အပိုင်း (၆၃)
ရှောင်ရွယ်ယန်တစ်ယောက် အချိန်အတန်ကြာ ရုန်းကန်နေရပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်သည်။
“ဦးဦးသာ မေမေ့တစ်ယောက်တည်းကိုပဲ အမြဲတမ်း ချစ်သွားပေးမယ်ဆိုရင် အားယန်ကလည်း ဦးတို့ကို တူတူရှိစေချင်ပါတယ်”
တီဗီထဲက ဦးလေးကြီးတွေဆို လူတွေအများကြီးကို ကြိုက်ကြတယ် သူ တွေ့ဖူးတယ်! အရမ်း မုန်းဖို့ ကောင်းတာပဲ!
ရွှီယိမှာ ထိုအခါမှ သက်မချနိုင်ပြီး မနေနိုင်အောင် ထပ်ရယ်မိပြန်၏။
“အားယန်က ဦးဦး သမီးနဲ့ ကိုကိုတို့ကို နောင်မှာ ကောင်းကောင်းမဆက်ဆံမှာကို မကြောက်ဘူးလား”
ရွယ်ယန်တစ်ယောက် မသိတ်စိတ်များအရ မျက်လုံးများ ပြူးကျယ်လာတော့သည်။
“ဟမ်? ဘာလို့လဲ”
ရွှီယိမှာ သူ့ကိုယ်သူသာ ပြန်ရိုက်လိုက်ချင်တော့သည်။ ကလေးကို ဘာတွေ ပေါက်ကရ ပြောနေမိတာပါလိမ့်!
လျို့ဟွား၏ အေးစက်စက်အသံက သူ့ဘေးနားမှနေ၍ ထွက်လာ၏။
“ရှင်တို့ ဘာတွေ ပြောနေကြတာလဲ”
ရှောင်ရွယ်ယန်တစ်ယောက် မျက်စိတစ်မှိတ်အတွင်း ယဉ်ကျေးလိမ္မာလေး ဖြစ်သွား၏။
“အားယန် ဘာမှမပြောရပါဘူး”
လျို့ဟွား : “ဟွန့်!” ဒီကလေးမရဲ့ စကားတစ်ခွန်းကမှ ယုံရတာမဟုတ်ဘူး!
ပွဲကြည့်ပရိသတ်များဖြစ်သည့် ရွယ်ယွိ၊ ရွယ်ကျစ်နှင့် ချောင်းကျဲတို့က ရောက်လာကြပြီး
“အမေ ကျွန်တော်တို့ ဒီက ပစ္စည်းတွေကို ရွေးပြီးသွားပြီ၊ တခြားဘာဝယ်ဖို့ ရှိသေးလဲ”
လျို့မန် သူ(မ)ဖုန်းကို ထုတ်လိုက်ပြီး ဈေးဝယ်မည့်စာရင်းကို တစ်ချက် ကြည့်လိုက်သည်။
“မီးလုံး ဝယ်ဖို့လိုသေးတယ်... ပြီးတော့ အရုပ်တွေ”
လျို့ဟွား အမြင်ကတ်စွာဖြင့် ကြည့်လိုက်သည်။
“အိမ်မှာ အရုပ်တွေနဲ့ ပြည့်နေတာတောင်”
ရွယ်ယန်က နည်းလမ်းတကျ ဆိုလာ၏။
“ပြီးခဲ့တဲ့အခေါက်က အားယန် ခရစ္စမတ်ဖိုးဖိုးနဲ့ မုန်လာဥရုပ်ကို မဝယ်ခဲ့ရဘူးလေ!”
လျို့ဟွား ကလေးမလေး၏ ပါးကို ဖျစ်ညှစ်လိုက်သည်။
“ရှင်လေးပဲ အလုပ်တွေ တအားများနေလိုက်တော့!”
လက်တစ်ဖက်ကို ခါးပေါ်တွင် ထောက်ထားသည့် သူ(မ)က စိတ်မရှည်၊ စိတ်တိုလွယ်သည့်ပုံ ဖြစ်သော်ငြား ရွှီယိ၏မျက်လုံးများထဲမှ အကြည့်က ညင်သာလျက်ရှိသည်။
ဖရဲစေ့စားနေကြသော သုံးယောက်သားသည်တော့ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ဤအတွဲ အဆင်ပြေနိုင်သည်ဟု ခံစားရလေသည်။
ထို့ကြောင့် သူတို့သည် ရွှီယိနှင့် လျို့ဟွားတို့နှစ်ယောက်အား ရည်ရွယ်ချက်ရှိရှိရော၊ မတော်တဆဖြင့်ပါ အတူရှိနေနိုင်ကြရန် အခွင့်အရေးရှာကြသည်။
တစ်ယောက်တည်း အနေကြာလာပြီးနောက်တွင် သူတို့ ဘာလုပ်နေကြသလဲကို လျို့ဟွားတစ်ယောက် နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။
သူ(မ)မိသားစုမှ စိတ်သဘောထားကြီးမြတ်လှတဲ့ ကြွက်စုတ်လေးတွေက သူတို့ ပထွေးရတော့မယ်ဆိုတာ ဂရုမစိုက်ကြတာလား? သင်းတို့လေးတွေက သူ(မ)တို့နှစ်ယောက်ကိုတောင် အောင်သွယ်ပေးနေကြသေးတယ်ပေါ့?
“မင်းလည်း ခံစားမိတယ်မလား”
လျို့ဟွား ကြောင်အမ်းသွားရင်း အနည်းငယ် ခေါင်းရှုပ်စွာဖြင့် အသံပြုလာသည့် ရွှီယိအား ကြည့်လိုက်သော်လည်း သူက ရယ်ကာဖြင့် ဆက်ဆိုလာသည်ကို ကြားလိုက်ရသည်။
“ကလေးတွေက ကိုယ်တို့ကို အောင်သွယ်ပေးချင်နေကြတာလေ”
လျို့ဟွား နှုတ်ခမ်းကို စေ့ထားလိုက်သည်။
“အများကြီး လျှောက်မတွေးနေပါနဲ့၊ ကလေးတွေက ဒီတိုင်း နားမလည်ကြသေးလို့”
ရွှီယိ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“မင်း ဘာလို့ အမြဲတမ်း ဒီလောက် စိတ်ပူနေရတာလဲကွာ၊ ကလေးတွေ ဘယ်လိုတွေးကြလဲဆိုတာ မင်း တစ်ခါမှ မမေးဖူးဘဲနဲ့”
စင်တစ်ဖက်ခြမ်းရှိ ခိုးနားထောင်နေသော ရွယ်ယွိသည် မှန်ကန်ကြောင်း ခေါင်းညိတ်နေ၏။
အဟုတ်ပဲ၊ သူ့အမေက အမြဲ ဒီလိုပဲ တိုးတိုးတိတ်တိတ်နဲ့ နောက်ကွယ်မှာပဲ အမြဲတမ်း တစ်ယောက်တည်း ဖြေရှင်းနေခဲ့တာ၊ ဒါပေမယ့် တစ်ခါတလေကျ ကိစ္စအများအပြားက မိသားစုတွေအနေနဲ့ အတူတူ တိုင်ပင်ဆွေးနွေးသင့်တာ။
လျို့ဟွား၏ အမူအရာက အေးစက်သွား၏။
“ကျွန်မ အားယန်ကို သူ့ကို ကျွန်မ မချစ်တော့ဘူးလို့ မခံစားစေချင်ဘူး၊ ကလေးက အနည်းငယ် အူအူအအလေးဆိုပေမယ့် တကယ်တမ်း အများကြီးကို နားလည်နေပြီးသား”
ရွှီယိ သူ(မ)လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။
“ကိုယ်တို့အတွက် ကလေးမလိုပါဘူး အားယန် ရှောင်ယွိနဲ့ တခြားသူတွေ ရှိနေသရွေ့၊ ကိုယ် သူတို့ကို ကိုယ့်ကလေးအရင်းတွေလို ဆက်ဆံပေးနိုင်ပါတယ်... ဒါကို မင်း သိပါတယ် ဟုတ်တယ်မလား”
သူ့အသံတို့ကာ အသနားခံလုနီးနီး
“ကိုယ် မင်းကို တွေ့ရဖို့ နှစ်တွေအကြာကြီး ရှာခဲ့ရတာ...”
လျို့ဟွား တုန်ယင်သွားကာ လက်ချောင်းများကို ကွေးလိုက်ပြီး မသိစိတ်အရ မျက်လုံးများမှာ နီမြန်းသွား၏။
“မေမေ၊ မေမေ အားယန်ကို အချစ်ဆုံးဆိုတာ အားယန် သိပါတယ်!”
ကလေးငယ်၏ နူးညံ့သော အသံချိုချိုလေးက အောက်ကနေ၍ ထွက်လာပြီး နှစ်ယောက်သားမှာ အံ့အားသင့်မိရင်း တစ်ချိန်တည်းဆိုသလို ခေါင်းငုံ့ကြည့်မိကြသည်။
ဘယ်အချိန်ကတည်းကမှန်းမသိ ရွယ်ယန်သည် သူတို့အနားသို့ ရောက်နေပြီး လျို့ဟွား၏ အင်္ကျီအား ညင်သာစွာ လှုပ်ယမ်းလိုက်သည်။
လျို့ဟွားမှာ တစ်ခဏ တန့်သွားပြီးမှ
“အားယန် ခိုးနားထောင်နေပြန်ပြီလား”
ရွယ်ယန်မှာ ထိတ်လန့်သွား၏။
“မေမေ့! အားယန် မလုပ်ပါဘူး!”
လျို့ဟွား အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
“ထားလိုက်တော့၊ ဒီကိစ္စကို ဆက်မပြောတော့ရအောင်၊ အိမ်ပြန်မယ် နောက်နှစ်ရက်လောက်နေမှ ထပ်လာဝယ်ကြမယ်”
ကလေးမလေးသည် အလိုမတူစွာဖြင့် လျို့ဟွား၏ ခြေထောက်အား တွယ်ကပ်ဖက်ထားတော့သည်။
“ဟင့်အင်း! အားယန် မေမေ့ကို တစ်ယောက်တည်း မဖြစ်စေချင်ဘူးဆို!”
လျို့ဟွားမှာ အနည်းငယ် ပဟေဠိ ဖြစ်သွား၏။
“ဘာကို တစ်ယောက်တည်းလဲ”
ရွယ်ယန်က မော့ကြည့်လာပြီး မပျော်မရွှင်ဖြစ်သွားသည့်နှယ်။
“အန်တီတို့ အန်ကယ်တို့က အမြဲနှစ်ယောက်လေ၊ ဖေဖေနဲ့ အန်တီယဲတို့ကလည်း နှစ်ယောက်ပဲ၊ အားယန်လည်း မေမေကို နှစ်ယောက်ဖြစ်စေချင်တာ”
ကလေးငယ်က ရှင်းရှင်းလင်းလင်း မဖော်ပြတတ်သည့်တိုင် သူ(မ)ဆိုလိုချင်သည့် အဓိပ္ပာယ်ကို သူတို့နှစ်ယောက်စလုံး နားလည်၏။
လျို့ဟွားမှာ အနည်းငယ် ကြက်သေ,သေသွားရပြီး ရွှီယိက စကားပြောရန် အခွင့်အရေးယူလိုက်သည်။
“ရှောင်ဟွာ၊ ကလေးတွေက အရမ်းသိတတ်ကြတာပဲ”
ရွယ်ယန်၏ အသံက ရုတ်တရက် တိမ်ဝင်သွား၏။
“ဦးဦးက မေမေ့ကို သဘောကျတယ်၊ မေမေကလည်း ဦးဦးကို သဘောကျတယ်၊ ဒါဆို ဘာလို့ အတူတူမရှိနိုင်ရတာလဲ”
လျို့ဟွားတစ်ယောက် အသိပြန်ဝင်လာပြီး ကလေးမလေး၏ နဖူးအား ခေါက်ထည့်လိုက်တော့သည်။
“ရှင်လေးရဲ့ ဦးနှောက်ထဲမှာ ဘာပေါက်ကရတွေနဲ့ ပြည့်နေတာလဲ၊ နောင်ဆို အားမန်နဲ့ အဲ့ဒီရှုပ်ရှုပ်ယှက်ယှက် တီဗီရှိုးတွေကို မကြည့်ရတော့ဘူးမှတ်!”
ရွယ်ယန်မှာ အလွန် မှားယွင်းသွားသလို ခံစားလိုက်ရသည်။
“မေမေ အဲ့လို လုပ်လို့မရဘူးလေ!”
သူ(မ)မှာ အကိုဖြစ်သူနဲ့ အားမန်က သူ(မ)အမေကို ဖျောင်းဖျဖို့ဆိုပြီး အတွန်းထုတ်ခံလိုက်ရတာလေ! ဘယ်လိုလုပ်ပြီး သူ(မ)အမေက သူ(မ)ရဲ့ ပျော်ရွှင်မှုအရင်းအမြစ်လေးကို အမြစ်ဖြုတ်ဖို့ ကြံနေရတာလဲ!
ပြဿနာများစွာ ဖြစ်ပြီးနောက် လျို့ဟွားတို့မိသားစု ပစ္စည်းတစ်ဝက်ကိုသာ ဝယ်သွားကြပြီး ရွှီယိအား တစ်ယောက်တည်း ချန်ကာ အိမ်ပြန်လာခဲ့ကြသည်။
ရွယ်ယွိက ကားပြတင်းပေါက်မှန်ကို ငေးရင်း
“အမေ အန်ကယ်ရွှီက အရမ်း သနားဖို့ကောင်းတာပဲ”
လျို့ဟွား၏ အမူအရာတို့မှာ တုတ်တုတ်မလှုပ်လျက်သား။
“မင်းတို့ နောက်တစ်ခွန်း ထပ်ပြောမယ်ဆိုရင် မင်းတို့ကို သူ့ထက် ပိုပြီး သနားဖို့ကောင်းအောင် လုပ်ပေးမယ်”
ရွယ်ယွိ : “..."
ဟုတ်ကဲ့ ကျွန်တော် ခုချက်ချင်း ပါးစပ်ပိတ်ပါပြီ!
လျို့ဟွားပုံစံက လျစ်လျူရှုထားဆဲဖြစ်သော်လည်း တစ်ခါတစ်ရံတွင် သူမ၏ အာရုံစူးစိုက်မှုမရှိသော မျက်လုံးများနှင့် ဖြူဖျော့သည်အထိ ဆုတ်ညှစ်ထားသော လက်ဆစ်ဖြူဖြူများက သူ(မ)၏ခံစားချက်အစစ်အမှန်ကို ထုတ်ဖော်ပြသနေဆဲပင်။
ဤကိစ္စအား ခေတ္တမျှ ဖယ်ထုတ်ထားနိုင်မည်ဟု ထင်ထားခဲ့သော်လည်း နောက်နေ့တွင် တိုးတက်မှုအသစ်များ ထပ်ရှိလာမည်ဟုတော့ မမျှော်လင့်ထားခဲ့ချေ။
ယနေ့သည် ပိတ်ရက်ဖြစ်သည့်အပြင် အပြင်တွင် နှင်းများ တဖွဲဖွဲ ကျနေသဖြင့် လူတိုင်းမှာ အိမ်ရှေ့တွင် ထိုင်ပြီး စားကြ၊ သောက်ကြသည်။
ရွယ်ယန်နှင့် ထီကျစ်တို့က တစ်ယောက်နှင့် တစ်ယောက် မှီလှဲထားပြီး သူတို့အရှေ့တွင် ကိုယ်ပိုင် သရေစာနှင့် သစ်သီးအချို့ကို ထည့်ထားသော ပန်းကန်ပြား ကိုယ်စီဖြင့် နှစ်ယောက်သားသည် အလွန်အမင်း ဇိမ်ကျလျက်ရှိသည်။
ထိုအချိန် ရွယ်ကျင်းဟုန်သည် လျို့ဟွား၏ အိမ်တံခါးအား လာခေါက်လေသည်။
သူက အနည်းငယ် မအီမသာဖြစ်နေဟန်ဖြင့်
“ဟိုလေ... အားယန်ရဲ့ အဖိုးအဖွားတွေ အားယန် ဒီမှာ နေ,နေမှန်း သိတော့ သူ့ကို လာတွေ့ချင်နေကြတယ်၊ အဲ့ဒါ မင်းဘက်က အဆင်ပြေမလား”
လျို့ဟွား မျက်မှောင်ကြုတ်လိုက်သည်။
“ရာသီဥတုကဖြင့် ဒီလောက်အေးနေတာ၊ လူကြီးတွေကို ဒုက္ခပေးမယ့်အစား ရှင်ပဲ အားယန်ကို သူတို့ဆီ ခေါ်သွားပေးလိုက်ပေါ့”
ရွယ်ကျင်းဟုန်၏ မိဘများက သမီးမိန်းကလေးတစ်ယောက် အမြဲ လိုချင်ခဲ့သော်လည်း ကံအကြောင်းမလှစွာဖြင့် ရွယ်အဖွားက ကျန်းမာရေး ချူချာလှကာ နောက်ဆုံးတွင် သားဖြစ်သည့် ရွယ်ကျင်းဟုန်တစ်ယောက်တည်းကိုသာ မွေးဖွားခဲ့သည်။
ရလဒ်အနေဖြင့် သူတို့က ချွေးမဖြစ်သည့် လျို့ဟွားအား သမီးအရင်တစ်ယောက်လို သတ်မှတ်ခဲ့ကြပြီး လျို့ဟွားနှင့် ရွယ်ကျင်းဟုန်၏ ကွာရှင်းမှုအပြီးတွင် အကြီးအကဲနှစ်ယောက်မှာ သူတို့၏ သားအား သားအဖြစ်မှ စွန့်လွှတ်လုနီးနီးပင်။ လျို့ဟွားအနေဖြင့်လည်း သူ(မ) ရွယ်ကျင်းဟုန်နှင့် လမ်းခွဲအပြီးမှာ လူကြီးနှစ်ယောက်အတွက်ကိုသာ စိတ်မကောင်းဖြစ်ခဲ့ရသည်။
ထို့အပြင် လျို့ဟွားက ယောက်ျားလေးနှစ်ယောက်ဖြစ်သည့် ရွယ်ယွိနှင့် ရွယ်ကျစ်အား ဦးစွာ မွေးခဲ့ပြီးမှ အငယ်လေးဖြစ်သည့် သမီးမိန်းကလေး ရွယ်ယန်ကို မွေးဖွားပြီး၊ သိပ်မကြာလိုက်ခင် သူ(မ)တို့ ကွာရှင်းပြတ်စဲခဲ့ကြသည်။
ထိုအရာက အဖိုးရွယ်နှင့် အဖွားရွယ်အား သူတို့၏ အဖိုးတန် မြေးမလေးကို နှစ်အတန်ကြာသည်အထိ မမြင်မတွေ့ရ ဖြစ်စေခဲ့သည်။
ကလေးမလေး ရွယ်ယန်သည် ပါးစပ်ထဲတွင် ချောကလက်တစ်ပိုင်းဖြင့် ဗလုံးဗထွေး မေးလာ၏။
“ဖေဖေ အားယန်ရဲ့ ဖိုးဖိုးနဲ့ဖွားဖွားက ဘယ်မှာလဲ”
ရွယ်ကျင်းဟုန် သူ့သမီးလေးအား ခေါင်းပုတ်ပေးလိုက်သည်။
“ဖိုးဖိုးနဲ့ ဖွားဖွားက ဖေဖေတို့နဲ့ နည်းနည်းဝေးတဲ့နေရာမှာ နေကြတာ၊ သူတို့က အားယန်ကို အရမ်းတွေ့ချင်နေကြတာ”
ရွယ်ယန်က မေးလေးထောက်ကာ တွေးတောနေတော့သည်။
“မေမေရော အားယန်နဲ့ လိုက်မှာလား”
ရွယ်ကျင်းဟုန်တစ်ယောက် လျို့ဟွားအား မသိလိုက်စွာ လှည့်ကြည့်လိုက်သည့်အချိန် သူ(မ)က ခေါင်းခါပြ၏။
“အားယန်၊ မေမေ မလိုက်တော့ဘူးလေနော်”
ရွယ်ကျင်းဟုန်က ချီတုံချတုံဖြစ်လျက်။
“ကိုယ့်မိဘတွေက မင်းကို ထပ်တွေ့ချင်နေကြတယ်”
လျို့ဟွား တစ်ခဏ ငြိမ်သက်သွားသည်။
“နှစ်သစ်ကျရင်တော့ ကျွန်မ လူကြီးနှစ်ယောက်ကို သွားတွေ့လိုက်ပါ့မယ်၊ ကျွန်မနဲ့ အဖော်တစ်ယောက်ကို ခေါ်သွားပြီး ဦးလေးနဲ့ အဒေါ်ကို ကျွန်မရဲ့အမြင် ကောင်းမကောင်း ကြည့်ခိုင်းရမယ်”
ထိုမှတ်ချက်က သူ(မ) လက်တွဲဖော်အသစ်ရသွားပြီဟု သတ်မှတ်၍ရပေသည်။ ရွယ်ကျင်းဟုန် ရယ်ကာဖြင့်
“ကျေးဇူးတင်ပါတယ်”
လျို့ဟွား လက်ခါပြလိုက်သည်။
“မဟုတ်တာ”
