Heartthrob - 119
လီကျူး ထိုစကားကို ခံစားချက်အပြည့်ဖြင့် ပြောလိုက်ပြီးနောက်တွင် သူ ရှေ့တိုးကာ တစ်ဖက်လူကို ပွေ့ဖက်လိုက်ချင်၏။ သို့သော် တစ်ဖက်လူ၏လက်ကို မထိရသေးခင်မှာ အပ်အနည်းငယ်က လျင်မြန်စွာ ပြန်ထွက်လာသဖြင့် သူ အရင်ရှောင်လိုက်ရသည်။
ထိုအပ်များက ချင်းဆစ်ထီးမှ ထွက်လာခြင်းဖြစ်၏
ဖန်းချောင်ကျိုးက သူ့အား တိုက်ခိုက်သည်ကို မြင်သောအခါ လီကျူးမှာ မတရားအနစ်နာခံလိုက်ရသလို ခံစားသွားရသည်။"မေမေ ကျွန်တော့်ကိုရိုက်တယ်၊ အရင်တုန်းက မေမေ ဘယ်တော့မှ ကျွန်တော့်ကို မရိုက်ခဲ့ဖူးတဲ့ဟာကို၊ ကျွန်တော် မေမေ့ကို ကိုက်ရင်တောင် မေမေက ကျွန်တော့်ကို ဆူပဲဆူခဲ့တာ"
သူ ပြောလေလေ လူကို အထင်လွဲစေလေလေ ဖြစ်သည်။ သူ့ဘေးရှိ သမားတော်၏ အကြည့်များမှာ အလွန်အင်မတန် ရှုပ်ထွေးလာ၏။
သို့သော် သမားတော်မှာ ကြာကြာ ပွဲမကြည့်လိုက်ရ။ အဘယ်ကြောင့်ဆိုသော် လီကျူးက ဘေးတွင် လူပိုတစ်ယောက်ရှိနေသည်ကို သတိထားမိသွားသောကြောင့် ဖြစ်သည်။ လီကျူးက သမားတော်ကို မျက်နှာချင်းဆိုင်လိုက်ပြီး နည်းနည်းလေးမှပင် ယဉ်ကျေးသမှုမရှိဘဲ ပြော၏။
"ဘာကြည့်တာလဲ၊ ခင်ဗျားအသက်မွေးဝမ်းကြောင်းအလုပ်ကို မလိုချင်တော့ဘူးလား"
ပြောရင်းဖြင့် သူ သူ့ခါးပေါ်ရှိ အနက်နှင့်ရွှေရောင်စပ်ကြာပွတ်ကို ထိကိုင်လိုက်သည်။ ထို့နောက် သူ ကျာပွတ်ကို ဆွဲထုတ်ကာ သမားတော်အား အပြင်းအထန်ရိုက်မည့်ဟန်ပြင်လိုက်၏။
ဖန်းချောင်ကျိုး မျက်မှောင်ကြုတ်လိုက်သည်။
"မင်းဘာလုပ်ချင်တာလဲ"
လီကျူး တန့်သွားပြီးနောက် သူ့၏ခက်ထန်မှုများပြည့်နေသော မျက်နှာက အားနည်းပျော့နွဲ့ဟန်လေးဖြင့် ဖန်းချောင်ကျိုးကို ကြည့်လာလေသည်။"မေမေ ကျွန်တော်ဘာမှမလုပ်ပါဘူး၊ ကျွန်တော်က ကျွန်တော်တို့သားမိနှစ်ယောက် စကားပြောနေတာကို တခြားလူ ခိုးနားမထောင်စေချင်ရုံပါ"
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy