အခန်း ( ၁ )

12.7K 637 60
                                    

Zawgyi
ထာဝရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ...Ergen

အပိုင်း- ၁

အရှေ့တောင်တန်းဒေသတွင် ဟူတောင်တန်းဟူ၍ တည်ရှိပြီး ထိုတောင်ခြေ၌ ထူးဆန်းသော ရွာငယ်လေးတစ်ရွာ ရှိသည်။ ရွာသားများသည် ရွာငယ်လေး အထဲတွင်သာ သီးခြားနေထိုင်ကြပြီး ပြင်ပကမ္ဘာနှင့် အဆက်အဆံ သိပ်မရှိကြချေ။

မနက်အစော ဝေလီဝေလင်း အချိန်တွင် ရွာသားများသည် ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်ခန့်အရွယ်ရှိသော လူငယ်လေးတစ်ယောက်ကို နှုတ်ဆက်ရန် ရွာအ၀င်တံခါးဝမှာ စုရုံးနေကြသည်။ ထိုလူငယ်လေးသည် ပိန်ပါးသော်လည်း ကျန်းမာ၍ အသားလတ်သောကြောင့် ခြုံကြည့်လျှင် ခန့်ညားသူဟု ဆိုနိုင်သည်။ ထို့အပြင် ဖန်တရာတေအောင် လျှော်ထားသဖြင့် စုတ်ချာနေသော အစိမ်းရောင် ဖျင်ကြမ်းဝတ်စုံကို ၀တ်ဆင်ထားပြီး အပြစ်ကင်းစင်ကာ ရိုးသားသော သူ့မျက်ဝန်းများနှင့် ထပ်မံပေါင်းစပ်လိုက်သောအခါ သူ၏အသွင်သည် တမူထူးခြားစွာ ဉာဏ်ရည်ထက်မြက်သူဖြစ်ကြောင်း ဖော်ပြနေသည်။

သူ့နာမည်က " ပိုင်ရှောင်ချန်း "
   
" ရွာအကြီးအကဲတွေနဲ့ ရွာသားများအားလုံးခင်ဗျာ "
လူငယ်က စကားစချီလိုက်ပြီး
"ထာဝရအသက်ရှည်ခြင်းလမ်းစဉ်ကို ကျနော်လျှောက်လှမ်းတော့မှာမို့  ရွာက‌နေ ထွက်သွားတော့မှာ ဖြစ်ပါတယ်။ကျွန်တော် ခင်ဗျားတို့ အားလုံးကို သတိရနေမှာပါ...''
ဟု ဆက်လက်ပြောဆိုလိုက်၏။ လူငယ်သည် ရွာသားများနှင့်ခွဲခွာရမည့်အတွက် မခံစားနိုင်သောကြောင့်ထင် နာကျင်စွာခံစားနေရဟန်ပေါ်သည်။ ထိုအသွင်အပြင်သည် သူ့ကို ရှိရင်းစွဲထက် ပိုပြီး တင့်တယ်ခန့်ညား‌စေသည်။

ဝိုင်းကြည့်နေသော လူအုပ်ကြီးသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ လုလင်ပျို၏စကားကို အယုံအကြည်မရှိစွာ အကူအညီပေးမည့်ပုံပင်မပေါ်ဘဲ အချင်းချင်း ပခုံးတွန့်ပြလိုက်ကြသည်။ ထို့နောက် လုလင်ပျို ထွက်ခွာသွားမည့်အတွက် စိုးရိမ်ကြောင့်ကြနေသည့်အလား ဟန်ဆောင်လိုက်ကြသည်။
  
ထိုစဉ် ဆံပင်များ တစ်ခေါင်းလုံးဖြူဖွေးနေသော အဘိုးအိုသည် လူအုပ်ကြားမှထွက်လာပြီး
"ရှောင်ချန်း...မင်းမိဘတွေ မင်းကိုထားပြီး ထွက်သွားခဲ့တာ...အင်း..... တော်တော်တောင်ကြာခဲ့ပြီပဲ...မင်းက...''
စကားကို ခဏရပ်ထားပြီးမှ
"မင်းက လူတော်လေးတစ်ယောက်ပါကွာ..''
ရှောင်ချန်းသည် ယခုထက်တိုင် ထွက်မသွားသေးသည်ကို အဘိုးအို မြင်သောအခါ ဆက်ပြောလိုက်သည်။
" ထာဝရရှင်သန်ခြင်းကို စိတ်မဝင်စားဘူးလို့ မင်း ငါ့ကို မပြောခဲ့ဘူး မလား။ မင်း လုပ်ဖို့တစ်ခုတည်းသောအရာက အင်မော်တယ်ဖြစ်လာပြီး ထာဝရအသက်ရှည်ဖို့ဆို။ အင်း..အချိန်တွေကြာမြင့်ခဲ့ပါပြီလေ။‌ ခုတော့ မင်းထွက်သွားဖို့အချိန်တန်ပြီ။ လင်းယုန်ငှက်ပေါက်လေးတောင် အပျံသင်ရသေးတာပဲလေ။ ဘယ်လိုအခြေအနေမျိုးနဲ့ပဲ ကြုံကြုံ ရှောင်ပြေးစရာမလိုဘူး။ အခြေအနေကို ထိန်းချုပ်နိုင်အောင်ကြိုးစားပြီး ရှေ့ကိုပဲဆက်ရမယ်။ ဒီရွာက တစ်ကြိမ် ထွက်သွားပြီဆိုတာနဲ့ မင်း ဘယ်တော့မှ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး။ ဘာလို့ဆို မင်းရဲ့ လမ်းဟာ ရှေ့တည့်တည့်မှာပဲရှိပြီး ဘယ်တော့မှ နောက်မှာရှိမနေလို့ပဲ ''

ထာဝရအသက်ရှည်လိုသော် အတှဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Where stories live. Discover now