နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၇၂)
." သမီး ကုမ္ပဏီ အလုပ်တွေ အဆင်ပြေရဲ့လား "
" ဦးလေးဟန် နောက်ကနေ ကူညီပေးလို့ အဆင်ပြေပါတယ်။ကိုယ်တိုင်လည်း ကြိုးစား သင်ယူနေပါတယ် မေကြီး "
" အဆင်ပြေရင်ပြီးတာပါပဲ။ဒါနဲ့ ဒီမနက်ပဲ သားစျာန် က ဆေးရုံဆင်းသွားပြီတဲ့။မေကြီးတို့ ဒီမနက် သားစျာန်တို့ အိမ်ကိုသွားရအောင်လား သမီး "
" ဘာအတွက်လဲ "
" နေကောင်းကာစဆိုတော့ ကြက်ပေါင်းလေးလုပ်ထား သွားပို့ပေးချင်လို့။ပြီးတော့ စျာန့်အမေလည်း
အခုချိန်မှာ စိတ်ထိခိုက်နေမှာ။မေကြီး အားပေးစကားလည်း ပြောချင်လို့လေ... "" မေကြီး သွားချင်တဲ့ အချိန်ကိုပြော... ဒါရိုင်ဘာကိုလိုက်ပို့ခိုင်းပေးမယ် "
" မေကြီးအတွက် ဒါရိုင်ဘာမလိုဘူး။သမီးကိုပဲလိုက်ခဲ့စေချင်တာ "
" ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်လို့ မျှော်လင့်မနေပါနဲ့။ဒီလောက်နဲ့ သွားပါတော့မယ် "
မပတ်သက်ချင်ပါဘူးဆိုတဲ့ လူတွေနှင့်သာ ပတ်သက်ဖို့ တစ်နေ့တစ်မျိုးမရိုးရအောင် ပြောနေတဲ့ မေကြီးကြောင့် မနက်စောစောစီးစီး စိတ်တိုရ၏။
တေး,ဗိုက်မပြည့်သေးပေမဲ့ စိတ်တိုတာရော၊ထပ်စားနေရင် မေကြီးက သူနဲ့လိုက်ဖို့ အတင်းခေါ်နေအုံးမှာ။အဲ့ဒါကြောင့် ခပ်မြန်မြန်ပင် နံနက်ခင်းစာစားတာကို ရပ်ပြီး ထလာခဲ့လိုက်တော့သည်။
" ပေါင်မုန့်လေးကုန်အောင် စားသွားအုံးလေ.... သမီး သမီး... "
ထောပတ်သုပ်ထားတဲ့ မီးကင်ပေါင်မုန့်လေးနှစ်ချပ်ကို ကုန်အောင်တောင် စားမသွားတဲ့ သမီးကြောင့် ဒေါ်အလင်္ကာမေဦးမှာ စိတ်မကောင်းဖြစ်ကျန်ခဲ့ရသည်။
နန်းတော်ကလူတွေနှင့် သားစျာန်တို့မိသားစုအကြောင်းဆို လုံးဝကို အပြောမခံတော့တဲ့ သမီး။
အင်းလေ... ငယ်ရွယ်သေးတဲ့ သမီးရင်ထဲက ဖခင်ဖြစ်သူနှင့် ပတ်သက်တဲ့ ခံစားချက်က လွယ်လွယ်နဲ့ ဘယ်လိုမေ့ဖျောက်နိုင်မှာလဲ။ဇနီးဖြစ်တဲ့ ကိုယ်တောင်မှ သမီးစိတ်မကောင်းဖြစ်မှာဆိုးလို့သာ အပြင်မှာ ကိုယ်ခံစားရတာက်ို ထုတ်မပြတာ။