အပိုင်း (၇၇)
ရွယ်ကျစ်သည် အချိန်အတော်ကြာ ကြည့်နေပြီးနောက် နောက်ဆုံးတွင် ဝင်ပြောလာ၏။
“အမေ၊ ကျွန်တော်တို့ အဖေ့ကို ဒီအကြောင်း ပြောပြလိုက်ရမလား”
လျို့ဟွားသည် ထိုစကားကြားလိုက်ရချိန် ရွှီယိကို အလိုအလျောက် ကြည့်မိသွားသည်။ သူ၏သဘောတူညီချက်ကို ရပြီးနောက်တွင် သူ(မ) ခေါင်းညိတ်ပြလိုက်သည်။
“သူ့ကို ပြောပြလိုက်၊ သူလည်း သေချာပေါက် ကူညီပေးနိုင်လောက်မှာ”
ရွှီယိ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ သူလည်း ရွယ်ကျင်းဟုန်အား ဤကိစ္စကို သိသွားစေရန် မျှော်လင့်သည်ပင်။ မည်သို့ပင်ဆိုစေ အဖေတစ်ယောက်အနေနှင့် ကိုယ့်သမီးလေး အနိုင်ကျင့်ခံလိုက်ရမှန်းတောင် မသိလိုက်လျှင် သူ့အနေနှင့် အမှန်တကယ် ဝမ်းနည်းစိတ်မကောင်းဖြစ်သွားလိမ့်မည်ဖြစ်သည်။
ရွယ်ယွိသည် ချက်ချင်းဆိုသလို တစ်ဖက်သို့ လှည့်သွားကာ အခြေအနေအား ရွယ်ကျင်းဟုန်ထံ စာတစ်ဆောင် လှမ်းပို့လိုက်သည်။
လျို့ဟွားသည် ဝပ်တုပ်ထိုင်ချကာ သူ(မ)သမီးငယ်၏ ခေါင်းလေးအား ညင်သာစွာ ပွတ်သပ်လိုက်သည်။
“အားယန်၊ ဆရာမဆီအကူအညီသွားတောင်းခဲ့တာ သမီး ကောင်းကောင်းလုပ်ခဲ့တယ် သိလား၊ ဒါပေမယ့် နောက်တစ်ခါဆို မေမေ့ကို အမြန်ဆုံး ပြောပြရမယ်နော်၊ သိပြီလား”
ကလေးမလေးသည် သူ(မ)၏အင်္ကျီကို တင်းကျပ်စွာ ဆုပ်ထားလိုက်ပြီး တွေဝေစွာ ပြန်ဖြေလာ၏။
လျို့ဟွားမှာ အလွန်သောကရောက်ကာ စိုးရိမ်ပူပန်နေရဆဲ၊ သူ(မ)သမီးလေးအား စကားတစ်ခွန်းမဆိုတော့ဘဲ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။
ရွယ်ယန်သည် သူ(မ)အမေ၏ စိတ်မအေးမှုတို့ကို ခံစားမိနေပြီး နာခံစွာဖြင့်ပင် ငြိမ်ငြိမ်လေးရပ်ကာ သူ(မ)ကို ပေးဖက်ထားစေလိုက်သည်။
ဆရာမက စာကို အမြန်ဆုံး ပြန်ဖြေပေးလာခဲ့ပြီး ထိုအခိုက်တွင် ရွယ်ကျင်းဟုန်သည်လည်း လောကြီးသုတ်ပျာဖြင့် လျို့ဟွား၏အိမ်တံခါးကို ခေါက်လာခဲ့သည်။
လျို့မန်က သူ့အတွက် တံခါးသွားဖွင့်ပေးလိုက်ပြီး ယဲအန့်နင်က အနောက်ကနေ ပါလာ၏။ သူတို့နှစ်ဦးသည် အထဲသို့ ရောက်လျှင်ရောက်ချင်း မေးမြန်းလာကြသည်။
“အားယန် အဆင်ပြေရဲ့လား”
လျို့ဟွား အတိုင်းပါပင်။ သူတို့သည်လည်း ဤကိစ္စကြီးသည် ကလေးငယ်အပေါ် စိတ်ဒဏ်ရာအမာရွတ်ကြီး ကျန်နေခဲ့မည်ကို စိုးရိမ်နေကြ၏။
သို့သော် သူတို့ကို ဦးစွာ ပြန်ဖြေပေးလာသည့်သူမှာ ကလေးမလေး ကိုယ်တိုင်ဖြစ်နေ၏။ ရွယ်ယန်မှာ မသေမသပ်စွာဖြင့် အမေဖြစ်သူ၏ ကျောကို ပုတ်ပေးနေပြီး နှုတ်ခမ်းစူကာ အဖေနှင့် အစ်မဖြစ်သူအား ပြောပြလိုက်သည်။
“ကျယ်ကျဲ၊ အားယန် အဆင်ပြေပါတယ်!”
လျို့ဟွား မျက်လုံးထောင့်ကို ကြမ်းတမ်းစွာ ပွတ်လိုက်ပြီး၊ နောက်ဆုံးတွင်တော့ အသေးလေးကို လွှတ်ပေးလိုက်သည်။
“အန်တီ၊ သမီးတို့ အခု ဘာလုပ်မှာလဲ”
ရွယ်ယွိ ယဲအန့်နင်၏အကြည့်တို့ကို ရိပ်စားမိလိုက်ပြီး အကယ်၍ အားယန်ကို အနိုင်ကျင့်ခဲ့သည့် ထိုကောင်လေးသာ ဤနေရာတွင် ရှိနေလျှင် သူ(မ)သည် ထိုကောင်ဆိုးလေးအား ဖမ်းဆွဲကာ ကောင်းကောင်းသမ,နေလောက်မည်ပင်။
ယဲအန့်နင်သည်လည်း ထိုအတိုင်း စဉ်းစားနေခြင်းဖြစ်သော်လည်း လူကြီးများရှေ့တွင်တော့ သူ(မ)၏စိတ်ဆတ်တတ်သည့် အကျင့်ကို ထုတ်ပြမည်မဟုတ်ပေ။
လျို့ဟွား သူ(မ)ဖုန်းကို ကြည့်လိုက်သည်။
“အားယန်ရဲ့ဆရာမ ကောင်လေးမိဘတွေရဲ့ ဆက်သွယ်ရမဲ့အချက်အလက်တွေကို ပို့ပေးလာတယ်၊ အနည်းဆုံးတော့ သူတို့တွေ အဲဒီကောင်လေးကို ကျွန်မတို့ရဲ့ကလေးကို တောင်းပန်ခိုင်းရမယ်”
ရွယ်ကျင်းဟုန်၏အမူအရာတို့သည် အေးစက်နေ၏။ သူလည်း ဤကောင်စုတ်လေးအား အလွယ်တကူ အလျှော့မပေးချင်ပေ။
“တစ်ဖက်ကမိဘတွေက ဘယ်သူလဲဆိုတာ ငါ ကြည့်လို့ရမလား”
သူ့မှာ မနေနိုင်အောင် လျို့ဟွားကို မေးကြည့်လိုက်မိသည်။
လျို့ဟွား ရွှီယိကို လှမ်းကြည့်လိုက်ပြီး ရွယ်ကျင်းဟုန်၏ ဤဒေသအတွင်း ဩဇာလွှမ်းမိုးမှုကို စဉ်းစားကာ ပြတ်သားစွာဖြင့် ရွယ်ကျင်းဟုန်ထံသို့ ဖုန်းကို လှမ်းပေးလိုက်သည်။
ရွှီယိအနေနှင့် လက်ရှိအခြေအနေများကို နားလည်ထားသည့်တိုင် မနေနိုင်အောင် သက်ပြင်းခိုးချမိပြန်၏။
ရွယ်ကျင်းဟုန် လျို့ဟွား၏ဖုန်းကို လှမ်းယူလိုက်ပြီးနောက်တွင် ဖုန်းမျက်နှာပြင်ပေါ်ရှိ အနည်းငယ် ရင်းနှီးပုံထွက်သော ကိုယ်ရေးအကျဉ်းဓာတ်ပုံကို သူ ချက်ချင်း သတိထားမိလိုက်သည်။
သူ လှောင်ထေ့လိုက်သည်။
“တိုက်ဆိုင်ချက်ပဲ၊ ဒီလူက ငါ့ကုမ္ပဏီခွဲတစ်ခုရဲ့ အထွေထွေမန်နေဂျာ”
လျို့ဟွားမှာ အံ့အားသင့်သွား၏။
“ရှင့်ကုမ္ပဏီမှာ ဒီလိုလူစားမျိုးတွေလည်း ရှိတယ်ပေါ့!”
ရွယ်ကျင်းဟုန် သူ့နှာခေါင်းကို ထိလိုက်သည်။
“ဘယ်ဟုတ်ပါ့မလဲ၊ ငါတို့ သူတို့ရဲ့သဘောထားကို ခုထိ မသိရသေးဘူးလေ၊ သူတို့တွေ တကယ်ပဲ မောက်မာလွန်းနေရင်တော့ ငါလည်း ယဉ်ကျေးနေတော့မှာမဟုတ်ဘူး”
ရွှီယိသည် တစ်ခဏ ကြည့်နေပြီးနောက် ရွယ်ကျင်းဟုန်ထံသို့ လက်ကို ဖြန့်လိုက်သည်။
“တစ်ဖက်ကလူတွေကို ငါ ဆက်သွယ်ကြည့်လိုက်ပါ့မယ်၊ မင်းတို့က ဘေးနားမှာ နေပေးကြပါ”
“ကောင်းသားပဲ”
ရွယ်ကျင်းဟုန် ရွှီယိထံ ဖုန်းကို ချက်ချင်း ကမ်းပေးလိုက်ပြီး ခြေတစ်လှမ်းပင် နောက်ဆုတ်ပေးလိုက်သေး၏။
လူကြီးသုံးယောက်သား အဖြေရှာနေကြသည်ကို ကြည့်ပြီး ရွယ်ယွိမှာ နှုတ်ခမ်းကိုစေ့ကာ သူ့ကိုယ်သူ အသုံးမဝင်သလို ခံစားလိုက်ရသည်။
သူ၏ယခင်ဘဝက အောင်မြင်ခဲ့သည့်အရာများကို စောစောစီးစီးသာ စွမ်းဆောင်နိုင်ခဲ့လျှင် ယခုတွင် သူ့ညီမလေးအား အနိုင်ကျင့်ခဲ့သည့် ထိုလူများကို သူကိုယ်တိုင် သင်ခန်းစာကောင်းကောင်းပေးနိုင်လိမ့်မည်ပင်။
ရွယ်ကျစ် သူ့ကို ဘေးကနေ၍ ဖွဖွလေးတိုက်လိုက်သည်။
“ကျွန်တော်လည်း ကိုယ်ကိုယ့်ကိုယ် အသုံးမဝင်ဘူးလို့ ခံစားနေရတာပဲ ဒါပေမဲ့ အစ်ကိုက အခု စိတ်ခံစားချက်တွေကို သိသိသာသာကြီး ထုတ်ပြနေတယ်”
ရွယ်ယွိ မျက်လွှာချလိုက်သည်။
“နားလည်ပြီ၊ ငါ နောက်တစ်ခါ သတိထားပါ့မယ်”
ဤအဖြစ်အပျက်၏ အဓိကဇာတ်လိုက်ဖြစ်သော ကလေးမလေးသည် ဘယ်အချိန်ကတည်းကမှန်းမသိ အစ်မဖြစ်သူ၏လက်ကို ဆွဲကာ မီးဖိုချောင်ထဲသို့ ပြေးဝင်သွားပြီပင်။
ယဲအန့်နင်သည် ရေခဲသေတ္တာကို မမှီတမှီခြေဖျားထောက်ကာ လှန်လှောရှာဖွေနေသည့် ကလေးမလေးကို ပြန်ဆွဲချထားလိုက်သည်။
ရွယ်ယန်မှာ ပုလွန်းနေပြီး သူ(မ)လိုချင်သည့်အရာကို မမှီနိုင်ဖြစ်နေကာ အစ်မဖြစ်သူကို အသနားခံတော့သည်။
“ကျယ်ကျဲ အားယန် ဗိုက်ဆာနေပြီ၊ ကိတ်လေး စားချင်တယ်”
ယဲအန့်နင်မှာ တုံ့ဆိုင်းနေပြီး မီးဖိုချောင်အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။
အခြေအနေက တော်ရုံနဲ့ ပြီးပြတ်အုံးမည့်ပုံမပေါ်...
“ဒါဆို အားယန် နောက်နည်းနည်းဆုတ်ပေး၊ ကျယ်ကျဲ အားယန်အတွက် ရှာပေးမယ်”
ကလေးမလေး၏ မျက်လုံးများသည် တောက်ပသွားပြီး နာခံစွာ ခေါင်းညိတ်လိုက်သည်။
ယဲအန့်နင်သည် ကိတ်မုန့်အချို့ကို ထုတ်လာလိုက်ပြီး နှစ်ယောက်သားသည် မီးဖိုချောင်ထဲရှိ ချောင်တစ်နေရာတွင် ကွယ်ကာ ဤအရသာရှိသော ကိတ်မုန့်လေးများအား အချင်းချင်း မျှဝေလိုက်ကြသည်။
ဧည့်ခန်းထဲမှနေ လျို့ဟွား၏ ထေ့ငေါ့နေသည့် အသံမကြားခင်ထိအောင်ပင်။
“သူတို့ပုံစံက သူတို့အမှားကို သဘောပေါက်ဖို့ ဝေလာဝေးနော်! သူတို့ကများ ကလေးက ငယ်သေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ဒီကိစ္စက အဲ့လောက်အရေးမကြီးဘူးဆိုပြီး စောင်းပါးရိပ်ခြည်ပြောနေကြတာ၊ မသိရင် သူတို့ကလေးကပဲ အနိုင်ကျင့်ခံရသလိုနဲ့”
ရွယ်ကျင်းဟုန်၏ အမူအရာသည်လည်း အလွန်ကြည့်ကောင်းမနေတော့ချေ။ သူက ထိုပုဂ္ဂိုလ်ကို သူ့ဖုန်းထဲမှနေ စာလှမ်းပို့လိုက်ပြီး သူ(မ)ကိုလည်း နှစ်သိမ့်လိုက်သည်။
ရွယ်ကျင်းဟုန် စာပို့ပြီး နှစ်မိနစ်ပင် မကြာလိုက်ခင် တစ်ဖက်လူက သူ့ထံ ဖုန်းခေါ်လာ၏။ သူ သူတို့ကို ခဏလောက် လွှတ်ထားပြီး ဖုန်းကိုချရန် ဟန်ပြင်လိုက်သည့်အချိန် လျို့ဟွားက အံကြိတ်ကာ ဆိုလာ၏။
“မချနဲ့၊ ဖုန်းကိုင်လိုက်!”
ရွယ်ကျင်းဟုန်သည် ရွှီယိကို လှမ်းကြည့်လိုက်ပြီး သူ့ထံ ဖုန်းကမ်းပေးလိုက်သည်။
ရွှီယိက ဖုန်းကိုယူကာ ခေါ်ဆိုမှုကို ဖြေလိုက်ပြီး စပီကာကို တစ်ခါတည်း ဖွင့်ထားလိုက်သည်။
အမျိုးသားတစ်ယောက်၏ အနည်းငယ် ထိတ်ပျာနေသောအသံသည် တစ်ဖက်မှနေ၍ ထွက်လာ၏။
“ဥက္ကဌရွယ်၊ ကျွန်တော် တကယ် တောင်းပန်ပါတယ်၊ သူက ဥက္ကဌရွယ်ရဲ့ သမီးလေးမှန်း မသိခဲ့လို့ပါ”
<< T/N : 千金(ချန်းကျင်း) - သမီး >>
မီးဖိုချောင်ဝကနေ ထိုစာကြောင်းလေးသာ ကြားလိုက်ရသည့် ရွယ်ယန်သည် ယဲအန့်နင်ကို ရှုပ်ထွေးစွာ မော့ကြည့်လိုက်သည်။
“ကျယ်ကျဲ ဖုန်းထဲကလူကြီးက ဘာတွေပြောနေတာလဲ၊ ဘယ်သူက ကျင်းတစ်ထောင် လေးတာတဲ့လဲ”
<< T/N : 一千斤(ယိချန်းကျင်း) - ကျင်းတစ်ထောင် // ချန်းကျင်း - အသံထွက်တွေဆင်ပါတယ်၊ အဓိပ္ပာယ်နဲ့ စာလုံးက မတူရုံပါ >>
ယဲအန့်နင်သည် ကလေးမလေး၏ မျက်နှာတစ်ပြင်လုံးကို လက်ဖဝါးဖြင့် ဖုံးအုပ်လိုက်သည်။
“ရှူး၊ ကျဲတို့ နောက်မှပြောကြမယ်၊ အရင်ဆုံးနားထောင်ကြည့်ရအောင်”
ကလေးမလေးသည် ကြောင်အမ်းနေ၏။
“အို့...”
သူတို့ တစ်ဖက်ကလူ နောက်ထပ် ပြောလာမည့်စကားကို ကြားခါနီးအချိန်တွင် လျို့ဟွား၏ ကျိန်ဆဲသံကို ကြားလိုက်ရသည်။
“ဘာ? ရွယ်ကျင်းဟုန်ရဲ့ သမီးမဟုတ်ရင် နင် သူ့ကို အနိုင်ကျင့်လို့ ရတယ်ပေါ့?၊ ချီးထုပ်တစ်ကောင်လို နေနေပြီး အရှက်မရှိတဲ့ကိစ္စကလွဲပြီး ဘာမှမလုပ်တတ်ဘူးပေါ့လေ၊ နင်တို့မိသားစုက ဟိုကျက်သရေတုံးလေးကို သေချာသွန်သင်၊ ဒါမှ နင့်လို အရှုံးသမားမဖြစ်သွားအောင်လို့!”
သူ(မ) အဆဲစကားလုံးများ တသီတတန်း ရွတ်လာချိန်တွင် တစ်ဖက်ရှိလူမှာ ကြားဖြတ်မပြောနိုင်အောင်ပင် ဆွံ့အသွားရသည်။ ထို့အပြင် လျို့ဟွားပြောပြီးလျှင်ပြောပြီးချင်း ရွှီယိသည် အလွန်အလိုက်သိစွာဖြင့် ဖုန်းကို တစ်ခါတည်း ချပစ်လိုက်သည်။
ရွယ်ကျင်းဟုန်တစ်ယောက် ပင့်သက်ရှိုက်မိတော့သည်။
“ဟွာကျဲ၊ လက်စသတ်တော့ မင်း အရင်က ငါ့ကို အလျှော့ပေးထားခဲ့တာပဲ”
နှစ်ယောက်သား အတူနေလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး အများဆုံးမှ လျို့ဟွားထံမှ အပြစ်ရှာခံရုံလောက်ပင်။ ယင်းမှာ သူ(မ) တစ်စုံတစ်ယောက်အား ဤသို့ဆဲဆိုနေသည်ကို သူ ပထမဆုံးမြင်ဖူးခြင်းပေ။
လျို့ဟွားမှာ ယခုတွင် သူ့ကို မြင်နေရသည်အား စိတ်အနှောင့်အယှက်ဖြစ်လာ၏။
“ရှင် အခြေအနေကို မကြည့်တတ်ဘူးလား၊ ရှင့်ကုမ္ပဏီမှာ ဘယ်လိုလူစားမျိုးတွေ ရှိနေတာလဲ၊ ကျွန်မ အခု ရှင့်ကို မြင်နေတာနဲ့တင် စိတ်အနှောင့်အယှက်ဖြစ်လာပြီ”
ရွယ်ကျင်းဟုန် မတ်မတ်ထိုင်လိုက်သည်။
“ဟွာကျဲ၊ ကျွန်တော် သူ့ကို အခုချက်ချင်း အလုပ်ထုတ်ပစ်မှာပါ ပြီးတော့ အားယန်ကိုလည်း လာပြီး တောင်းပန်ခိုင်းလိုက်ပါ့မယ်”
လျို့ဟွားမှာ ကျေနပ်ရုံမျှသာ ကျေနပ်လေပြီး လက်ကို ဝှေ့ပြလိုက်သည်။
“ကောင်းပြီလေ”
ရွယ်ကျင်းဟုန်သည် ရွှီယိထံ အားပေးသည့်အကြည့်တစ်ချက်ပေးလိုက်ပြီးနောက် တစ်ဖက်သို့ လှည့်ကာ အိမ်သို့ ပြန်ပြေးသွား၏။
ယခုတွင် ရွှီယိမှာလည်း အလွန် စိတ်အနှောင့်အယှက်ဖြစ်နေရသည်ပင်။
“ရှောင်ဟွာ၊ မင်း ကိုယ့်ကို အရမ်းစိတ်ပျက်သွားလား”
