971 - 975

168 11 0
                                    

စစ်ဧကရာဇ်(Chapter:971)
(မိုးကြိုးမျှော်စင်)
..........................
    နံနက်ခင်းနေရောင်ခြည်က လောကကို စတင်အလင်းပေးလာခဲ့သည်။ သို့သော် အချိန်မည်မျှပင် ရှိနေပါစေ စင်ကြယ်မြို့တော်ကတော့ ဘာမှမပြောင်းလဲပေ။ တစ်မြို့လုံးတွင် ရှေးခေတ်အငွေ့အသက်တွေနှင့် ပြည့်နှက်နေဆဲပင်။

     များစွာသော ကျင့်ကြံသူတွေမှာ ယနေ့ဖြစ်လာမည့် အဖြစ်အပျက်တွေကို ကြည့်ဖို့ စိတ်အားထက်သန်နေကြသည်။ အားလုံးက လီကွမ်ရီ၏ အဆုံးသတ်ကို သိချင်နေကြသည်။

     အများစုမှာ ယနေ့သည် လီကွမ်ရီအတွက် နောက်ဆုံးနေ့ဟု ယူဆထားကြသည်။ ကတ္တီပါနိုင်ငံကို နှိုးဆွခြင်းက သေခြင်းတရားကို ဖိတ်ခေါ်ခြင်းဟုသာ ထင်မြင်နေကြသည်။ လီကွမ်ရီအနိုင်ရမည်ဟု မည်သူမှ မတွေးကြပေ။ ပိုင်ကျန့်တစ်ယောက်သာ လီကွမ်ရီကို အထင်မသေးဘဲ တိတ်တဆိတ် စောင့်ကြည့်နေခဲ့၏။

     လီကွမ်ရီတစ်ယောက် ကတ္တီပါနိုင်ငံကို ဟန့်တားနိုင်ဖို့ မျှော်လင့်သူအချို့လည်း ထူးထူးဆန်းဆန်း ရှိနေခဲ့သည်။ ထိုသူတွေကတော့ လူသားမျိုးနွယ်တွေ ဖြစ်ကြသည်။ ဆန်းကြယ်ဝါးတောင်တန်းနှင့် နတ်တံခါးဂိုဏ်းတို့ ဇာတ်မြုပ်နေကြ၍ လူသားမျိုးနွယ်အားလုံးမှာ သွေးမျိုးနွယ်၏ ဖိအားပေးခြင်းကို ခံနေကြရသည်။ ထို့ကြောင့်လည်း လီကွမ်ရီအနိုင်ရပါစေဟု တိတ်တဆိတ် ဆုတောင်းနေကြခြင်း ဖြစ်သည်။

     အချိန်က နံနက်မိုးစင်စင် လင်းလာခဲ့ပြီဖြစ်သည်။ သို့သော် ချီကျစ်ရှန်းက စစ်ယွမ်ယွမ်ကို ဖမ်းဆီးထားဆဲပင်။ လွတ်ပေးဖို့ အရိပ်အယောင်လည်း မရှိပေ။ ထို့ကြောင့် လီကွမ်ရီက ယဲ့ချူးယွင်ကိုခေါ်ပြီး မိုးကြိုးမျှော်စင်သို့ စတင်ထွက်ခွာလာခဲ့သည်။ လူငယ်များစွာမှာ လီကွမ်ရီအနောက်မှ ရိုကျိုးစွာ လိုက်ပါလာခဲ့သည့် ယဲ့ချူးယွင်ကြောင့် မနာလိုစိတ်တွေ ကိန်းအောင်းလာခဲ့ကြ၏။

     "စိတ်ပျက်စရာပဲ၊ နွားမစင်ထဲမှာ ကပ်နေတဲ့ ပန်းတစ်ပွင့် ..."ယဲ့ချူးယွင်ကို တိတ်တဆိတ် ချစ်ခင်စုံမက်နေသည့် လူငယ်တစ်ယောက်က မကျေမချမ်း ညည်းညူလိုက်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now