Heartthrob - 102
စုန့်လျန်ရီ တစ်ဖက်လူဆီ လက်ဆန့်တန်းလိုက်ကာ ချွဲနွဲ့ပြ၏။ တစ်ဖက်လူက တုတ်တုတ်မလှုပ်သည်ကိုမြင်သော် သူ့မျက်နှာထားက ပို၍ပင်ဝမ်းနည်းသွားပုံပေါ်လာသည်။ ထိုသို့သော ကလူအိသို့မြှူအိသို့မျက်နှာထားကို ပြဇာတ်အိမ်မှ ဇာတ်သမများပင် မယှဉ်နိုင်မည်ကိုစိုးရ၏။
ဖန်းချောင်ကျိုး ထိုသို့သောစုန့်လျန်ရီကို မြင်လိုက်ရသောအခါ ကုတင်ပေါ်မှ ချက်ချင်းထလာပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။
စုန့်လျန်ရီ၏မျက်လုံးထဲ တိမ်ညိုမည်းများ ဖြတ်ပြေးသွားသော်လည်း သူ အလျင်အမြန် ဖုံးကွယ်လိုက်သည်။ သူ့၏ဆန့်ထားသောလက်က ရှေ့သို့ ပိုတိုးသွားပြီး နူးညံ့ညင်သာသောအသံဖြင့် ခေါ်လိုက်သည်။
သို့သော် ထို"ဖန်းလန်"ဟူသောခေါ်သံ ထွက်လာသည်နှင့် တစ်ဖက်လူက ပို၍ပင်အနောက်ဆုတ်သွား၏။
သည်လောက်နှစ်တွေအများကြီးကြာပြီးနောက်တွင်လည်း ထိုကောင်လေးက ထိုသို့တုံ့ပြန်မှုရှိနေဆဲပင်!
ဖန်းချောင်ကျိုး ခုနက အလှလေး၏ မိုးရေစိုနေသည့် သစ်တော်ပန်းလေးလို မျက်နှာထားက နည်းနည်းလေး ပျက်သွားသည်ကိုမြင်သောအခါ သူ တန့်သွားပြီးနောက် သတိတကြီးဖြင့် ပြောလာသည်။"စကားကို ကောင်းကောင်းပြောလို့ရမလားဟင်၊ ခင်ဗျား ဒီလိုပြောနေရင် ကျွန်တော် တကယ် သည်းမခံနိုင်လို့ပါ"
စုန့်လျန်ရီ ၎င်းကိုကြားသောအခါ မနေနိုင်ဘဲ မျက်နှာအနည်းငယ်ပျက်သွားရလေသည်။ သို့သော် သူ မကြာခင်မှာပင် သူ့မျက်နှာကို လက်ကိုင်ပဝါနှင့် ကာလိုက်ကာ ငိုရှိုက်လေတော့သည်။ သူ ခဏလောက်ငိုနေပြီးနောက်တွင် မျက်လုံးထောင့်မှနေ၍ ပုံရိပ်တစ်ခု တိုးကပ်လာသည်ကို မြင်လိုက်သည်။
သို့နှင့် သူ ချက်ချင်းလက်လှမ်းကာ တစ်ဖက်လူ၏ အကျီစကို ဆွဲဖမ်းလိုက်သည်။ သူ့ချိုအီအီမျက်နှာပေါ်၌ မျက်ရည်စများ ထင်ကျန်နေသေးသော်လည်း သူ ပြုံးနေ၏။
ဖန်းချောင်ကျိုးမှာ သူ့ဝတ်ရုံဆွဲထားခံရသည်ကို မြင်သောအခါ ချက်ချင်းပင် ပြန်ဆွဲထုတ်လိုက်ချင်၏။ သို့သော် သူ ပြန်ဆွဲသောအခါ တစ်ဖက်လူ ဆုပ်ကိုင်ထားသည်က ပို၍တင်းကြပ်လာသည်။ သူ သူ့ဝတ်ရုံကို ဆုပ်ကိုင်ထားသည့် စုန့်လျန်ရီကို တစ်ချက်ကြည့်လိုက်ပြီး တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက်တွင် ထိုဝတ်ရုံစကို ဆွဲဖြဲလိုက်လေသည်။
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy