အပိုင်း (၁၃)
“ဘယ်တုန်းကတည်းက ဒီလောက်မုန့်တွေအများကြီးကို ဖွက်ထားတာလဲ?”
ကလေးမလေးက သူ(မ)လက်ချောင်းများကို ခေါင်းငုံ့ကြည့်ပြီး
“ဒါက...အားယန်လည်း မသိတော့ဘူး....”
လျို့ဟွားက ရက်စက်စွာဖြင့် တစ်ဖက်သို့ လှည့်သွားပြီး
“များလွန်းတယ်၊ သယ်သွားလို့မရဘူး”
ရွယ်ယန်တစ်ယောက် ချက်ချင်းဆိုသလို သူ(မ)အမေ၏ခြေထောက်ကို ပြေးဖက်ပြီး
“မေမေလို့~ မေမေလို့~”
လျို့ဟွားက မတုန်မလှုပ်စွာဖြင့်
“အသုံးမဝင်ဘူး”
ကလေးမလေးမှာ ဝမ်းနည်းသွားရပြီး
“မေမေကပြောတယ် လူဆိုတာ ရိုးသားရမယ်တဲ့”
လျို့ဟွားက ရပ်တန့်လိုက်ပြီး ကလေးမလေးအား ကောက်ချီကာ
“သမီး ဘယ်လိုပဲပြောပြော ကတိအရင်ချိုးဖောက်ခဲ့တာက သမီးလေ ဟုတ်တယ်မလား? ဟမ်?”
ရွယ်ယန်က နှာခေါင်းရှုံ့လိုက်ပြီး
“အို့ ကောင်းပါပြီ”
သူ(မ)က သူ(မ)ထက်ကြီးလွန်းလှသည့် မုန့်ပုံကြီးဆီ ဝမ်းနည်းစွာ လျှောက်သွားလိုက်သည်။ လျို့ဟွားမှာ သူ(မ) ဘာဆက်လုပ်မလဲကို တိတ်တဆိတ် စောင့်ကြည့်နေ၏။
ရွယ်ယန်က သူ(မ)ဘေးနားမှ အပြစ်ကင်းစင်သော ပါပီလေးကို ဖက်ထားပြီးနောက် လူတိုင်းကို ကျောပေးကာ မုန့်ပုံကြီးရှေ့တွင် ထိုင်လိုက်၏။ ကလေးမလေး စကားတစ်ခွန်းမှမပြောတော့သည်က လူများကို သောကရောက်စေ၏။
လျို့ဟွား မျက်နှာကြက်ကို မော့ကြည့်လိုက်သည်။ သည်ကလေးမလေးက လည်လွန်းလှသည်ဟု သူ(မ) အမြဲ ခံစားနေရသည်။
သူ(မ)က လျှောက်သွားလိုက်ပြီး ရွယ်ယန်အား ချီကာ
“အိုခေ အိုခေ၊ အမေ ပေးယူမယ် အမေ ပေးယူမယ်”
ရွယ်ယန်တစ်ယောက် ချက်ချင်း သွေးပြန်ပြည့်သွားပြီး
“ကျေးဇူးတင်ပါတယ် မေမေ!”
ချီလင်းဟန်မှာ သူ(မ)ကိုကြည့်ပြီး အံ့အားသင့်သွားရသည်။ ဒီကလေးမလေး ဒီလောက်လှည့်စားတတ်မှန်း သူ အရင်က မသိခဲ့ချေ။
ရွယ်ယွိနှင့် ရွယ်ကျစ်တို့မှာ အားရကျေနပ်မှုနှင့်အတူ ကြေကွဲလွမ်းဆွတ်သွားရသည်။
သို့နှင့် လူတိုင်း၏ကားထဲတွင် သုံးပုံတစ်ပုံခန့်က ရွယ်ယန်၏မုန့်များဖြင့် ပြည့်နေတော့သည်။
လျို့ဟွားက ဗီလာအား နောက်ဆုံးတစ်ကြိမ်လှည့်ကြည့်လိုက်ပြီး သက်ပြင်းချကာ
“အိုခေ သွားစို့”
အားမန်မှာလည်း ဤနေရာလေးအား မခွဲနိုင်မခွာရက်ဖြစ်နေပြီး မျက်ရည်များပင် သုတ်ပစ်နေ၏။
ရွယ်ယန်နှင့် ချောင်းကျဲတို့ကတော့ ပို၍ "အေးဆေး” ဖြစ်နေကြပြီး ရွယ်ယန်က မုန့်များကို ပျော်ရွှင်စွာ ပွေ့ဖက်ထား၏။
ချောင်းကျဲက သူ(မ)ဘေးနားတွင် ငြိမ်သက်စွာလေး ထိုင်နေပြီး ညင်သာစွာ ပြုံးလို့နေ၏။
လျို့ဟွားက ကလေးနှစ်ယောက်ကို လှည့်ကြည့်ပြီး တခြားသူများအား လက်ဝှေ့ယမ်းကာအချက်ပေးလိုက်သည်။
“ကျွန်မတို့ ထွက်လို့ရပြီ”
ရွယ်ယန်က လူတိုင်းအား အလွန်ပျော်ရွှင်စွာဖြင့်
“ကိုကိုတို့ အားယန်ရဲ့မု့န်ကိုလည်း စားလို့ရတယ်!”
ရွယ်ယွိနှင့် ရွယ်ကျစ်က ရွယ်ကျင်းဟုန်၏ကားထဲတွင် ဖြစ်ပြီး ချီလင်းဟန်က သူ့ကိုယ်ပိုင်ကားထဲတွင် ထိုင်နေခြင်းဖြစ်သည်။
လျို့ဟွားက ကလေးမလေးအား ရက်စက်စွာ ဆူလိုက်ပြီး
“အခုကျတော့ ဘယ်လိုဖြစ်ပြီး အရမ်းတွေရက်ရောသွားရတာလဲ?”
ရွယ်ယန်က ပါးများကို ဖောင်းကာ
“မေမေပဲပြောတော့ အိမ်သစ်ရောက်ရင် အားယန်ကို အများကြီး ဝယ်ပေးအုံးမှာဆို?”
လျို့ဟွားက နှာမှုတ်လိုက်ပြီး
“အားယန်ရဲ့ပေသီးခုံက အရမ်းကောင်းတာပဲ”
သူတို့စထွက်သည့် အချိန်အတွင်း လျို့ဟွားက ယဲဝမ်ကို ထပ်ခေါ်လိုက်ပြီး သူ(မ)အား အိမ်ကူဝယ်ပေးရန်အတွက် ပိုက်ဆံလွှဲပေးလိုက်သည်။
ထိုနေရာရှိ ဗီလာများအားလုံးကို ပြုပြင်မွမ်းမံထားခြင်းပြီး ရောက်လာသည့်အချိန်တွင် တစ်ခါတည်း ရွှေ့ပြောင်းနေနိုင်၏။
အကယ်၍ တစ်စုံတစ်ရာနှင့် ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိလျှင် နောက်ပိုင်းကျ ပြန်လည်ပြောင်းလဲလိုက်ရုံပင်။ စျေးနှုန်းကတော့.... လျို့ဟွားကာ နာမည်ကြီး ဆေးဝါးပညာရှင်တစ်ဦးဖြစ်ပြီး သူ(မ)တွင် ငွေကြေးပြတ်လပ်နေခြင်းမျိုး မရှိပေ။
သို့ရာတွင် အားမန်က မျက်နှာတည်တည်ဖြင့်
“မဒမ် ကျွန်မတို့ အိမ်သစ်ကို ရောက်တဲ့အခါကျရင် မဒမ်ရဲ့ပစ္စည်းတွေအကုန်လုံးကို ပြန်ဝယ်ရတော့မယ်”
လျို့ဟွားက သိပ်ဂရုမစိုက်ဘဲ
“အဲ့တော့? ငါတို့ မဝယ်နိုင်တာမှမဟုတ်တာ..... မဝယ်နိုင်ဘူး၊ ငါတို့တွေ ပြန်လာပြီး ယူကြတာပေါ့”
အားမန်က လေးနက်စွာ ခေါင်းညိတ်ပြီး
“ဟုတ်!”
ထိုအကြောင်းကို ပြောရလျှင် အားမန်က အမှန်တကယ်တွင် လျို့ဟွား ခေါ်လာခဲ့သည့် မိဘမဲ့ကလေးတစ်ယောက်ဖြစ်ပြီး ယခုတွင် သူ(မ)က အသက်နှစ်ဆယ်ကျော်သာရှိသေးသည်။ လျို့ဟွားကိုယ်တိုင်ကလည်း မိဘမဲ့တစ်ဦးဖြစ်သောကြောင့် သူ(မ)နှင့် အလားတူအတွေ့အကြုံရှိသည့် ကလေးများအပေါ်တွင် သူ(မ)က အလွန် နှလုံးသားနူးညံ့၏။
ရွယ်ကျင်းဟုန်က ဦးဆောင်မောင်းသွားပြီး သူတို့အားလုံး ဗီလာဧရိယာအား အလွန်လျင်မြန်စွာ ရောက်လာခဲ့ကြသည်။ လျို့ဟွားဝယ်ရန် သတ်မှတ်ထားသည့် ဗီလာတံခါးအရှေ့တွင် ယဲဝမ်နှင့် ယဲအန့်နင်တို့က သူတို့အား စောင့်နေကြ၏။
အနည်းငယ် အိပ်ချင်မူးတူးဖြစ်နေသည့် ရွယ်ယန်မှာ ယဲအန့်နင်ကို မြင်သည့်အချိန်တွင် ရုတ်ခြည်း တက်ကြွလာတော့သည်။
“ကျဲကျယ် ကျဲကျယ်! အားယန်က ဒီမှာ!”
ကလေးမလေးက သူ(မ)ကို တက်ကြွစွာ ဝှေ့ယမ်းပြလာ၏။
ယဲအန့်နင် လျှောက်သွားလိုက်ပြီး လျို့ဟွားကို အရင်ဆုံး ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။
“အဒေါ်လျို့ မင်္ဂလာပါ”
လျို့ဟွားက လက်ကို ဝှေ့ယမ်းပြပြီး
“အမ် မင်္ဂလာပါ”
ရွယ်ယန်က ကားပေါ်မှ ပြေးဆင်းပြီး ယဲအန့်နင်ကို ဖက်ကာ
“ကျဲကျယ် ဘာလို့ အားယန်ကို လျစ်လျူရှုထားရတာလဲ?”
ယဲအန့်နင် ကလေးမလေးကို ကောက်ချီလိုက်ပြီး
“ကျဲကျယ်က အားယန်က လျစ်လျူရှုတာမဟုတ်ပါဘူးနော်”
သူ(မ)မျက်လုံးများက ရွယ်ယန်အတွက် ညင်သာမှုတို့အပြည့် အပြုံးတို့အပြည့်ဖြင့်ပင်။ လျို့ဟွားက တစ်ချက်သာ လှည့်ကြည့်ပြီး အဝေးသို့ ကြည့်လိုက်၏။
သူ(မ)ရဲ့ကလေးက တုံးအလွန်းတာကြောင့် လူတွေ သူ့ကို ဝိုင်းပြီးသဘောကျကြတာ ဖြစ်နိုင်တယ်...
ရွယ်ယန်က ပေါကြောင်ကြောင်လေး တခစ်ခစ်ရယ်နေပြီး ရုတ်တရက် သူ(မ)အရှေ့မှ ဗီလာကြီးကို မြင်သည့်အခါ တလက်လက်မျက်လုံးလေးများဖြင့် ပြုံးပြီး
“မေမေ အားယန်တို့က နောင်ဆို ဒီမှာပဲ နေကြတော့မှာလား?”
လျို့ဟွားက ဗီလာအနီးအနားရှိ ပတ်ဝန်းကျင်ကို အကြိမ်အနည်းငယ် ကြည့်နေပြီး ကျေနပ်မှုဖြင့် တုံ့ဆိုင်းစွာ ခေါင်းညိတ်လိုက်သည်။ ရွယ်ယန်ရဲ့အမေးကို ရုတ်တရက် ကြားလိုက်ရချိန်တွင် သူ(မ)က ဗီလာအဝင်ဝရှိ အလှဆင်ထားသော ခွေးအိမ်ကို လက်ညှိုးထိုးပြီး
“အမေတို့က ဗီလာထဲမှာ နေမှာ၊ အားယန်နဲ့ထီကျစ်က အဲဒီမှာနေ”
ရွယ်ယန် : “.....”
ရုတ်တရက်ကြီး သူ(မ)မပျော်တော့ဘူး..
ကောင်မလေးရဲ့တောင့်တင်းသွားသော အမူအရာက အလွန်ရယ်ချင်စရာကောင်းလှ၏။ ယဲအန့်နင် မအောင့်အီးနိုင်တော့ဘဲ ရယ်မိလေသည်။ ရွယ်ယန်က သူ(မ)ပုခုံးပေါ် မှီချလိုက်ပြီး
“ကျဲကျယ် ကျဲကျယ်ထပ်ရယ်ရင် အားယန် စိတ်ဆိုးလိုက်မှာနော်”
ယဲအန့်နင်က တည်တံ့သွားပြီး
“အားယန် ကျဲကျယ် မရယ်ပါဘူး”
လျို့ဟွားက ကလေးနှစ်ယောက်ရဲ့ခေါင်းလေးကို သာမန်ကာလျှံကာ ပုတ်ပေးလိုက်ပြီး
“အားယန် အောက်ဆင်းပြီး ကိုယ့်ဘာသာလမ်းလျှောက်တော့လေ၊ မမက သမီးကို အကြာကြီးချီထားနိုင်မှာမဟုတ်ဘူး”
ယဲအန့်နင်က မျက်တောင်လေးခတ်လိုက်ပြီး ဘာမှဝင်မပြောချေ။ ရွယ်ယန်က တုံ့ဆိုင်းစွာ လျှောဆင်းလိုက်ပြီး
“မေမေ အားယန်က မလေးပါဘူး ....ဟုတ်တယ်မလား ကျဲကျယ်?”
ကလေးမလေးရဲ့အသံက အပြစ်ရှိစိတ်တို့နှင့်အတူ မရေရာမှုတို့ဖြင့် ပြည့်နေ၏။ ယဲအန့်နင်မှာ အနည်းငယ် ရယ်ချင်နေမိသော်လည်း ချောင်းဟန့်ကာ
“ဟုတ်တယ် အားယန်က မလေးဘူး”
ချီလင်းဟန်က အနောက်ကနေ လိုက်လျှောက်လာရင်း ထိုမြင်ကွင်းကို မြင်သည့်အချိန် မျက်မှောက်ကြုတ်လိုက်မိသည်။ သည်ဘဝနှင့် ယခင်ဘဝတို့အကြား ဖြစ်ပျက်ခဲ့သည့်ကိစ္စများတွင် သွေဖည်မှုများစွာရှိသော်လည်း ၎င်းတို့အားလုံးသည် အကောင်းဘက်ကချည်းသာ ဖြစ်သည်။
ပြီးတော့.....
ချီလင်းဟန် သူ့ဘေးနားရှိ သူနှင့်သက်တူရွယ်တူကောင်လေးများကို တစ်ချက်ကြည့်လိုက်ပြီး မနေနိုင်အောင် ကွန်ပလိန်းတက်ချင်လာ၏။
ဒီလူတွေကလည်း ပြန်လည်မွေးဖွားလာပုံရပြီး ပြီးတော့ ယဲအန့်နင်... သူ(မ)ရဲ့ သူ့ကို ကြည့်နေတဲ့ မျက်လုံးတွေက ရင်းနှီးဟန် နည်းနည်းလေးမှ ရှိမနေ...
သူ တွေးနေစဉ်မှာပင် ရုတ်တရက် ရွယ်ယွိက အသံတိုးတိုးဖြင့်
“ခဏနေ ငါတို့ စကားပြောကြရအောင်”
ချီလင်းဟန် မျက်လုံးများကို မြှင့်လိုက်ပြီး သဘောတူလိုက်သည်။
သူ ရည်ညွှန်းသည့် ‘ငါတို့’ ထဲတွင် ဘယ်သူတွေ ပါသလဲဆိုတာ သူ မသိချေ။
လူကြီးများက အထုပ်များ ဝိုင်းကူနေရာချပေးရန် ထွက်သွားကြ၏။ ရွယ်ယန်က သူ(မ)ရဲ့မုန့်များကို ယူပြီး ၎င်းတို့အား ဖွက်ထားရန်အတွက် လျှို့ဝှက်နေရာကို ကြိုးစားရှာဖွေနေ၏။
ယဲအန့်နင် သူ(မ)ကို အချိန်အတော်ကြာ ကြည့်နေပြီးနောက် မနေနိုင်အောင် ကူကယ်ရာမဲ့စွာ ခေါင်းခါမိပြီး တံခါးမှ ထွက်သွားလိုက်သည်။
အပြင်ဘက်တွင် ကောင်လေး လေးယောက်က သူ(မ)အား စောင့်နေကြ၏။ ယဲအန့်နင်က မျက်ခုံးများကို မြှင့်ပြီး
“ကြည့်ရတာ အားလုံးက တူတူပဲနဲ့တူတယ်”
အမြဲတမ်း တိတ်ဆိတ်နေတတ်သည့် ချောင်းကျဲက ပေါ့ပါးစွာဖြင့်
“တကယ်တော့ ဘာမှအထွေအထူးပြောစရာမရှိဘူး၊ ငါတို့အကုန်လုံးလုပ်ချင်နေတဲ့အရာတွေက တူတူပဲဖြစ်သင့်တယ် ဟုတ်တယ်မလား”
ချီလင်းဟန်က နံရံကို မှီထားရင်း
“အဲ့တော့?”
ရွယ်ယွိ မျက်မှောင်ကြုတ်ကာ
“ငါ တခြားသူတွေကို ဂရုမစိုက်ဘူး၊ ဒါပေမယ့် မင်းကိုတော့ ငါတို့ စောင့်ကြည့်မှရမယ်ထင်တယ်”
သူ ထိုစကားပြောလိုက်ချိန်တွင် လူတိုင်း ၎င်းကို မှတ်မိကြ၏။ မည်သို့ဆိုစေ တခြားသူများအားလုံးက ရွယ်ယန်၏အကိုနှင့်အမများဖြစ်ကြပြီး ချီလင်းဟန်ကမူ ယခင်ဘဝက သူ(မ) သိပ်ချစ်ရသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။
ချီလင်းဟန်က အေးစက်စွာ နှာခေါင်းမှုတ်ပြီး
“မင်းတို့ကိုယ်မင်းတို့သာ အရင်သတိထားရမှာ”
လေထုက ရုတ်ခြည်းဆိုသလို တင်းမာသွား၏။ ရုတ်တရက် နူးနူးညံ့ညံ့ကလေးအသံလေးတစ်ခုက ဗီလာမှ ထွက်လာ၏။
“ကိုကို! ကျဲကျယ်! ဘာတွေလုပ်နေကြတာလဲ?”
ယဲအန့်နင် လှမ်းကြည့်လိုက်ရာ ရွယ်ယန်က ကြမ်းပြင်မှမျက်နှာကြက်အထိမှန်ပြတင်းပေါက် (ပြတင်းပေါက်အပြည့်) တွင် မှီလှဲထားပြီး သူ(မ)ရဲ့ ချစ်စဖွယ်မျက်နှာလေးက မှန်ကို ဖိကပ်ထားရင်း နှာခေါင်းက အပေါ်သို့ တွန့်တက်နေ၏။
ချစ်ဖို့ကောင်းလိုက်တာမှ!
သူ(မ) သည်လူတွေကို ဆက်ပြီး ဂရုစိုက်မနေတော့ဘဲ အထဲသို့ တည့်တည့်လျှောက်ဝင်သွားလိုက်သည်။
ယဲအန့်နင် ဝင်လာသည်ကို မြင်သည်နှင့် ရွယ်ယန်က ပြေးသွားပြီး သူ(မ)ခြေထောက်အား ဖက်ကာ
“ကျဲကျယ်!”
ယဲအန့်နင် သူ(မ)ရဲ့မျက်နှာလေးကို ညှစ်လိုက်ပြီး
“ဘာဖြစ်လို့လဲ?”