Chapter 1

8.9K 392 1
                                    

ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေး


အပိုင်း (၁)

လေအေးများက ပြင်းထန်လျက်ရှိပြီး နှင်းများက သိပ်သည်းထူထပ်စွာ ကျဆင်းနေ၏။

မြို့စွန်ရှိ စံအိမ်တော်ကြီးထဲတွင် လူတစ်စု ပါတီပွဲကျင်းပနေ၏။ သို့ရာတွင် သက်ဝင်မြူးကြွလျက်ရှိသည့် လေထုမှာတော့ ယခုတွင် အလွန်ညို့မှိုင်းနေ၏။

ချီလင်းဟန်က မျက်ခုံးများကို ဖိထားသည်။ ထိုအားနည်းသည့်ပုံရိပ်လေးအကြောင်း စဉ်းစားမိသည့်အချိန်တိုင်း စိတ်အလျဉ်တို့ကာ မငြိမ်သက်တော့ချေ။

ထိုအချိန်တွင် သူ့ဘေးနားရှိ လုယွင့်လင်က သူ(မ)ခေါင်းကိုငုံ့ထားပြီး မျက်လုံးများထဲမှ အပြုံးတစ်ခုကို ဖုံးကွယ်ထား၏။

ယဲအန့်နင်မှာ နောက်ဆုံးတွင် မမေးဘဲ မနေနိုင်လေတော့ဘဲ

“ဘာလို့ ငါတို့ကို ဒီကိုခေါ်ရတာလဲ?”

ရှန်နျန်က မျက်မှောင်ကြုတ်ပြီး

“ဘာကိစ္စမရှိရင် ငါကတော့ ပြန်ပြီ”

အခြားသူများက ဘာမှဝင်ပြောမနေသော်လည်း သူတို့မျက်လုံးများက လုံးလုံးလျားလျား စိတ်မဝင်စားမှုတို့ဖြင့် ပြည့်နေ၏။

ချီလင်းဟန်က ပါးစပ်ကို ဖွင့်ပြီး

“အားယန်က ငါနဲ့အတူရှိနေတယ်”

လုယွင့်လင်က နှုတ်ခမ်းကို ကိုက်ပြီး

“နင်တို့တွေ သူ့ကို သဘောမကျမှန်း သိပါတယ် ဒါပေမယ့်....”

ချီလင်းဟန်ရဲ့အသံက အေးစက်သွားပြီး

“လုယွင့်လင်!”

ရှန်နျန်ကလည်း အေးစက်စွာ နှာခေါင်းမှုတ်ကာ

“နင်ပြော သူ(မ)ဘာလုပ်‌တယ်ဆိုတာ? ငါတို့တွေ ရွယ်ယန်ကို သဘောမကျဘူး၊ ပြီးတော့ ချီလင်းဟန် နင်လည်း သူ့ကို အဲဒီတုန်းက မုန်းခဲ့တာပဲ မဟုတ်ဘူးလား?”

ရွယ်ယန်က ချောင်းကျဲရဲ့ငယ်ချစ်ဦးအနေဖြစ် ချောင်းကျဲအနား အမြဲကပ်တွယ်နေခဲ့ပြီး သူနှင့် ရှန်နျန်တို့ကို အတင်းအကျပ် လမ်းခွဲခဲ့သည်။

ထို့ကြောင့် ရှန်နျန်မှာ ရွယ်ယန်အပေါ် အလွန်နာကြည်းခဲ့သည်။

ချီလင်းဟန်က အသက်ပြင်းပြင်းတစ်ချက် ရှိုက်ပြီး

“မှန်တယ်၊ မင်းတို့ သူ့ကို သဘောမကျဘူးဆိုတာ ငါသိတယ်၊ ဒါပေမယ့် သူ အခုသေလုမြောပါးဖြစ်နေပြီ”

သူက အလွန်တည်ငြိမ်စွာ ပြောနေသော်လည်း သူ့အသံတွင် ငြင်းဆန်၍မရနိုင်သည့် ပူဆွေးမှုတို့ ရှိနေ၏။

သူပြောတာကို ကြားပြီးနောက် ဧည့်ခန်းထဲရှိလူများမှာ ချီလင်းဟန်အား အံ့အားတသင့် ကြည့်လိုက်ကြသည်။

သူတို့ ရွယ်ယန်ကို သဘောမကျပဲ မုန်းခဲ့ကြတယ်ဆိုပေမယ့် သူ(မ)ကိုတော့ သေစေချင်ခဲ့ခြင်းမျိုး မရှိပေ...

ချီလင်းဟန်က ခါးသက်စွာ ပြုံးရင်း

“မင်းတို့တွေ သူ(မ)ကိုဆို အမြဲ သိမ်းကျုံးအပြစ်တင်နေကျ သူ(မ)နဲ့ အရင်းနှီးဆုံးလူတွေက သူ(မ)ကို နာကျင်မှုတွေအပေးခဲ့ဆုံးဆိုတာ အသိသာကြီး”

လုယွင်လင်မှာ မခံချင်စွာဖြင့် ချေပလာ၏။

“လင်းကော ဒါပေမယ့် ဒီကိစ္စတွေကိုက သူနဲ့ အမှန်တကယ်ပဲ ပတ်သက်နေခဲ့တာလေ.....”

ချီလင်းဟန် သူ(မ)အား အေးစက်စွာ ကြည့်လိုက်သည်။ ဟုတ်တယ်၊ သူ့မှာလည်း ဒီကိစ္စတွေကို ရွယ်ယန်လုပ်ခဲ့တာမဟုတ်ဘူးဆိုတဲ့ သက်သေရှိမနေဘူး၊ သူ့စိတ်ကပဲ ရွယ်ယန်ကို ယုံကြည်နေခဲ့တာ...။

ရွှေယွိနှင့် ရွှေကျစ်မှာ အနည်းငယ် ထိတ်ပျာသွားကြသည်။ ရွယ်ယန်မှာ သူတို့ရဲ့ညီမလေးဖြစ်ပြီး ထိုအရှုပ်ဇယားများကြောင့် သူ(မ)အပေါ် သူတို့ ဂရုမစိုက်ခဲ့ကြကာ ရက်စက်ကြမ်းတမ်းသောစကားများကိုပင် ပြောဆိုပစ်ခဲ့ဖူးသည်။

ဒါပေမယ့် သူ(မ)အား ပေးသေလိုက်ရမယ်ဆိုတဲ့အတွေးမျိုး သူတို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး....

ယဲအန့်နင်က ရွယ်ယန်မိထွေးရဲ့သမီးဖြစ်၍ ရွယ်ယန်နှင့် သွေးသားတော်စပ်မှုမရှိချေ။ သို့သော် သူ(မ)လည်း အနည်းငယ် မသက်မသာဖြစ်ရသည်။ အတိတ်တွင် ရွယ်ယန်က သူ(မ)အမေအား ကိုယ်ဝန်ပျက်ကျစေခဲ့သည်အထိ ဖြစ်စေခဲ့ပြီး နောက်ဆုံးတွင် ကလေးထပ်မရနိုင်တော့သည်အထိ ဖြစ်သွားခဲ့သည်။

ထိုအချိန်က ရွယ်ယန်မှာ ငယ်ရွယ်သေးသော်လည်း သူ(မ)လည်း နောက်ပိုင်း အပြစ်ပေးခံခဲ့ရသည်။ သူ(မ)ကို ကားတစ်စီးက ဝင်တိုက်သွားခဲ့ပြီး ထိုအချိန်မှစ၍ သူ(မ)ကာ လမ်းလျှောက်တိုင်း ထော့နဲ့နေခဲ့သည်။

နောက်ပိုင်းတော့ ရွယ်ယန် ငိုယိုနေခဲ့သည်ကို မြင်သည့်အချိန်တွင်မှ ယဲအန့်နင် သူ(မ)အား ထပ်ပြီးမုန်းတီးနေခြင်းမျိုးမရှိတော့ပေ။

ထောင့်တစ်နေရာတွင် ရှိနေသည့် ချောင်းကျဲမှာ အနည်းငယ်လေး မျက်နှာပျက်ယွင်းသွား၏။ တခြားသူများနှင့်ယှဉ်လျှင် အမှန်တကယ်တွင် ရွယ်ယန်အပေါ် သူ အချိန်အတော်ကြာ အတော်လေး လိပ်ပြာမသန့်ဖြစ်ခဲ့ရသည်။ တစ်ခုခုကို ပြောချင်နေသည့်အလား သူ့လက်ချောင်းများကို ဆုပ်ထားလိုက်သည်။

ချီလင်းဟန်က

“သူ မင်းတို့အားလုံးကို အရမ်းသတိရနေခဲ့တာ၊ မင်းတို့တွေ သူ့အပေါ် ဒီလိုမျိုးစကားကြမ်းတွေပြောပြီး နာကျင်မှုတွေချည်းပေးခဲ့တာတောင် သူ မင်းတို့အပေါ် တစ်ခါမှ အပြစ်မမြင်ခဲ့ဖူးဘူး”

“မင်းတို့ သူနဲ့ တစ်ခါလောက် ကောင်းကောင်းတွေ့ပေးဖို့ မျှော်လင့်တယ်... ဟန်ဆောင်ပေးတယ်ဆိုရင်တောင်မှ၊ အခု သူ(မ)က သေရတော့မှာ”

ရှန်နျန်က နှုတ်ခမ်းများကို စေ့ထားလိုက်သည်။ ချီလင်းဟန်ရဲ့စကားများက သူ(မ)ကို လှုပ်ရှားသွားစေသည်။ ရွယ်ယန်သာ သေသွားခဲ့ရင် ဘယ်လိုဖြစ်မလဲဆိုတာ သူ(မ) တွေးတောင်မတွေးကြည့်ရဲ....

အားလုံးမှာ ချီလင်းဟန်ပြောခဲ့တဲ့ “သူ(မ)အပေါ် သိမ်းကျုံးအပြစ်တင်ခဲ့တယ်” ဆိုတာ ဘာသဘောလဲဆိုတာ တွေးတောမိသွားကြသည်....

လူတိုင်းရဲ့သဘောထားက အနည်းငယ်နူးညံ့သွားသည်ကို မြင်ပြီး လုယွင့်လင်က စကားလုံးအနည်းငယ်ဖြင့် မီးတောက်အပေါ် လောင်စာထပ်လောင်းရန် ဟန်ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် ခန်းမထဲရှိ ဂရိုဂျက်တာက လင်းလာပြီး နှစ်ဆယ်အရွယ်ကောင်မလေးတစ်ယောက်ပုံက စခရင်ပေါ် ပေါ်လာ၏။

ကောင်မလေးက ဖြူဖျော့နေသော်လည်း မျက်နှာထက်တွင် အေးဆေးဖြစ်နေသည့်အပြုံးလေးဖြင့်။ တစ်ခုရှိသည်မှာ ထိုမည်းနက်နက်ခြောက်ကပ်ကပ် မျက်ဝန်းများထဲတွင် အသက်ဟူသည့် အရိပ်အယောင် နည်းနည်းလေးပင် ရှိမနေခြင်း။

သူ(မ)က : “ဟဲလို အားလုံးပဲ၊ နင်တို့တွေ ဒီမှာရှိနေကြလိမ့်မယ်လို့ သူတို့ပြောတာ ကြားခဲ့တယ် ဒါကြောင့်မလို့ ဒါလေးနဲ့ ငါ့ကို ကူညီပေးဖို့ သူတို့ကို တောင်းဆိုခဲ့တာပါ ဒါပေမယ့်လေ ငါသေသွားခဲ့ရင် မပြောနိုင်တော့တဲ့တချို့အရာတွေ ရှိနေမှာကို စိုးရိမ်တယ်”

“နျန့်နျန့် ငါ နင်နဲ့အကိုချောင်းကျဲကို လမ်းခွဲစေဖို့အကြောင်း တစ်ခါမှ မတွေးခဲ့ဖူးပါဘူး၊ နင် ငါ့အပေါ် ဘာလို့ ဒီလိုတွေးရလဲဆိုတာ ငါမသိဘူး ပြီးတော့ နင် ငါပြောတာကို အခုရော ယုံပါ့မလားဆိုတာလည်း မသိဘူး”

“ကျဲကျယ်... ငါ ဒီလိုခေါ်တာကို နင်မကြိုက်ဘူးဆိုတာ သိပါတယ် ဒါပေမယ့် ဒီတစ်ခါ နောက်ဆုံးအနေနဲ့ပါ”

ကောင်မလေးက သူ(မ)ဘာမှဆက်ပြီး ရှင်းမပြနိုင်တော့သည့်အလား ပြင်းထန်စွာ ချောင်းဆိုးလာခဲ့သည်။

“အဟွတ် အဟွတ်....”

သွေးများက သူ(မ)ပါးစပ်ထောင့်နားမှ စီးကျလာပြီး ဖြူဖွေးနေသည့်ရှပ်အင်္ကျီအပေါ် စွန်းထင်းသွားကာ မျက်စိအမြင်ထဲ ထင်းထွက်နေ၏။

သူ(မ)မျက်လုံးများက အာရုံစိုက်မှု ဆုံးရှုံးသွားပြီး ခေါင်းကို ဖြည်းညင်းစွာ ခါကာ

“ထားလိုက်ပါတော့ ကြည့်ရတာ ဘာမှထွေထွေထူးထူး ဘာမှပြောစရာမရှိတော့တဲ့ပုံပဲ၊ ဒီတိုင်း.... နှုတ်ဆက်ပါတယ်၊ နောင်ဘဝမှာတော့ ငါ နင်တို့နဲ့ ထပ်မတွေ့ရတော့ဖို့ မျှော်လင့်တယ်... နင်တို့လည်း ဒီအတိုင်း တွေးနေကြမှာပဲ ဟုတ်တယ်မလား?”

သူ(မ)အသံက ဖျော့တော့သွားရင်း ဂရိုဂျက်တာက ပျောက်ကွယ်သွား၏။ ချီလင်းဟန်မှာ နှလုံးသားထဲမှနေ၍ ထိန်းချုပ်မရနိုင်သော တင်းကျပ်မှုတို့ကို ခံစားနေရ၏။

သူ တစ်ခုခုကို ပြောဟန်ပြင်နေချိန် အစေခံတစ်ဦးက ရုတ်တရက် ခန်းမထဲသို့ ရောက်လာ၏။ အမျိုးသားရဲ့အသံက အနည်းငယ် တုန်ယင်နေပြီး

“မာစတာရှောင် မမလေးရွှေ စံအိမ်ထဲကနေ ထွက်သွားပါပြီ”

ချီလင်းဟန် အံ့အားသင့်သွားရသည်။ သူက သုတ်ခြေတင် ပြေးထွက်သွား၏။

သို့ရာတွင် သူ အပြင်သို့ ရောက်သည့်အချိန်တွင် နှင်းထဲတွင် ရိုက်နှိပ်လျက်သားရှိနေသည့် ဝေဝါးသွားနှင့်ပြီပင်ဖြစ်သော ခြေရာလေးများအား တွေ့လိုက်ရသည်။

ခန်းမထဲရှိ တခြားလူများကလည်း ပြေးထွက်လာကြသည်။ ယခုအချိန် သူတို့မျှော်လင့်နေကြသည်မှာ သူ(မ)နှင့် ပြန်လည်သင့်မြတ်စေရန် အခွင့်အရေးတစ်ခုရနိုင်ဖို့ကိုသာ။ အတိတ်ကထိုကိစ္စတွေက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူတို့ပေးခဲ့တဲ့ ဒုက္ခတွေက သူ(မ) ခံနိုင်ရည်ရှိတာထက်ပင် ကျော်လွန်နေခဲ့သည်။

ချီလင်းဟန်က ခြေရာများအတိုင်းလိုက်ကာ ရှေ့သို့ဆက်လျှောက်သည်။ သူ မည်မျှကြာလျှောက်ခဲ့ရသည်ကို မသိတော့ပေ၊ နောက်ဆုံးတွင် သူ သူ(မ)အား တွေ့ပြီဆိုတာကိုသာ သိလိုက်သည်။

နှင်းပွင့်နှင်းမှုန်များက မျက်စိတစ်ဆုံး၊ သိပ်မဝေးသည့်နေရာတစ်ခုတွင် ကျောက်တုံးကြီးတစ်တုံးပေါ် အဖြူရောင်ဧရာမဝံပုလွေကြီးတစ်ကောင် လဲလျောင်းနေ၏။

ဝံပုလွေဖြူကြီးနဲ့ဘေးနား ကွေးနေတာကတော့ ကောင်မလေးတစ်ယောက်၊ အေးစက်စက်လေကြမ်းထဲတွင် သူ(မ)က တီရှပ်လေးတစ်ထည်သာ ဝတ်ဆင်ထား၏။

နောက်တစ်စက္ကန့်အတွင်း ပျောက်ကွယ်သွားတော့မည့်အလား သူ(မ)က တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။

အသံကို ကြားချိန်တွင် ရွယ်ယန်က ပြန်ကြည့်လာပြီး မီးထဲကနေ သူ(မ)အား ကယ်တင်ပေးခဲ့သည့် လူငယ်လေး၊ သူ(မ)ရဲ့ယုံကြည်မှုတို့အားလုံးကို ပေးအပ်ထားခဲ့သည့် ထိုလူငယ်လေးကို ဝေဝါးစွာ တွေ့လိုက်ရသည်။

သူ(မ)ဘေးနားရှိ ဝံပုလွေဖြူက သားရိုင်းတိရစ္ဆာန်များအကြား ခြိမ်းခြောက်မှုဟန်ဖြစ်သည့် တိုးဖျသည့်ဟိန်းသံတစ်ခု ထုတ်လိုက်သည်။

ရွယ်ယန်က အသိပြန်ဝင်လာပြီး သူ(မ)ပတ်လည်ရှိ နှင်းဖြူများစွာကို ဗလာကျင်းစွာ စိုက်ကြည့်ရင်း မျက်လုံးများက မှေးမှိန်လျက်ရှိသည်။

ချီလင်းဟန်ရဲ့အသံတို့က တုန်ယင်နေပြီး

“အားယန်.....”

ရွယ်ယန်က တစ်ဖန်ထပ်၍ အတွေးထဲပျောက်ဆုံးသွားရပြီး ချီလင်းဟန်ထံ လက်လှမ်းကာ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့် အသံဖြင့်

“ချီလင်းဟန် ငါ အိမ်ပြန်ချင်တယ်”

ချီလင်းဟန်က သူ(မ)အား ဂရုတစိုက် ချီကာ နူးညံ့စွာဖြင့်

“အိုခေ အားယန် ငါ မင်းကို အိမ်ခေါ်သွားပေးမယ်နော်”

ဝံပုလွေဖြူက သူ(မ)အရင်ထွက်သွားသည်ကို မကြည့်ချင်သည့်အလား ရွယ်ယန်ရဲ့ခြေသလုံးကို ညင်သာစွာ ပွတ်သပ်နေ၏။ ၎င်း၏မျက်လုံးများထဲတွင် တွန့်ဆုတ်မှုတို့ ရှိနေ၏။

ရွယ်ယန်ရဲ့လက်ချောင်းသွယ်သွယ်လေးများက ချီလင်းဟန်ရဲ့ကော်လာကို ညင်သာစွာကိုင်ရင်း

“ချီလင်းဟန် ငါ အိမ်ကိုပြန်ချင်တယ်”

ချီလင်းဟန်က နှုတ်ခမ်းကို တင်းကျပ်စွာ စေ့ပိတ်ထား၏။ သူ(မ)အား နှစ်သိမ့်ပေးရန် ဟန်ပြင်သည့်အချိန် သူ(မ)ရဲ့ သတိလက်လွတ် ရေရွတ်သံကို ကြားလိုက်ရသည်။

“ဒါပေမယ့် ငါ့မှာ အိမ်ဆိုတာ မရှိတော့တဲ့ပုံပဲ....”

သူ(မ)ရဲ့အသံတို့က နောက်ဆုံးတွင် တီးတိုးပြောနေလိုမျိုးဖြစ်သွားသည်အထိ တိုးဖျသွားသည်။

သူ(မ)က စကားပြောရင်းဖြင့် ချီလင်းဟန်ရဲ့ကော်လာကို ဆွဲထားသည့်လက်တို့မှာလည်း အားလျော့စွာ ပြုတ်ကျသွား၏။

သူတို့အနောက်မှ လိုက်လာသည့် လူများမှာ ထိုမြင်ကွင်းအား မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်....

သို့သော် ချီလင်းဟန်ကတော့ ဘာကိုမှ အရေးစိုက်ဟန်မပေါ်။ ခေါင်းကိုငုံ့ရင်း သူ(မ)ရဲ့နဖူးလေးနှင့် ဂရုစိုက်စွာ ထိလိုက်သည်။ အေးစက်နေသော သူ(မ)ရဲ့ကိုယ်ကို ခံစားကြည့်ရင်း သူ့မျက်လုံးများက ဖြည်းဖြည်းချင်း နီရဲသွားခဲ့သည်။

သူက သူ(မ)ကို ချီပြီး တစ်လှမ်းပြီးတစ်လှမ်း ရှေ့ဆက်လျှောက်နေ၏။ သူက တုန်ယင်နေပြီး

“အားယန် မကြောက်နဲ့တော့မှာ ငါ မင်းကို အိမ်ပြန်ခေါ်သွားပေးမှာ”

သူ နောင်တရမိတယ်။ အကယ်၍ သူ့မှာသာ နောက်ထပ်အခွင့်အရေးများ ရခဲ့လျှင် သေချာပေါက် သူ(မ)အား ကောင်းကောင်းကာကွယ်ပေးမည်ဖြစ်ကာ သူ(မ)အပေါ် မည်သူ့ကိုမျှ နာကျင်ခွင့် ပြုမည်မဟုတ်တော့ပေ။

ဒါပေမယ့် သူအခုတွေး‌နေတဲ့အရာ‌တွေကို သူ(မ)မကြားနိုင်တော့ချေ။

ရွယ်ယန်က သူ(မ)ရဲ့အသက် (၂၀) ပြည့်မွေးနေ့တွင် သေဆုံးသွားခဲ့သည်။ သူ(မ)အသက်ရှိစဉ်က သူငယ်ချင်းများက ဖယ်ကြဉ်ထားခဲ့ကြသလို ဆွေမျိုးများကလည်း သူ(မ)ဘက်တွင် မဟုတ်ခဲ့ပဲ ရောဂါဖြင့် သေဆုံးသွားခဲ့သည်။ သို့သော် သူ(မ)သေဆုံးသွားချိန်မှာတော့ အားလုံးရဲ့နှလုံးသားများကိုပါ ယူဆောင်သွားခဲ့သည်.....

အေးစိမ့်စိမ့်ရာသီဖြစ်နေသည့်တိုင် သည်းထန်သောမိုးက ရုတ်တရက် ရောက်လာခဲ့ပြီး တစ်ပေစာထူသည့်နှင်းများက လုံးလုံးအရည်ပျော်သွားပြီးနောက် ခဲသွားပြန်၏။

မိုးကြိုးများက ကျယ်လောင်စွာ တဂျိန်းဂျိန်းမြည်ဟီးနေပြီး လျှပ်ပန်းလျှပ်နွယ်များက တဖျပ်ဖျပ်နှင့်။ အေးစိမ့်မှုတို့က ယခုဆောင်းရာသီထဲ ချင်းနင်းဝင်ရောက်လာ၏။

ချီလင်းဟန်က ခရစ်စတယ်ခေါင်းတလားရှေ့တွင် ရပ်ကာ အထဲတွင် လဲလျောင်းနေသည့်ကောင်မလေးအား ဗလာကျင်းစွာ စိုက်ကြည့်နေ၏။

ချောင်းကျဲက ရွယ်ယန် အိပ်ဆေးအများအပြားသောက်ကာ သတ်သေသွားသည်ဟု ပြောခဲ့သည်။

သူ(မ)ခန္ဓာကိုယ်က အေးစက်နေသော်လည်း တမူထူးခြားသည့်ရုပ်ရည်သွင်ပြင်က လှပမြဲလှပနေဆဲ။ သူ(မ)က အမြဲတမ်း အလှဆုံးဖြစ်နေခဲ့သော်လည်း အချိန်တစ်ခုတွင် သူ(မ)က သူ(မ)မျက်နှာကို ဂရုမစိုက်တော့ချေ။

ဖြစ်တန်သည်မှာ ချီလင်းဟန်က သူ သူ(မ)မျက်နှာကို မုန်းသည်ဟု ပြောခဲ့ခြင်းကြောင့် ဖြစ်လိမ့်မည်။

ဂရိုဂျက်တာမှ သူ(မ)ကို မြင်ပြီးကတည်းက ရှန်နျန်နှင့် ယဲအန့်နင်မှာ သူတို့ မှားသွားခဲ့သလို ခံစားနေရသည်။ ရွယ်ယန်က တက်ကြွပြီးပွင့်လင်းတဲ့ကောင်မလေးတစ်ယောက် ဖြစ်ခဲ့ဖူးပြီး၊ ဘယ်လိုလုပ်ပြီး သူ(မ)က သေကြောင်းကြံတာဆိုတာ ဖြစ်နိုင်ပါ့မလဲ?

သူတို့ကိုယ်တိုင် သူ(မ)ကို သူတို့ရဲ့လက်များဖြင့် ဖျက်ဆီးခဲ့ပြီး အကောင်းမြင်တတ်သည့် ရိုးသားသောကောင်မလေးအား သေလမ်းကို ရှာစေခဲ့သည်အထိ ပြောင်းလဲခဲ့သည်။

သို့ရာတွင် သူတို့ သူ(မ)အား ဘယ်တော့မှ တောင်းပန်နိုင်ခွင့်ရတော့မည်မဟုတ်ပဲ သူ(မ)ထံမှ ခွင့်လွှတ်မှုကိုလည်း တောင်းခံမည်မဟုတ်ပေ။

လုယွင့်လင်တွင်လည်း ကြေကွဲနေသည့်ပုံစံ ရှိသော်လည်း အခြားသူများမမြင်နိုင်သည့် နေရာတွင်တော့ သူ(မ)မျက်လုံးများက အေးစက်လျက်ရှိသည်။

ရွယ်ယန် နင် တကယ် တတ်နိုင်တာပဲ၊ သေသွားတာတောင် သူ(မ)ကို ပြဿနာရှာနိုင်ခဲ့သေးတယ်။

ဒါပေမယ့် ဘာတွေပဲဖြစ်နေဖြစ်နေ သူ(မ)က ရွယ်ယန့်ကို အားလုံးကမေ့သွားအောင် လုပ်မှာ၊ သူ(မ)က ချီလင်းဟန် သူ(မ)ကို ချစ်လာအောင် လုပ်မှာ။

အပြင်ဘက်ရှိမိုးများက သည်းသထက်သည်းလာသည့်ပုံပင်၊ နေ့ခင်းအချိန်ဖြစ်နေတာတောင် ကောင်းကင်မှာ မှောင်မည်းလျက်ရှိသည်။

လျှပ်စီးများက အဆက်မပြတ်၊ ချီလင်းဟန်ရဲ့အကြည့်က ပြတင်းပေါက်ဆီ ရောက်သွား၏။ သူက နွမ်းနယ်စွာ နှုတ်ခမ်းထောင့်ကို ကွေးလိုက်ပြီး နူးညံ့စွာ ရေရွတ်လိုက်သည်။

“အားယန်.....”

ရုတ်တရက် လျှပ်စီးတစ်ခုက စံအိမ်တော်ကြီးကို တိုက်ရိုက် ပစ်ချလာပြီး အိမ်တော်တစ်ခုလုံးအား အမှောင်ထုထဲသို့ ဆွဲခေါ်သွား၏။


ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးDonde viven las historias. Descúbrelo ahora