Heartthrob - 96
အပြင်ရှိ မိုးကောင်းကင်ကြီးက လုံးလုံးလျားလျား မှောင်မည်းနေလေပြီး ကျန်ရှိနေသော လရောင်ကသာ ပြတင်းပေါက်မှတစ်ဆင့် ခပ်ဖျော့ဖျော့ ဝင်ရောက်လာသည်။ သို့သော် လရောင်ကလည်း စာသင်ခန်းထဲရှိအရာများ၏ ပုံပန်းသဏ္ဍာန်ကောက်ကြောင်းကိုသာ အလင်းပေးနိုင်၏။
ဆောင်းဦးရာသီအဆုံးတွင် ထျန်းရွှေဂိုဏ်း၌ ပိုးမွှားသံများ၊ ငှက်တို့တေးသီဆိုသံများ ပျောက်ကွယ်သွားပြီး အလွန်တိတ်ဆိတ်နေသည်။ ဤညတွင် ပိုတောင်ဆိုးပေသေး၏။ ဖန်းချောင်ကျိုး ထလိုက်သောအခါတွင် သူ့အဝတ်အစားများ ပွတ်တိုက်သံကပင် အကြိမ်ရေများစွာ ပဲ့တင်ထပ်သွားသလို ထင်ရသည်။
လက်ရှိတွင် သူက မတ်တပ်ရပ်လျက် မလှမ်းမကမ်းရှိ ထိုင်နေသောသူကို ကြည့်လိုက်သည်။ ထို့နောက် သူ မတုံ့မဆိုင်းဖြင့် ဘယ်သူ့ကိုမှ မမြင်ချင်ယောင်ဆောင်ကာ လျှောက်ထွက်သွားလိုက်သည်။ သူ ခြေတစ်လှမ်းသာ လှမ်းရသေးသောအချိန်တွင်ပဲ အသံတစ်သံ ကြားလိုက်ရသည်။
"ဘယ်သွားမလို့လဲ"
ဖန်းချောင်ကျိုး တန့်သွားပြီးနောက် ကိုယ်ကို ဘေးသို့လှည့်လိုက်သည်၊ သူ့ခြေချောင်းလေးများကတော့ အပြင်ဘက်ကို ဦးတည်ထားဆဲ။
ထိုစကားဆုံးသော် ပြန်ဖြေသံ ထွက်မလာပေ။ ဖန်းချောင်ကျိုး ရွှယ်သန်းရုံကို ကြည့်လိုက်ပြီးနောက် သတိတကြီးဖြင့် ပြောလိုက်သည်။"ဒါဖြင့်ရင် တပည့် အရင်ပြန်နှင့်ပါတော့မယ်"
ပြောပြီးသည်နှင့် သူ အဝေးသို့ လျှောက်သွားလိုက်သည်၊ တစ်ဖက်လူ လိုက်လာမည်စိုးသည့်အလား။ဖန်းချောင်ကျိုး တစ်လမ်းလုံး အပြေးတစ်ပိုင်း လျှောက်လာခဲ့၏။ ဘေးပတ်ဝန်းကျင်များက ပိုပိုမှောင်လာသည့်အခါ သူ ညလင်းပုလဲကို ထုတ်လိုက်ချင်သည်။ သို့သော် သိုလှောင်လက်စွပ်ကို မတွေ့တော့ပေ။
သူ တကိုယ်လုံးအနှံ့ရှာသော်လည်း သိုလှောင်လက်စွပ်ကို မတွေ့။ သူ ယခု တခါတလေတွင် ညသန်းခေါင်ကြီး ရောဂါထတတ်၏။ အကယ်၍ ရေဓာတ်မှော်လက်နက်သာ မရှိပါက သူ့သိစိတ်ပင်လယ်ရှိ လက်ရှိအခြေအနေနှင့်ဆိုလျှင် သူ ရှင်သန်နိုင်မည်မဟုတ်။
သူ ခုနလေးကမှ သိုလှောင်လက်စွပ်ထဲက ညလင်းပုလဲကို ထုတ်လိုက်သေးသည်။ အခု သိုလှောင်လက်စွပ် မရှိတော့ဘူးဆိုလျှင် ၎င်းက စာသင်ခန်းထဲ၊ သို့မဟုတ် သူ ယခုလာခဲ့သောလမ်းတစ်လျှောက်၌ ကျနေခဲ့ခြင်းသာ ဖြစ်ရမည်။
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy