34

696 120 14
                                    


Unicode

အခန်းက ကြီးပြီးအလင်းရောင်ကောင်းကောင်း
ရပေမဲ့ အပြင်မှာမိုးရွာနေတာကြောင့်ထင်
အခန်းထဲလေထုမှာ မှုန်မှိုင်းလို့နေ၏။

ပိုင်ကျင့် မီးတွေကိုဖွင့်လိုက်တဲ့အခါ
ခပ်လှမ်းလှမ်းတစ်နေရာကကုတင်ပေါ်မှာ
ခံစားချက်မဲ့စွာလဲလျောင်းနေသူကို
တွေ့လိုက်ရပြီး သူ့ခြေလှမ်းတွေ တုံ့ကနဲ
ဖြစ်လို့သွားသည်။ အချိန်အနည်းငယ်ကြာမှ
သူဖြည်းဖြည်းချင်း အနားကို လျှောက်သွား
မိတော့၏။

အဖျားကြောင့်ထင်...
လီရှူးရိဟာ အိပ်နေရင်းနဲ့တောင် မသက်မသာ
ဖြစ်နေပုံပေါ်လို့နေသည်။ သူ့မျက်ခုံးတွေ
အနည်းငယ်တွန့်ချိုးနေကာ အသက်ရှူသံ
တွေမှာ လေးပင်နေခဲ့၏။

ဆေးရုံကအဝတ်အစားတွေကများအရမ်း
ကြီးလွန်းနေတာလား၊လီရှူးရိကပဲ အလွန်ပိန်ပါး
နေသလားတော့ မသိနိုင်သော်ငြား
အင်္ကျီလက်ဖျားနားမှာပေါ်နေတဲ့လီရှူးရိရဲ့လက်ကောက်ဝတ်မှာ အလွန်သေးသွယ်
နေခဲ့လေသည်။

ပိုင်ကျင့် လီရှူးရိရဲ့လက်ချောင်းတွေကို
ကိုင်ကြည့်လိုက်မိ၏။

လီရှူးရိရဲ့လက်ချောင်းတွေကဖြူဖွေးကာ
သွယ်လျနေပြီး လက်ဖျားထိပ်တွေမှာ
ခပ်ဝိုင်းဝိုင်းလေးဖြစ်သည်။ သေသပ်စွာ
ညှပ်ထားတဲ့လက်သည်းလေးတွေက
အလွန်လှပ၏။ ရုတ်တစ်ရက်မှာပဲ
ပိုင်ကျင့် အတိတ်အကြောင်းကိုပြန်တွေးမိ
သွားရသည်။

သူနဲ့ ချင်မိသားစု အပြင်းအထန်တိုက်ခိုက်
နေတဲ့အချိန်တုန်းက သူရောလီရှူးရိပါ
တစ်ချက်မှအနားမယူဘဲ သုံးရက်ဆက်တိုက်
နီးပါး အလုပ်လုပ်ခဲ့ဖူး၏။ လုံးဝခြေကုန်
လက်ပမ်းကျသွားတဲ့နောက်မှာတော့ ပိုင်ကျင့်
စာရွက်စာတမ်းတွေကိုဖတ်နေရင်းနဲ့ပဲ
အိပ်ပျော်သွားခဲ့ရသည်။ ပြန်နိုးလာတဲ့
အချိန်မှာ သူကလီရှူးရိရဲ့ပေါင်ပေါ်မှာ
ခေါင်းမှီကာအိပ်နေမိကြောင်း သိလိုက်ရ၏။
ဒါ့အပြင် သူ့ကိုယ်ပေါ်မှာလည်းခြုံပေးထားတဲ့
ကုတ်အင်္ကျီတစ်ထည်ရှိနေခဲ့သည်။

လီရှူးရိရဲ့လက်ချောင်းတွေက ပိုင်ကျင့်ရဲ့
မျက်လုံးတွေပေါ်ကိုအသာအယာ ဖုံးအုပ်
လို့ထားကာ နေထိုးတာကိုကွယ်ပေးနေခဲ့၏။
ထိုအချိန်ကပိုင်ကျင့်မှာ ခပ်ဖွဖွလှန်နေတဲ့
စာရွက်သံတွေကိုသာကြားနေခဲ့ရသည်။
ပိုင်ကျင့်ထလိုက်ပြီးတဲ့နောက် လီရှူးရိက
စာရွက်စာတမ်းတွေအားလုံးကို အမျိုးအစား
ခွဲထားကြောင်းသိလိုက်ရ၏။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now