အပိုင်း (၂၁)
ရွယ်ယန် တွေဝေစွာ လှမ်းကြည့်လိုက်ပြီးနောက် သူ(မ)မျက်လုံးများက စိတ်လှုပ်ရှားစွာဖြင့် ပြူးကျယ်လာ၏။
"အန်တီလင်! အန်ကယ်ရှန်!"
သူ(မ)က လင်မယားနှစ်ယောက်ဆီ အပြေးသွားကာ သူတို့ကို မော့ကြည့်လိုက်သည်။
လင်ရိဖုန်က ပြုံးပြီး ရွယ်ယန်ရဲ့ဆံပင်ကို ဖွလိုက်ပြီးနောက် သူ(မ)ကို ကောက်ချီကာ
"အားယန်က ဒီမှာ လာကစားတာလား?"
ကလေးမလေးက ပျော်ရွှင်စွာ ခေါင်းညိတ်ပြီး
"ဟုတ်! ဟုတ်!"
"မင်္ဂလာပါ ဒီက ဘယ်သူလဲ မသိဘူးနော်?"
လျို့မန်က သူတို့ထံ လျှောက်သွားလိုက်ပြီး ခေါင်းတစ်ချက် ညိတ်ပြရင်းဖြင့် မေးလိုက်၏။
လင်ရိဖုန် ဘာမှဘာမပြောရသေးခင် ရွယ်ယန်က လျို့မန်ကို ဆွဲခေါ်သွားပြီး သူတို့ကို မိတ်ဆက်ပေးလာခဲ့သည်။
"အားမန် ဒါက နျန်နျန်ရဲ့မေမေနဲ့ဖေဖေ!"
လျို့မန် တစ်ခဏ ကြောင်အမ်းသွားပြီးနောက်မှ အသိပြန်ဝင်လာပြီး
"ဪ အားယန်ကို ကယ်ပေးခဲ့တဲ့သူတွေကိုး"
လင်ရိဖုန်က ပြုံးပြီး ခေါင်းခါကာ
"ကျွန်မတို့ မဟုတ်ပါဘူး၊ ကျွန်မတို့ရဲ့သမီးလေး"
လျို့မန်က ညင်သာစွာ ပြုံးလိုက်ပြီး
"ရှင်နဲ့ ရှင်ရဲ့ခင်ပွန်းက ဒီကို အိမ်လာကြည့်ကြတာလား?"
ရှန်ရှုက တစ်ချိန်လုံး ဘာမှဝင်မပြောဘဲ ပြုံးရုံသာပြုံးနေခဲ့သည်။ လင်ရိဖုန်က ရွယ်ယန်ကို ချီရင်းဖြင့် ထိုင်ချလိုက်ပြီး
"ဟုတ်တယ်၊ ဒီကအိမ်တွေက အရမ်းကောင်းတာပဲ၊ ကျွန်မတို့က အစကတည်းက မျက်စိကျနေတာ ဒါပေမယ့် ဝယ်ရင်ကောင်းမလား မဝယ်ရင်ကောင်းမလားဆိုပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာ၊ ကျွန်မတို့ရဲ့သမီးနျန်နျန်က ဒီအကြောင်းကြားတာနဲ့ ဝယ်ဖို့ချည်းပဲ တိုက်တွန်းနေတာလေ"
ရွယ်ယန်က ခေါင်းတညိတ်ညိတ်ဖြင့်
"နျန်နျန်က အားယန် ဒီမှာရှိတယ်ဆိုတာ သိလို့လေ!"
လင်ရိဖုန် အံ့အားတသင့်ဖြစ်သွားပြီး
"ဟုတ်လား? အားယန်က နျန်နျန်ကို ပြောပြလိုက်တာလား?"
ကလေးမလေးက မျက်လုံးများကျဉ်းမြောင်းသည်အထိ လှပစွာ ပြုံးရင်း
"ဟုတ်ဘူး၊ ကျဲကျယ်က နျန်နျန်ကို ပြောပြလိုက်တာ၊ ကျဲကျယ်က နျန်နျန်နဲ့ ကျောင်းအတူတူပဲ!"
လင်ရိဖုန်က အတွေးများသွားရပြီး
"အားယန်ပြောတဲ့ ကျဲကျယ်ဆိုတာက...."
လျို့မန်က သဘောပေါက်စွာဖြင့် ဝင်ရှင်းပြလိုက်သည်။
"သူက မစ်စတာရွယ်ရဲ့လက်ရှိဇနီးက သမီးပါ"
လင်ရိဖုန်မှာ အံ့အားသင့်ပြီးနောက် မနေနိုင်အောင် ရယ်မိလေတော့သည်။
"ကြည့်ရတာ အားယန်ကို ဘယ်သူမှမကြိုက်ဘဲ မနေနိုင်ကြဘူးနဲ့ တူပါရဲ့!"
ကလေးမလေးက အနည်းငယ် ခေါင်းရှုပ်သွားသော်လည်း ၎င်းက ချီးမွမ်းစကားမှန်း သိလေ၏။ သူ(မ)က ခေါင်းလေးဝင့်ပြီး
"အားယန်က အရမ်း ချစ်ဖို့ကောင်းတာလေ!"
လူတိုင်း ရယ်ကုန်ကြတော့သည်။
"ဟုတ်တာပေါ့ ဟုတ်တာပေါ့ အားယန်က ချစ်ဖို့အကောင်းဆုံး!"
လင်ရိဖုန်က ကြင်နာစွာ ကြည့်ပြီး
"အားယန်ရဲ့အိမ်က ဘယ်နားမှာလဲ? ကျွန်မတို့ အားယန်ရဲ့အိမ်နားမှာ အိမ်ဝယ်ကြတာပေါ့ မကောင်းဘူးလား?"
ရွယ်ယန်က လျို့မန်ကို ကြည့်ပြီး
"အားမန် အန်တီလင်ကို အိမ်လည်ခေါ်ရအောင်လေ!"
လျို့မန်က ရယ်ပြီး သူ(မ)ဆံပင်လေးကို ဖွကာ
"ရတာပေါ့... မစ္စရှန် ကျွန်မတို့ အရင်ဆုံးအတူသွားကြည့်ကြမလား?"
သူ(မ)က ရုံးခန်းအလယ်မှ စံပြအရုပ်လေးတွေကို ညွှန်ပြလိုက်သည်။
လင်ရိဖုန် ခေါင်းညိတ်ပြီး ရွယ်ယန်ကို ချီကာ ထရန်ဟန်ပြင်လိုက်စဉ် ကလေးမလေးက ရုန်းကန်လာပြီး သူ(မ)ဘာသာလျှောက်မည့်အကြောင်း ပြောလေ၏။
"အန်တီ အားယန် ကိုယ့်ဘာသာကိုယ် လမ်းလျှောက်ပါ့မယ်!"
လင်ရိဖုန်မှာ ရွေးချယ်စရာမရှိတော့ဘဲ သူ(မ)ကို ချပေးလိုက်ရကာ
"ကောင်းပါပြီကွယ်!"
အရောင်းစာရေးက သူတို့ကို စံပြရုပ်များဆီ ခေါ်သွားလိုက်သည်။ လျို့မန်က အနည်းငယ် ကြည့်လိုက်ပြီး လျို့မိသားစု၏တည်နေရာအား လင်ရိဖုန်နှင့် ရှန်ရှုအား မိတ်ဆက်ပေးလိုက်သည်။
ရွယ်ယန် ဘယ်နှင့်ညာအား ကြည့်လိုက်ပြီး သူ(မ)အား မည်သူမျှ အာရုံမစိုက်နေသည်ကို တွေ့လိုက်ရသည်။ သူ(မ)က ခြေဖျားလေးထောက်ပြီး အိမ်အရုပ်လေးများအား ကိုင်ကြည့်ရန် လက်ဖဝါးကို ထုတ်လိုက်သည်။
ထိုစံပြရုပ်များကို ရှုပ်ထွေးစွာ ပြုလုပ်ထားခြင်းဖြစ်ပြီး ကလေးမလေးက ၎င်းတို့ကို ပွတ်သပ်ကြည့်နေသည်က အကြိုက်ဆုံးသောကစားစရာအား တွေ့သွားသည့်အလား မျက်လုံးများက ကျေနပ်မှုဖြင့် ကျဉ်းမြောင်းသွား၏။
လျို့မန်က မျက်လုံးထောင့်ကနေပြီး သူ(မ)ရဲ့လှုပ်ရှားမှုများကို တွေ့နေသော်လည်း မတားနေဘဲ လင်ရိဖုန်နှင့် ရှန်ရှုတို့ဖြင့် စကားဆက်ပြောနေလိုက်၏။
လင်ရိဖုန်နှင့် ရှန်ရှုတို့မှာ အနည်းငယ် အံ့အားသင့်သွား၏။ သူတို့စကားပြောကြည့်ရင်းဖြင့် လျို့မန်က ရွယ်ယန်၏ကလေးထိန်းဖြစ်ကြောင်း သိလိုက်ရပြီး သူ(မ)ရဲ့အပြုအမူများက ကလေးထိန်းတစ်ယောက်နဲ့ လုံးလုံးမတူချေ။
လျို့မန် သူတို့ရဲ့အတွေးများကို ရေးတေးတေးခန့်မှန်းနိုင်သော်လည်း အများကြီး ရှင်းပြမနေတော့ပေ။
ထိုအချိန်တွင် ရွယ်ယန်က လျို့မန်၏အဝတ်ကို ဆွဲလာခဲ့ပြီး
"အားမန် ဒီမှာကားလေးတွေလည်း ရှိတယ်"
လျို့မန် လှမ်းကြည့်လိုက်ပြီး စံပြအရုပ်များထဲတွင် နမူနာအရုပ်ကားလေးများကိုပါ တွေ့လိုက်သည်။ သူ(မ)က ကလေးမလေးရဲ့ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး
"အားယန် ဒါတွေကို မခွဲမိစေနဲ့နော် ဂရုတစိုက်ကိုင်ရမယ်နော် သိလား?"
ကလေးက လိမ္မာစွာ ခေါင်းညိတ်ပြီး
"အားယန် သိပါတယ်!"
လေးနှစ်ခွဲအရွယ်ကလေးတစ်ယောက်တွင် အားမည်မျှမှ မရှိချေ။ တစ်ခဏ ဆော့ပြီးနောက်တွင် သူ(မ)က အိပ်ငိုက်လာပြီး အိပ်ချင်လာခဲ့သည်။
လျို့မန်က ကလေးမလေးကို ချီလိုက်ပြီး ယခုလေးတင်မှ အိမ်ကြည့်ပြီးသွားကြသည့် လင်မယားနှစ်ယောက်အား ကူကယ်ရာမဲ့စွာဖြင့်
"မစ်စတာရှန်နဲ့ မစ္စရှန်... တောင်းပန်ပါတယ်ရှင် ကျွန်မကို အချိန်ခဏလောက် ပေးလို့ရမလား? ကျွန်မ အားယန်ကို အိပ်လို့ရအောင် အရင်ပြန်သိပ်လိုက်အုံးမယ်"
လင်ရိဖုန်က လက်ခါပြပြီး
"ရတယ် ရတယ်၊ အားယန်ကို အရင်ပြန်ခေါ်သွားလိုက်လေ ကျွန်မတို့လည်း အိမ်တွေ ကြည့်ပြီးတာနဲ့ ပြန်ကြတော့မှာ၊ ကလေးကိုက တစ်ယောက်ယောက်ကြည့်နေပေးမှ အဆင်ပြေမှာပေါ့"
လျို့မန် တိုက်တွန်းခြင်းမပြုတော့ဘဲ သူ(မ)က တောင်းပန်စွာ ပြုံးရင်း
"ဒီနေ့အတွက် ကျွန်မ တောင်းပန်ပါတယ်၊ နောက်တစ်ခေါက်ကျရင်တော့ အသေအချာလေး ဧည့်ခံပေးပါ့မယ်"
...
သူ(မ)ရဲ့ကိုယ်ရေးကိုယ်တာများအား ဖြေရှင်းပြီးသည်နှင့် လျို့ဟွားတစ်ယောက် ရွယ်ကျစ်နှင့် ချောင်းကျဲတို့နှင့် တစ်ချိန်တည်း အိမ်ပြန်ရောက်လာခဲ့သည်။
ကျောင်းရှိဆရာမများထံမှ သူတို့အား ချီးမွမ်းလာသည့်အကြောင်း ပြန်စဉ်းစားရင်း သူ(မ)မှာ ပီတီဖြာမိသည်။ ရွယ်ကျစ်နှင့် ချောင်းကျဲက သူ(မ)နှင့် ဗီလာအရှေ့တွင် ဆုံခြင်းဖြစ်ပြီး သူတို့က သူ(မ)ကို လိမ္မာစွာ နှုတ်ဆက်လိုက်ကြပြီး ဗီလာထဲသို့ အမြန်ဝင်လိုက်ကြသည်။
သို့ရာတွင် သူတို့ ဝင်လာကြသည်နှင့် ရင်းနှီးသည့်ကိုယ်လေးအား ရင်းနှီးနေကျအနေအထားတွင် မတွေ့လိုက်ရသဖြင့် ရွယ်ကျစ်က လျို့မန်အား ခေါင်းရှုပ်စွာဖြင့်
"အားမန်ကျဲ အားယန်ရော?"
လျို့မန်က သူ(မ)လုပ်နေသည့်အလုပ်ကို ရပ်လိုက်ပြီး
"အားယန်က အပေါ်မှာ အိပ်နေတယ်၊ ကျဲ သူ့ကို ဒီနေ့ နည်းနည်းလျှောက်ပတ်ပေးလိုက်တာ ဆော့တာပင်ပန်းပြီး အိပ်ပျော်သွားလေရဲ့"
ရွယ်ကျစ်မှာ စိတ်သက်သာရာရသွားပြီး
"ဒါဆို ကျွန်တော်လည်း အပေါ်ထပ်မှာ အိမ်စာလေး အရင်သွားလုပ်လိုက်အုံးမယ်"
လျို့မန်က လက်ဝှေ့ယမ်းပြပြီး
"သွားလေ သွားသွား"
လျို့ဟွားက တစ်စုံတစ်ယောက်နှင့် စကားပြောနေသည့်နှယ် တစ်ခဏကြာပြီးနောက် အပြင်မှ ရောက်လာပြီး လက်ထဲတွင် ကောင်းမွန်လှသည့် ဘူးနှစ်ဘူးကိုပါ သယ်လာ၏။ သူ(မ)က အနည်းငယ် ခေါင်းရှုပ်နေဟန်ဖြင့်
"အားမန် နင် အားယန်ကို ဒီနေ့လယ်က ဘယ်ကိုခေါ်သွားသေးလဲ? ဘယ်လိုလုပ်ပြီး သူများက လက်ဆောင်နှစ်ဘူးတောင် ပို့ပေးလာရတာလဲ?"
လျို့မန်မှာ အံ့ဩသွားရပြီး မေးခွန်းအနည်းငယ် မေးမြန်းပြီးနောက်မှ
"အားယန်က ရုံးမှာ ဒီစံပြအရုပ်လေးတွေကို သဘောကျတယ်လို့ပြောနေတာ၊ သူတို့တွေ ပို့လာပေးတာနေမှာ"
လျို့ဟွားက လက်ထဲမှပစ္စည်းများကို မြှောက်ပြပြီး
"ဒီမှာ ဘူးနှစ်ဘူးတောင် ရှိနေတာလေ၊ နောက်တစ်ယောက်က မစ္စရှန်များလား?"
လျို့မန်က လှမ်းကြည့်လိုက်ပြီး အမှတ်တံဆိပ်များလည်း ရှိမနေသဖြင့် သူ(မ)က ကူကယ်ရာမဲ့စွာ ပခုံးတွန့်ပြလိုက်ပြီး
"ဟုတ်လောက်မယ်"
လျို့ဟွားက ရယ်ပြီး
"သူတို့တွေ တကယ် တွေးပေးတတ်ကြတာပဲ၊ ငါတို့တွေလည်း သူတို့ရဲ့ကလေးကို လက်ဆောင်ပြန်ပို့ပေးသင့်တယ်"
လျို့မန်က ဘူးများကို ယူပြီး သိမ်းထားလိုက်သည်။
"ကောင်းတာပေါ့!"
အပေါ်ထပ်၌၊ စာရိုက်နေသည့် ရွယ်ယွိက ရွယ်ကျစ်နှင့် ချောင်းကျဲကို လှမ်းကြည့်လိုက်၏။ သူက ဘေးနားမှ ခွက်ကို လှမ်းယူလိုက်ပြီး ဒုတိယထပ်ဧည့်ခန်းထဲတွင် ရေသွားယူရန် ဟန်ပြင်လိုက်သည်။
သို့သော် သူ စာကြည့်ခန်းထဲမှ ထွက်သည်နှင့် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ကွေးနေသည့် ပန်ဒါပေါက်စလေးကို တွေ့လိုက်ရသည်။
ရွယ်ယွိနှလုံးသားမှာ မမျှော်လင့်ထားသော မြင်ကွင်းကြောင့် ရုတ်ခြည်း အရည်ပျော်သွားရ၏။
သူက လျှောက်သွားလိုက်ပြီး 'ပန်ဒါပေါက်စ' လေးကို ကောက်ချီလိုက်သည်။
"အားယန် ဘယ်လိုလုပ်ပြီး ဒီနေရာမှာ အိပ်နေရတာလဲ?"
ရွယ်ယန်က ပန်ဒါအင်္ကျီဝမ်းဆက်ကို ဝတ်ဆင်ထားခြင်းဖြစ်ပြီး ခေါင်းလေးပေါ်တွင် နားရွက်ဝိုင်းဝိုင်းလေးနှစ်ခုက ထောင်လျက်သားဖြင့် ဦးထုပ်လေးပါ,ပါ၏။ ဖိနပ်နှင့် လက်နေရာများကလည်း ပန်ဒါတစ်ကောင်၏ခြေဖဝါးလက်ဖဝါးပုံစံလေးဖြစ်သည်။
အနောက်ဘက်ကကြည့်လျှင် သူ(မ)က နူးနူးညံ့ညံ့ ချစ်စဖွယ်ပန်ဒါလေးနှင့် တစ်ထေရာတည်း!
သို့သော် ကလေးမလေးက ရွယ်ယွိရင်ခွင်ထဲတွင် သနားစဖွယ် တိုးဝှေ့နေပြီး
"ကိုကို အားယန် အိပ်မက်ဆိုးမက်တယ်"
ရွယ်ယွိ နှလုံးသားမှာ နာကျင်သွားရပြီး
"ဘာတွေ မက်လို့လဲ အားယန်? မကြောက်နဲ့နောက် အိပ်မက်တွေက အစစ်မဟုတ်ဘူး"
ကလေးက နှာခေါင်းရှုံ့လိုက်ပြီး အလွန်ဝမ်းနည်းနေဆဲပင်။
"အင်း"
သူ့ညီမလေး၏ ညှိုးနွမ်းနေသော အသွင်အပြင်ကို မြင်လျှင် ရွယ်ယွိမှာ ရေယူဖို့ကိုပင် သတိမရတော့ပဲ 'ပန်ဒါပေါက်စလေး' ကိုချီကာ စာကြည့်ခန်းထဲသို့ ခေါ်သွားလိုက်သည်။
ရွယ်ကျစ်နှင့် ချောင်းကျဲက သူတို့အိမ်စာများကို နှေးကွေးစွာ လုပ်နေကြပြီး ရွယ်ယွိဝင်လာသည်ကို သတိမထားမိခဲ့ချေ။ သို့သော် ချောင်းကျဲက အမှတ်တမဲ့ဖြင့် လှမ်းကြည့်လိုက်ပြီး သူ့မှာ အံ့အားသင့်သွားရ၏။
"ရွယ်ယွိ မင်း ဘယ်ကနေ ပန်ဒါကို ခိုးလာတာလဲ?"
