အပိုင်း (၂၈)
လုယွင့်လင်အသံက စူးဝါးကျယ်လောင်နေ၏။
"နင်၊ နင်က ရွံဖို့ကောင်းတယ်"
"တော်ပြီ! ထွက်သွား!"
ချောင်းကျဲရဲ့အသံက အေးစက်နေပြီး သူ ရွယ်ယွိနှင့် ရွယ်ကျစ်တို့က တစ်ပြိုင်နက်တည်း အသံထွက်လာခဲ့သည်။
ယဲအန့်နင်က အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ရှန်နျန်ဘက်သို့ လှည့်ကာ
"ငါတောင်းပန်ပါတယ်၊ ဒီတစ်ခေါက် နင့်မွေးနေ့က သိပ်ပြီး ပျော်ရတော့လောက်မှာမဟုတ်ဘူး"
ရှန်နျန်က ခေါင်းခါပြီး
"ဒါ ငါ့ရဲ့ ပေါ့ဆမှုကြောင့်ပါ"
သူ(မ) အစကတည်းက လုယွင့်လင်ကို မဖိတ်လိုက်သင့်တာ...
သူ(မ)က လုယွင့်လင်အား အေးစက်စွာ ကြည့်လိုက်ပြီး
"ငါ့မွေးနေ့ပွဲက ပြီးပြီ၊ အခု တစ်ယောက်ယောက်ကို နင့်ကို အိမ်ပြန်ပို့ပေးခိုင်းလိုက်"
လုယွင့်လင်မှာ မယုံကြည်နိုင်ခြင်းများစွာဖြင့်
"နင်... နင်က ငါ့ကို ဒီကလေးမစုတ်အတွက်နဲ့ မောင်းထုတ်တယ်ပေါ့?"
သူ(မ)အပေါ် ရှန်နျန်ရဲ့စက်ဆုပ်မှုတို့က ထိပ်ဆုံးထိရောက်နေပြီဖြစ်သည်။
"အားယန်က ကလေးမစုတ်မဟုတ်ဘူး၊ နင်ကသာ"
နောက်ဆုံးတွင် ရှန်နျန်က လုယွင့်လင်ကို တက္ကစီတစ်စီးခေါ်ပြီး ပြန်လွှတ်လိုက်သည်။ သူ(မ)မှာ လုယွင့်လင်ကို သူ(မ)မိသားစု၏ကားကိုပင် ပေးမစီးစေချင်တော့ပေ။
သို့သော် အနည်းဆုံးတော့ ဤနေရာရှိ တက္ကစီများက ကလေးများ၏လုံခြုံရေးအတွက် အပြည့်အဝစိတ်ချထားလို့ရပေသည်။ မည်သို့ဆိုစေ ဈေးနှုန်းက စကားပြောသည်မဟုတ်ပါလား။
ရွယ်ယန်က တစ်ချိန်လုံး ခေါင်းငုံ့ထားဆဲဖြစ်ပြီး သူ(မ)ဘာတွေတွေးနေမှန်း မည်သူမျှ မသိချေ။
သူ(မ)ချီထားသည့် ထီကျစ်က သူ(မ)အဝတ်ကို ညင်သာစွာ ပွတ်သပ်နေသည်မှာ သူ(မ)အား နှစ်သိမ့်ပေးနေသည့်အလားပင်။
ဧည့်သည်အား ပြန်ပို့ပြီးသည်နှင့် ရှန်နျန်က ရွယ်ယန်ဘေးနားတွင် ထိုင်ချလိုက်ပြီး ညင်သာစွာဖြင့်
"စိတ်မကောင်းမဖြစ်နဲ့တော့နော် အားယန်"
ကလေးမလေးရဲ့အသံက အလွန် တိုးဖျနေပြီး
"နျန်နျန်... အားယန်က ရွံဖို့မကောင်းပါဘူး"
အကြောင်းပြချက်တချို့ကြောင့် ခုနက မမပြောသွားသည့် သူ(မ)က ရွံဖို့ကောင်းတယ်ဆိုသည့်စကားကို ကြားလိုက်ရချိန်တွင် သူ(မ)မှာ အလွန်ကို စိတ်မသက်မသာဖြစ်သွားရသည်။
ရှန်နျန်မှာ တစ်ချိန်တည်းဆိုသလို ကြေကွဲဝမ်းနည်းမိသလို ထိတ်ပျာသွားမိသည်။ အဘယ်ကြောင့်ဆိုသော် သူ(မ)လည်း တစ်ချိန်က ရွယ်ယန်အား ထိုသို့သော ရက်စက်ကြမ်းကြုတ်သော စကားလုံးများဖြင့် ထိုးနှက်ခဲ့ဖူးသည်မဟုတ်လား။
ယဲအန့်မှာလည်း မထူးမခြား၊ သူ(မ)လက်များမှာ တုန်ယင်လို့နေ၏။
ထိတ်ထိတ်ပျာပျာဖြင့် သူ(မ)က ကလေးရဲ့မျက်ရည်များကို သုတ်ပစ်ပေးပြီး သူ(မ)ကိုယ်သူ(မ) တည်ငြိမ်အောင် ဖိအားပေးလိုက်သည်။
"အားယန်က လုံးဝကို ရွံဖို့မကောင်းဘူးနော်၊ ခုနက ပြောသွားတဲ့သူကသာ ရွံဖို့ကောင်းတာ"
ရွယ်ယန်က ယဲအန့်နင်ရဲ့အင်္ကျီစကို သတိကြီးစွာ ဖမ်းဆုပ်ပြီး
"ကျဲကျယ်၊ အားယန်က ကျဲကျယ်နဲ့နျန်နျန်ကို တကယ်သဘောကျတာပါ... ကိုကိုတို့ကိုရောပဲ၊ အားယန်ကို မမုန်းပါနဲ့နော်၊ အားယန် လိမ္မာပါ့မယ်"
ယဲအန့်နင်ရဲ့မျက်လုံးများက နီမြန်းသွားပြီး
"အားယန် သူပြောသွားတဲ့စကားတွေကို နားမထောင်နဲ့ သူက တမင်သက်သက်ပြောသွားတာ၊ ကျဲကျယ်ရဲ့အားယန်လေးက ဒီလောက်ချစ်ဖို့ကောင်းတာ ကမ္ဘာပေါ်မှာ ချစ်ဖို့အကောင်းဆုံး"
ရွယ်ယွိက ကလေးမလေးအရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ(မ)အား အလေးအနက်ကြည့်ကာ
"အားယန် လိမ္မာပေးစရာမလိုပါဘူး၊ ကိုကို၊ မမတို့နဲ့ဆိုရင် အားယန် လုပ်ချင်တာမှန်သမျှ ဘာပဲဖြစ်ဖြစ် လုပ်လို့ရတယ်"
ရွယ်ယွိ သူ့ညီမလေးအား လိမ္မာသည့် ကလေးတစ်ယောက် မဖြစ်စေချင်ပေ။ သူ့ညီမလေး ဘာပဲလုပ်ချင်လုပ်ချင် လွတ်လွတ်လပ်လပ်လုပ်နိုင်တာကို လိုချင်ရုံလေးပင်။
ချီလင်းဟန်က ကလေးမလေးရဲ့ခေါင်းကို ပွတ်သပ်ပြီး ညင်သာသော အသံတို့ဖြင့်
"အားယန် ကိုယ်တို့တွေ ခုနကလူနဲ့ မဆော့တော့ဘူး၊ သူ့ကို လျစ်လျူရှုထားလိုက်"
ရွယ်ယန်က မျက်လုံးများကို ပွတ်လိုက်ပြီး လူတိုင်းကို မော့ကြည့်လိုက်သည်။ မည်သူကမျှ သူ(မ)အား သဘောမကျတာမျိုး မဖြစ်သည်ကို အတည်ပြုပြီးနောက် သတ္တိမွေးကာ
"နျန်နျန် အားယန် ခုနကလူကို သဘောမကျဘူး"
ရှန်နျန်လည်း လုယွင့်လင်ကဲ့သို့ ကလေးမျိုးကို စိတ်ကုန်သွားပြီဖြစ်သည်။ သူ(မ)က ကလေးမလေးအား ညင်သာစွာဖြင့်
"ငါလည်း သူ့ကို သဘောမကျဘူး၊ တို့ရဲ့အားယန်လေးကသာ အကောင်းဆုံး"
ကလေးမလေးက ပင့်သက်ချနိုင်သွားပုံရ၏။ နောက်ဆုံးတွင် လုယွင့်လင်၏စကားများအပေါ် ခံစားမနေတော့ဘဲ နှုတ်ခမ်းကို ကွေးညွတ်လိုက်သည်။
"နျန်နျန်၊ အားယန် နျန်နျန်ကို လက်ဆောင်ပေးရအုံးမယ်"
ရှန်နျန်က ပေါ့ပါးစွာ ပြုံးလိုက်ပြီး
"အိုခေ၊ အားယန်က ဘယ်လိုလက်ဆောင်မျိုး ပေးမှာပါလိမ့်?"
ရွယ်ယန်က ကြမ်းပေါ်မှ ထလိုက်ပြီး သူ(မ)ဖွက်ထားသည့် လက်ဆောင်ဘူးကို ရှာရန် ဆိုဖာအနောက်ဆီ ပြေးသွားလေသည်။ သူ(မ)က ရှန်နျန်အား ရတနာတစ်ပါးဆက်သသလို ကမ်းပေးပြီး
"နျန်နျန်အတွက်!"
ရှန်နျန်က လက်ဆောင်ဘူးကို လှမ်းယူလိုက်ပြီး စူးစမ်းစွာဖြင့်
"အားယန် ငါ အခု ဖွင့်ကြည့်ကြည့်လို့ရလား?"
ရွယ်ယန်က အမူအရာမဲ့နေသည့် ထီကျစ်ကို ကောက်ချီကာ ဖက်ထားလိုက်ပြီး အလေးအနက်ဖြင့် ခေါင်းညိတ်ပြလာခဲ့သည်။
"အိုခေ!"
ရှန်နျန်က အလေးအနက်ဖြင့် လက်ဆောင်ဘူးကို ဖွင့်ဖောက်လိုက်ပြီး အထဲ၌ လက်ရာမြောက်သော စာအုပ်တစ်စုံကို တွေ့လိုက်ရချိန်တွင် ပျော်ရွှင်စွာ အံ့အားသင့်သွားတော့သည်။
ယခင်ဘဝတွင် ရှန်နျန်က နာမည်ရှိသည့် စာရေးဆရာတစ်ဦးဖြစ်ပြီး စာရေးရသည်ကို အလွန်နှစ်သက်၏။ သူ(မ)ကို ရွယ်ယန်ပေးလာသည့် စာအုပ်မှာ သူ(မ)လိုချင်နေခဲ့သော်လည်း နှစ်များစွာကြာသည်အထိ ရှာမတွေ့ခဲ့သည့် စာအုပ်အမျိုးအစားဖြစ်သည်။
သူ(မ)က သူ(မ)အရှေ့မှ လိမ္မာလှသော ကလေးကို ဖက်လိုက်ပြီး
"အားယန် ကျေးဇူးတင်ပါတယ် ငါ ဒီလက်ဆောင်ကို တကယ် သဘောကျတယ်"
ရွယ်ယန်ကို နှုတ်ခမ်းကို စေ့ထားပြီး အနည်းငယ် ရှက်ရွံ့သွားကာ
"နျန်နျန် အဲ့ဒါက အားယန်အကြိုက်ဆုံး စာအုပ်လေ၊ နျန်နျန်လည်း သေချာပေါက် ကြိုက်မှာပဲလို့ အားယန် တွေးလိုက်တာ"
ရှန်နျန်က အံ့အားသင့်သွားပြီး အနည်းငယ် တုံ့ဆိုင်းသွားဟန်ဖြင့်
"အားယန်၊ ငါ့ကို နင်ရဲ့အကြိုက်ဆုံးစာအုပ်ကို ပေးလိုက်တာပေါ့"
ကလေးမလေးက ပျော်ရွှင်စွာ ပြုံးပြီး
"နျန်နျန် ကြိုက်တယ်ဆိုရင် ကိစ္စမရှိဘူး"
ရှန်နျန်မှာ ကလေးငယ်လေးကြောင့် ရင်ထဲထိသွားရပြီး
"ကျေးဇူးတင်ပါတယ် အားယန် ငါ အရမ်းကြိုက်တယ်"
ကိစ္စများအားလုံး ပြီးနောက်တွင် အခြားသူများကလည်း သူတို့လက်ဆောင်များကို ပေးလာကြသည်။
ရှန်နျန်က သူတို့လက်ဆောင်များကို မဖွင့်နေတော့ဘဲ ကိတ်မုန့်ခွဲရန် အားယန်ကို ခေါ်သွားလိုက်ပြီး ကလေးမလေးအား သူ(မ)ဝေစုကို ပေးစားစေလိုက်သည်။
သူ(မ)က ယခုလေးတင် သည်းသည်းနင့်နင့်ငိုထားခြင်းကြောင့် ဖြစ်တန်ရပြီး ရွယ်ယန်တစ်ယောက် ကိတ်မုန့်စားပြီးသွားသည်နှင့် အိပ်ငိုက်လာကာ စားပွဲပေါ်တွင် လဲလျောင်းပြီး ငိုက်မြည်းနေတော့သည်။
ရွယ်ယွိက ကလေးမလေး၏မျက်နှာအား ညင်သာစွာ ညှစ်လိုက်ပြီး
"အားယန် ဒီမှာ မအိပ်နဲ့လေ၊ ကိုကိုက အားယန် အိပ်လို့ရအောင် အိမ်ပြန်ခေါ်သွားပေးမယ် ဟုတ်ပြီလား?"
ကလေးမလေးက မျက်လုံးများကို ပွတ်လိုက်ပြီး အသံတအီအီပြုကာ ရွယ်ယွိအား သူ(မ)ကို ပေးချီစေလိုက်သည်။
ယဲအန့်နင်က ရွယ်ယွိအနောက် သဘာဝကျကျလိုက်ပြီး ရှောင်ရွယ်ယန်အိပ်ပျော်သွားသည့်အချိန် ဘယ်လိုပုံစံလေးဖြစ်နေမလဲကို မြင်ချင်ခဲ့သည်။
ရှန်နျန်ကလည်း သူတို့အနောက်က လိုက်လာ၏။ သဘာဝအတိုင်း အခြားသူများကလည်း ရှန်နျန်အိမ်တွင် မနေကြဘဲ ရွယ်ယန်၏အိမ်သို့ လိုက်ကြသည်။
ချီလင်းဟန်၏အကြည့်က သူတို့အနောက်ကနေ အေးဆေးစွာ လိုက်လာနေသည့် ထီကျစ်ဆီ ရောက်သွားပြီး သူ့မျက်လုံးများက မှောင်ရိပ်သန်းသွားကာ ရွယ်ယွိဘက်သို့ လှည့်၍
"ငါ မင်းတို့ကို ခဏနေ ပြောစရာရှိတယ်"
သူ့အသံက တိုးနေခြင်းမဟုတ်၍လည်း ဘေးတွင်ရှိနေကြသည့် ချောင်းကျဲနှင့် အခြားသူများပါ ကြားကြ၏။
ယဲအန့်နင်က မျက်မှောင်ကြုတ်လိုက်ပြီး ထိုကိစ္စက လုယွင့်လင်နှင့် ပတ်သက်နေလိမ့်မည်ဟု ခံစားနေရသည်။
သူတို့ ရွယ်ယန်အိမ်သို့ရောက်သည်နှင့် လျို့မန်က ရွယ်ယွိ၏လက်ထဲ အိပ်ပျော်နေသည့် ကလေးကို တွေ့လိုက်ရသည်။ သူ(မ)က သူတို့အား မျက်တောင်ခတ်ပြပြီး စကားတစ်ခွန်းမဆိုဘဲ ရွယ်ယန်အား အပေါ်ထပ်သို့ ခေါ်သွားလေသည်။
ရွယ်ယွိက သူတို့ကို ပြန်လှည့်ကြည့်ပြီး တည်ငြိမ်စွာဖြင့်
"အနောက်ဥယျာဉ်ထဲ သွားစို့ မင်းတို့ပြောချင်တာမှန်သမျှ အဲ့မှာပဲ ပြောကြရအောင်"
ချီလင်းဟန်က ခေါင်းညိတ်ပြီး အနောက်မှ လိုက်၏။ သူက ထီကျစ်ကို ဖြတ်သွားသည့်အချိန် သူ့ကိုပါ တစ်ခါတည်း ကောက်ချီလာခဲ့လိုက်သည်။
ထီကျစ် ကူကယ်ရာမဲ့စွာ မျက်စောင်းထိုးလိုက်သော်လည်း ရုန်းကန်ခြင်း မပြုချေ။
ရှန်နျန်က စိုးရိမ်ကြီးစွာဖြင့် အမေးပြုလာ၏။
"နင် ငါတို့ကို ဘာပြောချင်လို့လဲ?"
ချီလင်းဟန်ရဲ့အသံက အလွန်ပျော်နေသည့်ဟန် မပေါ်ပဲ
"အဲဒီတုန်းက ငါပြောခဲ့တဲ့စကားကို မင်းတို့တွေ မှတ်မိသေးလား?"
"မင်းတို့တွေ သူ(မ)ကိုဆို အမြဲ သိမ်းကျုံးအပြစ်တင်နေကျ၊ သူ(မ)က မင်းတို့နဲ့ အနီးစပ်ဆုံးလူတွေဆိုပေမယ့် သူ(မ)ကို နာကျင်မှုတွေအပေးခဲ့ဆုံးက မင်းတို့တွေပဲ"
ချီလင်းဟန် ထိုစကားများကို ပြန်ပြောလာသည့်အချိန်တွင် လူတိုင်း၏မျက်နှာမှာ ကြည့်ကောင်းမနေတော့ချေ။
အတန်ကြာ တိတ်ဆိတ်နေပြီးနောက်မှ ယဲအန့်နင်က အက်ရှနေသော အသံတို့ဖြင့်
"အဲဒီတော့ ဘာဖြစ်ခဲ့တာလဲ?"
ချီလင်းဟန်က သူ့မျက်ခုံးများကို ဖိလိုက်ပြီး
"ငါ့မှာ ဘာသက်သေမှမရှိဘူး၊ ဒါပေမယ့် ငါပြောနိုင်တာတစ်ခုက အားယန်လုပ်ခဲ့ပါတယ်လို့ မင်းတို့ထင်ထားကြတာတွေက သူ မလုပ်ခဲ့တာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်"
သူ့မျက်လုံးများက ရုတ်ခြည်း အေးစက်သွားပြီး
"အဲ့ဒီကိစ္စတွေက လုယွင့်လင်နဲ့ ပတ်သက်နေလိမ့်မယ်လို့ ငါတော့ သံသယရှိတယ်"
ယခုလေးတင် ဖြစ်သွားခဲ့သည့် ရွယ်ယန်နှင့် ထီကျစ်၏အပြုအမူကို ကြည့်ရုံဖြင့် အကြမ်းဖျင်း ခန့်မှန်းနိုင်၏။
တကယ်တမ်းတွင် သူ ထိုစကားပြောလိုက်သည့်အချိန်ကတည်းက လူတော်တော်များများက ယုံနှင့်နေကြပြီဖြစ်ပြီး သူတို့က ယခုအခိုက်အတန့်၌ ဒါတွေကို လက်ခံဖို့ ခက်ခဲနေရုံပင်။
ပြန်လည်မွေးဖွားလာခဲ့ပြီးနောက် သူတို့က ရွယ်ယန်အား ပြောင်းလဲပေးမည့် စိတ်ကူးကို လက်ကိုင်ထားခဲ့ကြသည်။ ရွယ်ယန်အား ထိုအရာတွေကို နောက်ထပ်မလုပ်မိစေရန် တားမည့်စိတ်ကူးတို့သာ ရှိနေ၏။
သို့သော် ထိုကိစ္စများအား သူ(မ) လုံးဝမလုပ်ခဲ့ဘူးဟူသည့် ဖြစ်နိုင်ခြေကို သူတို့ တစ်ခါမျှ မတွေးခဲ့ကြချေ။
ဖြစ်နိုင်တာက... သူတို့ တွေးမိနိုင်ကောင်းတွေးမိနိုင်၏။ သို့သော် ထိုအကြောင်းကို သေချာမတွေးရဲကြည့်ခဲ့ရုံ။
ရွယ်ယန်သာ ထိုကိစ္စများကို အမှန်တကယ် မလုပ်ခဲ့လျှင် အဓိပ္ပာယ်မှာ သူတို့က ရိုးသားပြီး ကြင်နာတတ်သည့် ကလေးတစ်ယောက်ကို သေဆုံးသည်အထိ တစ်ဆင့်ချင်းတစ်ဆင့်ချင်းဖြင့် ဖိအားပေးခဲ့ကြသူများ ဖြစ်သွားသည်မဟုတ်ပါလား။
![](https://img.wattpad.com/cover/363444597-288-k477603.jpg)