Chapter -108
လက်ဘက်ရည်ခွက်တဝက်ခန့်ကြာပြီးနောက် ဖန်းချောင်ကျိုးက အိပ်ယာဘေးတွင်ထိုင်လိုက်သည်။ အဝတ်စိုတစ်ခုကိုသုံး၍ သူ့ရှေ့ရှိကြောင်လေး၏ခေါင်းကို ဂရုတစိုက်သုတ်ပေးလိုက်သည်။ ကြောင်ဖြူလေးက ကောင်းမွန်စွာပူးပေါင်းခဲ့ပြီး ရုန်းကန်ခြင်းလည်းမရှိခဲ့ပေ။ စိတ်ကျေနပ်စွာ လည်ချောင်းသံသဲ့သဲ့ဖြင့် မြောင်သံညည်းလို့နေသည်။ ခေါင်းသုတ်ပေးပြီးနောက် ဖန်းချောင်ကျိုးလက်ကို သူ့ခေါင်းနှင့်စတင်ပွတ်သပ်လာသည်။
ကြောင်ဖြူလေး၏ အလွန်ကျွံရင်းနှီးဟန်ပြမှုက ဖန်းချောင်ကျိုးကို အနည်းငယ်အံ့အားသင့်စေသည်။ သူ့အထင်အရ ကြောင်တွေကတခြားတသီးနေတတ်ပေမယ့် ဒီကြောင်ကတော့ ခွေးတစ်ကောင်ထက်တောင် ပိုမိုတွယ်ကပ်သေးသည်။ သို့သော်လည်း အခုကကြောင်တစ်ကောင်အကြောင်း တွေးတောရမည့်အချိန်မဟုတ်သေး။ သူအခုဘယ်နေရာမှာရှိနေပြီး ဘယ်လိုထွက်ခွာရမလဲဆိုတာကိုအရင်တွေးသင့်သည်။
အခန်းကထူးဆန်းပြီး သူ့ရှေ့ကကြောင်အပါအဝင် ကြမ်းခင်းကြွေပြားတွေသာမက ပရိဘောဂအားလုံးက အဖြူရောင်ဖြစ်သည်။ တစ်စုံတစ်ယောက်ဝင်လာသည်မို့ ဖန်းချောင်ကျိုးသည် အပြင်ဘက်ရှိအခြေနေကိုစစ်ဆေးရန်အလို့ငှာ ထလိုက်သည်။ ခြေသံကပေါ့ပါးပြီး ကျောက်စိမ်းခြေနင်းပေါ်က နူးညံ့ညင်သာသောဖိနပ်သံပင်။ ဖန်းချောင်ကျိုးသည် အကူညီမဲ့စွာဖြင့်ခြေသံကြားရာစီ သွားကြည့်လိုက်ပြီး မနေ့ကလူ၏ ရုပ်ပုံသဏ္ဍန်တစ်ခုကို တွေ့လိုက်ရသည်။ သို့သော်လည်း ထိုသူ၏အမူယာကမနေ့ကထက်ပင် အဆင်မပြေပုံပေါက်နေသည်။
ကျုံးလီယွဲ့ရွှေသည် အိပ်ယာနားကိုလျှောက်လာပြီး သူ့လက်ထဲမှ ကြွေပန်းကန်ကိုဖန်းချောင်ကျိုးရှေ့ လှမ်းပေးလိုက်သည်။ အတက်အကျမရှိသောအသံဖြင့်
"သောက်လိုက်"
ဖန်းချောင်ကျိုး ပန်ကန်လုံးကို တချက်ကြည့်လိုက်သည့်အခါ ထိုဆေးအနံ့အရ ဆေးဖက်ဝင်အပင်နှင့် သွေးတို့ပါဝင်ပုံပေါ်သည်။
"အဲ့ဒါက ဘာလဲ"
တုံ့ဆိုင်းစွာဖြင့်မေးလိုက်သည်။