန်တွင် သူ(မ)၏အသံသည် အံကြိတ်ထားသည့်အသံ အနည်းငယ်ထွက်နေ၏။
ပုံမှန်အားဖြင့် အရိပ်အခြည်မကြည့်တတ်သော ကလေးပေါက်စသည် အံ့ဩဖွယ်ကောင်းလောက်အောင် တစ်ဖန်ထက်မြက်သွားပြန်၏။ သူ(မ)က ခပ်တည်တည်ဖြင့် လျို့မန်၏ ခြေထောက်ကို ဖက်လိုက်ပြီး ခေါင်းစဉ်ပြောင်းလိုက်သည်။
“အားမန်၊ အားယန် ဗိုက်ဆာနေပြီ! ဘယ်အချိန်မှ စားရမှာလဲဟင်!”
လျို့မန်တစ်ယောက် ရယ်ချင်စိတ်ကို မချုပ်တည်းထားနိုင်တော့ချေ။
“မကြာခင်ပေါ့ ကလေးရယ်၊ စိတ်ရှည်ရှည်ထားပါ”
-
ချီလင်းဟန်သည် စားပွဲပေါ်တွင် ထိုင်ကာ သူ့ကွန်ပျူတာတစ်လုံးဖြင့် အလုပ်များနေပြီး ရွယ်ယွိတို့ညီအစ်ကိုသုံးယောက်သည် သူနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်ကာ ကြမ်းပေါ်တွင် လဲလျောင်းနေသည့် ထီကျစ်သည်ပင် အလွန်ပျော်ရွှင်နေပုံမပေါက်ပေ။
ရွယ်ယွိမှာ အနည်းငယ် စိတ်မရှည်ဖြစ်နေ၏။
“မင်းကွန်ပျူတာကို ကလိနေတာရပ်လိုက်လို့ရမလား၊ ဒီမှာ ငါတို့က တကယ့်အလုပ်ကိစ္စနဲ့ ရောက်လာတာ”
ချီလင်းဟန်သည် နည်းနည်းလေးမျှ ဂရုစိုက်မနေဘဲ ကွန်ပျူတာစခရင်ကိုသာ ကြည့်နေ၏။
ရွယ်ယွိ၏အသံမှာ အေးစက်လျက်ဖြင့်။
“အားယန် မူကြိုမှာ အနိုင်ကျင့်ခံလာရတယ်”
ထိုစကားလုံးအနည်းငယ်သည် ချီလင်းဟန်၏ ယခုလေးတင် တည်ငြိမ်နေသော စိတ်အစဉ်ကို ပြိုလဲသွားစေ၏။
“ဘယ်လိုဖြစ်တာလဲ၊ ဘာလို့ ကလေးက သူများအနိုင်ကျင့်တာ ခံလာရတာလဲ”
သူ နောက်ဆုံးတွင် ကွန်ပျူတာကြည့်နေခြင်းကို ရပ်တန့်လိုက်သည်ကို မြင်လျှင် ရွယ်ကျစ်သည် နှေးကွေးစွာ ထည့်ပေါင်းပြောလိုက်သည်။
“မူကြိုမှာ အားယန်ကို ချစ်ဖို့ကောင်းတယ်လို့ ထင်နေတဲ့ ကောင်ဆိုးလေးတစ်ယောက်ရှိတယ် သူက အားယန်ကို သူ့ကို အမြဲနမ်းခိုင်းနေတာ”
ချီလင်းဟန်၏ မျက်နှာသည် မည်းမှောင်သွား၏။
ချောင်းကျဲ အံကိုကြိတ်ထားလိုက်သည်။
“အင်း၊ အန်တီ အားယန်ကို ကြိုသင်ပေးထားလို့ တော်သေးတာပေါ့၊ ကလေးက ဆရာမကို သွားရှာခဲ့တာ”
ချီလင်းဟန်မှာ ထိုအခါမှာ သက်မချနိုင်သွား၏။
“အဲ့ဒီအနိုင်ကျင့်တဲ့ကလေးက ဘယ်သူလဲ သိလား”
ရွယ်ယွိသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ခါးသက်စွာ ပြုံးလိုက်သည်။
“အင်း၊ တိုက်ဆိုင်ချင်တော့ ငါ့အဖေရဲ့ကုမ္ပဏီခွဲတစ်ခုက အထွေထွေမန်နေဂျာရဲ့သား ဖြစ်နေတယ်”
ချီလင်းဟန်သည် ရွယ်ယွိ၏အသံမှာ အနည်းငယ် မူမမှန်ဖြစ်နေသည်ကို ခံစားလိုက်ရသည်။
“အန်ကယ်ရွယ်က သေချာပေါက် အားယန်ကို ကာကွယ်ပေးမှာ မဟုတ်ဘူးလား၊ မင်းက ဘာလို့ စိတ်မချမ်းမသာဖြစ်နေရတာလဲ”
ရွယ်ယွိသည် မျက်လွှာချထားလိုက်သည်။
“ငါတို့ အရင်က ဒီထက်ပိုကြိုးစားခဲ့ရင် အဖေ့လိုပဲ ငါလည်း အခုဆို အားယန်ကို ကာကွယ်ပေးနိုင်လောက်မှာ”
ချီလင်းဟန် သူ့ခံစားချက်ကို နားလည်ပေ၏။
“ဒီကိစ္စတွေက အလျင်စလိုလုပ်လို့မရဘူးလေကွာ၊ ငါတို့တွေ ဖြည်းဖြည်းချင်းသွားရမှာ”
ရွယ်ယွိသည် မျက်မှောင်ကြုတ်ကာ ချီလင်းဟန်ကို ကြည့်လိုက်သည်။
“ပြောကာမှပဲ ငါတို့ အဲ့ဒီပရောဂျက်တွေမှာ ပါတနာလုပ်ဖို့ သဘောတူထားပြီးသားမလား၊ ဘာလို့ မင်း ဒီနောက်ပိုင်း အမြဲ လျစ်လျူရှုနေတာလဲ”
ချီလင်းဟန် တွေးတွေးဆဆဖြင့် မေးကို ပွတ်လိုက်သည်။
“အင်း အဲ့ဒါက ငါ ဒီနောက်ပိုင်း အများကြီး တွေးဖြစ်မိတယ်၊ နောက်ဆုံးတော့ ငါ အရင်လမ်းကြောင်းအတိုင်း ပြန်မသွားတော့ဖို့ ဆုံးဖြတ်ချက်ချလိုက်တာ”
“အဲ့တော့ မင်းက အကုန်လုံးကို လက်လွှတ်ချလိုက်တယ်ပေါ့?”
ချီလင်းဟန်တစ်ယောက် မနေနိုင်အောင် ရယ်လိုက်သည်။
“စိတ်လျှော့ပါအုံးကွာ ငါ ပြောလို့မပြီးသေးဘူးလေ၊ ငါက ဒီတိုင်း စီမံခန့်ခွဲမှုပိုင်းကို မယူဖို့ဆုံးဖြတ်လိုက်ရုံပဲ၊ နောင်မှာ ငါတို့လုပ်ငန်း ကြီးလာတဲ့အခါကျ ကုမ္ပဏီတစ်ခုလုံးကို ငါ မင်းလက်ထဲပဲ လွှဲပေးမှာ၊ ပြီးတော့ ငါက နည်းပညာပိုင်းကို ကိုင်မယ်”
“ဒီတော့ မင်းက ဒီလိုပုံမျိုးဆိုတော့ မဟုတ်မှ ဟက်ကင်းလား”
“မကောင်းဘူးလား”
ရွယ်ယွိသည် ထိုကိစ္စအား တွေးကြည့်ပြီးနောက် ပြုံးလိုက်သည်။
ချီလင်းဟန် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
“နောင်တစ်ချိန်ကျ ဘာတွေပဲဖြစ်နေပါစေ အားယန်ကို ကူညီပေးနိုင်ဖို့ မျှော်လင့်မိတယ်”
ချောင်းကျဲသည် ရုတ်တရက် ထပြောလာ၏။
“ငါတော့ ကလေးရဲ့စွမ်းပကားနဲ့သာဆိုရင် တစ်နေ့နေ့တစ်ချိန်ချိန်ကျ ငါတို့အားလုံးကိုတောင် ကျော်သွားနိုင်မယ်လို့ ထင်တယ်”
ရွယ်ကျစ်လည်း ထပ်တူခံစားမိကာ သဘောတူစွာ ခေါင်းညိတ်လေ၏။
ချီလင်းဟန်သည်တော့ အမှုမထားဟန်။
“ကိစ္စမရှိဘူး သူ အဆင်ပြေနေသရွေ့ပဲ”
ရွယ်ယွိ လက်ခါလိုက်သည်။
“လောလောဆယ်မှာ ဒါတွေကို မပြောရအောင်၊ အားယန်က သေချာပေါက် အဆင်ပြေမှာ၊ အဲ့ဒီအစား ငါတို့တွေ ကလေးကို အနိုင်ကျင့်တဲ့ကောင်စုတ်လေးကို ဘယ်လိုကိုင်တွယ်ရမလဲ ဆွေးနွေးရင်ရော”
ချီလင်းဟန်သည်လည်း သူ့အတွေးများကို ပြန်ဆွဲထားလိုက်သည်။
“မှန်တယ်၊ အန်ကယ်ရွယ်က သူ့ကို တစ်ခါတည်း အလုပ်ဖြုတ်လိုက်ရင် သူ့ကို ဝိုင်းအပြစ်တင်ကြမှာ ကျိန်းသေတယ်”
သူတို့အားလုံးသည် ယခင်ဘဝကတည်းက စီအီးအိုဖြစ်ခဲ့ဖူးကြသူများဖြစ်ရာ ဤအခြေအနေများအား အခြားသူများထက် ပို၍နားလည်၏။
အဆွဲခေါ်ခံလာရသည့် ထီကျစ်သည် အပျင်းဆန့်လိုက်ပြီး သူ၏ဝံပုလွေမျက်လုံးများထဲ အပြုံးရိပ်များသန်းလာ၏။
ဟုတ်တယ် ဒါကမှ ပိုကောင်းတာ။