Heartthrob - 99
အားလုံးက ၎င်းကိုကြားသော် မယုံကြည်ကြပေ။ သို့သော် ဖန်းချောင်ကျိုးက လုံးဝ ပြောင်းမပြောဘဲ ဘယ်သက်သေမှလည်း မပြချေ။ အားလုံးကလည်း စိတ်ဝင်စားစရာအသစ်များ ထပ်တူးမထုတ်နိုင်ကြတော့သဖြင့် သူတို့အာရုံများကို အခြားသူများထံလှည့်ကာ သူတို့အား စာရင်းသွားပေးဖိ့ တိုက်တွန်းနေကြသည်။
ဤသည်မှာ ဖုန်းယွဲ့အဆောင်က ပထမဆုံးအကြိမ် လူသိရှင်ကြား အိမ်ထောင်ဖက်အမျိုးသား တော်ကောက်ခြင်းဖြစ်ပြီး သူတို့ဖက်မှ အရင်စကာ ထျန်းရွှေဂိုဏ်းကို တောင်းဆိုလာခြင်းဖြစ်သည်။ နဂိုကတော့ ထျန်းရွှေဂိုဏ်းသည် ဒီလိုကိစ္စမျိုးကို ဂရုမစိုက်သင့်ပေ။ သို့သော် အကြီးအကဲ ၄ က လက်ဆောင်လက်ခံရသည်နှင့် ပျော်ရွှင်သွားပြီး ချက်ချင်းပင် သဘောတူလိုက်ကာ ထိုကိစ္စကို ဆုံးဖြတ်ချက်ချလိုက်တော့သည်။
ဤ အိမ်ထောင်ဖက်တော်ကောက်သည့်ကိစ္စမှာ အလွန်ကြီးကျယ်လွန်း၏။ ဖန်းချောင်ကျိုးအတန်းထဲရှိ လူနှစ်ဆယ်တွင် ၁၈ ယောက်က သွားစာရင်းပေးကြပြီး ကျန်ခဲ့သည်မှာ သူနှင့် အခြားအမျိုးသမီးကျင့်ကြံသူတစ်ယောက်သာ ဖြစ်လေသည်။
ထိုလူများသည် အစကတော့ ပါးစပ်က မသွားဘူးဟုသာ ပြောကြသော်လည်း အမှန်မှာ တိတ်တိတ်လေး သွားစာရင်းပေးထားခဲ့ကြ၏။ မိသွားရသော အကြောင်းအရင်းမှာ သူတို့အားလုံးက ပထမရွေးခြယ်ပွဲနေ့တွင် အကုန်ခွင့်တိုင်ကာ အတန်းပျက်ခဲ့ကြသောကြောင့် ဖြစ်သည်။ သူတို့တင်သာမက သူတို့ကိုသင်ပေးသောဆရာသည်ပင် ခွင့်တိုင်ထားခဲ့၏။ဖန်းချောင်ကျိုး : "..."
သူ ဗလာကျင်းနေသော စာသင်ခန်းကြီးကိုကြည့်နေပြီးနောက် သူ့ကဲ့သို့ပင် ကျန်နေခဲ့သော အမျိုးသမီးကျင့်ကြံသူကို တစ်ချက်ကြည့်လိုက်သည်။ အမျိုးသမီးကျင့်ကြံသူက ဖန်းချောင်ကျိုး၏အကြည့်ကို သတိထားမိသွား၏။ သူမက ပြန်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် စားပွဲပေါ်ရှိ ဖတ်စာအုပ်များကို ကောက်ယူလိုက်ကာ စာသင်ခန်းအပြင်သို့ လျှောက်ထွက်သွားလေသည်။ သူမက ထွက်သွားရင်းဖြင့် ပြောသွားသည်။
"ကျွန်မဖြင့် စေ့စပ်ပြီးသားအမျိုးသမီးရှိတဲ့ ယောက်ျားတစ်ယောက်နဲ့ နှစ်ယောက်တည်း တစ်ခန်းတည်းအတူ မနေနိုင်ပါဘူး၊ မြင့်မြတ်တဲ့လူဆိုတာ ဘယ်တော့မှ အန္တရာယ်ဖြစ်စေနိုင်တဲ့နေရာနားမှာ မနေသင့်ဘူး"
ဒုတိယနေ့တွင် ဖန်းချောင်ကျိုး စာသင်ခန်းထဲရောက်သောအခါ လူအနည်းငယ်ပါသော အုပ်စုတစ်စု ရောက်နေနှင့်ပြီဖြစ်သည်။ ဖန်းချောင်ကျိုး နေရာတွင် မထိုင်ရသေးခင် သူ့ယခင်အခန်းဖော်ဟောင်းက သူ့ကို ပြောလာသည်။
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy