Chapter 125

42 4 0
                                    

Heartthrob - 125

ကြက်မြင်းက ခေါင်းလေးကို ဟိုဘက်ဒီဘက် စောင်းလိုက်သည်။ဖန်းချောင်ကျိုးက ၎င်းကိုမြင်သော် သက်ပြင်းချလိုက်ပြီး ပို၍စိုးရိမ်ကြောင့်ကြနေပုံ ပြလိုက်၏။

"တာ့ဟေး၊ ငါ့ကို ကူညီပါကွာ နော်၊ ငါ ရွှေတောင်ပံငှက်ကို ဆက်သွယ်လို့မရဘူး"

သူ အကြိမ်အနည်းငယ် ထပ်တောင်းဆိုပြီး နောက်ဆုံးတွင်တော့ ကြက်မြင်းက တုံ့ပြန်လာသည်။

"ကောင်းပြီလေ၊ ဒါဖြင့် ငါ မင်းကိုကူပြီး အဲ့ငှက်ငတုံးကို ခေါ်ပေးရတာပေါ့"

ဖန်းချောင်ကျိုးမှာ ကြက်မြင်း မည်သို့ဆက်သွယ်လိုက်သည်ကို မသိသော်လည်း မည်သို့ဆိုစေ နောက်တစ်နေ့မနက်၌ သူ အိမ်တံခါးဖွင့်လိုက်သည်နှင့် အပြင်တွင် ရွှေတောင်ပံငှက်ကို တွေ့လိုက်ရသည်။ ရွှေတောင်ပံငှက်က ဖန်းချောင်ကျိုးကို နှုတ်ဆက်သည့်ပမာ ခေါင်းတစ်ချက်ညိမ့်ပြပြီးနောက် အိမ်ခန်းထဲ ဝင်လာခဲ့၏။

သိပ်မကြာခင်မှာပဲ ဖန်းချောင်ကျိုး အခန်းထဲမှ ကြက်မြင်း၏ ဆူဆဲနေသံကို ကြားလိုက်ရသည်။

"ဖယ်စမ်းပါ! ငှက်ငတုံးကောင်၊ ပူတယ်ဟ!"

ဖန်းချောင်ကျိုး ဝတ်ရုံဝတ်ဆင်လိုက်ပြီးနောက် ဆောင်းလေရူးအကြားတွင် တောင်အောက်ဆင်းကာ ငါးသွားယူ၏။ သူ ငါးယူပြီး အိမ်ပြန်ရောက်သည့်အခါ ငှက်နှစ်ကောင်က ရန်မဖြစ်ကြတော့ပေ။ ဖန်းချောင်ကျိုး အနည်းငယ်အံ့ဩသွားပြီး ကြည့်လိုက်သောအခါတွင် ရွှေတောင်ပံငှက်က သူ့နှုတ်သီးချွန်ချွန်ဖြင့် ကြက်မြင်း၏ အမွေးအတောင်များကို ဖြီးသင်ပေးနေလေသည်။ ကြက်မြင်းက ပြန်မခုခံဘဲ မျက်လုံးလေးများပင် မှေးစင်းနေသဖြင့် အတော်လေးသာယာနေပုံပေါ်သည်။

ဖန်းချောင်ကျိုး သည်လောက်အလိုက်မသိသူ မဖြစ်ချင်ပါ။ သို့သော် ချင်းချွမ်းငါးက ပိုလတ်ဆတ်လေ ပိုအရသာရှိလေဖြစ်သောကြောင့် သူ ပြောလိုက်သည်။

"ငါတို့ သွားသင့်ပြီ"

၎င်းကိုကြားသော် ကြက်မြင်းက မျက်လုံးဖွင့်လာပြီး ရွှေတောင်ပံငှက်၏ခေါင်းကို အသည်းအသန် ထိုးဆိတ်လေတော့သည်။
"ငှက်ငတုံးကောင်၊ မြန်မြန်ကြီးအောင်ပြန်ပြောင်းလေ၊ ငါတို့ကို ဟွားလီတောင်ဆီ ခေါ်သွားပေး"

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now