Chapter 126

38 4 0
                                    

Heartthrob - 126

အဖြူရောင်ဝတ်ဧည့်သည်က ကုတင်နံဘေးသို့ လျှောက်သွားလိုက်သည်။ ကုတင်ပေါ်ရှိ လူငယ်လေးသည် နှစ်ခြိုက်စွာ အိပ်ပျော်နေ၏။ သူ သေရည်မူးပြီး ပူအိုက်နေ၍ဖြစ်နိုင်သည်၊ သူ့လက်မောင်းများကို လှစ်ဟလို့ထားပြီး သူ့ပါးပြင်များမှာလည်း ပူလောင်နေဆဲ။ အဖြူရောင်ဝတ်ဧည့်သည်က ခဏမျှ စိုက်ကြည့်နေပြီးနောက် ကုတင်ဘေး၌ ထိုင်ချလိုက်သည်။ သူ ပထမဆုံး လူငယ်လေး၏ လက်ဖဝါးများကိုဆွဲယူကာ ဖြန့်လိုက်၏။ လက်ဖဝါးများတွင် ဒဏ်ရာမရှိသည်ကို မြင်သောအခါ သူ ၎င်းတို့ကို စောင်ထဲပြန်ထည့်လိုက်သည်။ ထို့နောက် ကုတင်ခြေရင်းပိုင်းက စောင်ကိုမလိုက်ပြီး လူငယ်လေး၏ ခြေထောက်များကို လှစ်ဟစေလိုက်သည်။
သူ လူငယ်လေး၏ ဘောင်းဘီကို လိပ်တင်လိုက်သောအခါတွင် ဒူးခေါင်းများသည် ဖြူဖွေးနေလျက် အနာတရ မရှိသည်ကို မြင်လိုက်ရ၏။ သူ့မျက်နှာထားက ခဏမျှ တောင့်တင်းသွားပြီး သူ့လက်ထဲကိုင်ထားသော လိမ်းဆေးမှာလည်း အတော့်ကို အပိုဖြစ်သွားဟန်တူလေသည်။

ဘယ်လောက်ကြာသွားပြီမှန်းမသိရချိန်တွင် အဖြူရောင်ဝတ်ဧည့်သည်က မျက်လွှာချလိုက်ကာ လိမ်းဆေးကို ပြန်သိမ်းဆည်းလိုက်သည်။ ထို့နောက် လူငယ်လေး၏ ဘောင်းဘီစကို ပြန်ချပေးရန်ပြင်လိုက်စဉ် အပြင်ဘက်တွင် ရုတ်တရက် မိုးကြိုးခြိမ်းသံတစ်သံ ပေါ်ထွက်လာ၏။ မိုးခြိမ်းသံက ကျယ်လွန်းသဖြင့် မူးနေသောသူ နိုးလာတော့သည်။

အဖြူရောင်ဝတ်ဧည့်သည် လူငယ်လေး၏ ပွင့်လာသောမျက်လုံးများနှင့် စုံသောအခါ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်လျက် နောက်တစ်ခဏတွင် သူ ထရပ်ကာ လှည့်ထွက်ဖို့လုပ်လိုက်သည်။ သို့သော် သူ လှည့်လိုက်သည့်အခိုက်တွင် သူ့ဝတ်ရုံလက်စ ဖမ်းဆွဲခံလိုက်ရ၏။

"မသွား.. ပါနဲ့"
သူ့နောက်ရှိလူငယ်လေးထံမှ အိပ်ချင်မူးတူးအသံ ထွက်ပေါ်လာသည်။

အမှန်မှာ သူ့ဝတ်ရုံလက်စကို ဖမ်းဆုပ်ထားသည့် လက်ကလေးမှာ ဘာအားမှမရှိ၊ သူ တစ်ချက်လွှဲရုံနှင့် ရုန်းထွက်နိုင်သည်။ သို့သော် သူ နေရာတွင် တုံ့ခနဲရပ်သွား၏၊ တစ်ဖက်လူ၏ ဆွဲအားအတိုင်း လိုက်ကာပင် ကိုယ်ကိုပြန်လှည့်လာလိုက်သေးသည်။ သေရည်ကြောင့် အသိစိတ်များ ဝေဝါးနေသော ဖန်းချောင်ကျိုးသည် မျက်လုံးများသာမက မျက်လုံးထောင့်စွန်းများပါ နီရဲလို့နေသည်မှာ မက်မွန်ပန်းကိုချေလျက် မျက်နှာပေါ် ခြယ်သထားသည့်ပမာ။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now