ထာဝရအသက်ရှည်လိုသော်
မူရင်းစာရေးဆရာ Ergenအခန်း ( ၈၅ )
သူ….မြန်လှချည်လား။
ကျိုးရှင်းချီ ထိတ်လန့်နေဆဲမှာပင် နောက်ထပ်လေပြင်းတစ်ချက် သူမကို ဖျတ်ခနဲတိုက်ခတ်သွားပြီး အကြီးအကဲကျိုး ထွက်ပေါ်လာသည်။ သူက ဖြတ်ကျော်သွားရင်း ကြည့်၍ ပြုံးပြသွားသည့်အတွက် သူမသည်လည်း ပြန်လည် ခေါင်းညိတ် ပြလိုက်လေသည်။
အကြီးအကဲကျိုး၏မျက်နှာတွင် အပြုံးတစ်စရှိနေသည့်တိုင် စကားပြောလိုက်သည့်အခါ သူ့ပါးစပ်မှ ရက်စက်ကြမ်းကြုတ်သော မိစ္ဆာတစ်ကောင်၏အသံ ဟိန်းထွက်လာသည်။
"ငါ စိတ်ပြန်ပြောင်းသွားပြီ ပိုင်ရှောင်ချန်း။ ငါမင်းကို ဖမ်းမိပြီးသွားခဲ့ရင် မင်းကို တစ်လလုံးလုံး အငတ်ထားမယ်။ ပြီးရင် မင်းကို ဖီးနစ်ငှက်အုပ်အပြင် သားရဲကောင်တွေနဲ့ပါ ထားပစ်မယ်"
ကျိုးရှင်းချီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး တချိန်ထဲမှာပင် ပိုင်ရှောင်ချန်းဆီမှ သနားစရာကောင်းစွာ စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလိုက်ရသည်။
"ကူညီပါဦး ဦးလေးလီ။ ကယ်ပေးပါဦး ဂိုဏ်းတူ အစ်ကိုကြီးရဲ့။ ကျုပ် အငတ်မခံချင်ဘူး။ ဖီးနစ်ငှက်တွေ သားရဲကောင်ကြီးတွေနဲ့ အတူမနေနိုင်ဘူး…. "
ပိုင်ရှောင်ချန်းသည် ကြောက်လွန်း၍ တုန်လှုပ်နေပြီး အကြီးအကဲကျိုးကိုလည်း အတင်းအကြပ် တောင်းပန်နေတော့သည်။ သူက အော်ဟစ်နေရင်း အရိပ်တစ်ခုကဲ့သို့ မယုံနိုင်လောက်သော အရှိန်ဖြင့် ပြေးနေခဲ့သည်။
အရှေ့တွင် လုထျန်းလဲ့သည် လျှပ်စီး အသွင်ဖြင့် လျင်မြန်စွာ ပြေးနေသည်။ လမ်းကြောင်း၏ အစောပိုင်းအခြေအနေများသည် သူ့အတွက် လွယ်ကူနေသော်လည်း ယခုအခါ အရာရာတိုင်းက ပိုမို ခက်ခဲလာခဲ့သည်။ ယခုလက်ရှိ သူရင်ဆိုင်နေရသော နေရာတွင် ချွန်ထက်နေသော လေသင်တုန်းဓားများ ပြည့်နှက်နေသည်။ သူအကယ်၍ လျင်မြန်စွာရှေ့ဆက်ခဲ့လျှင် ထိုအရာများသည် သူ့ထံသို့ တည့်တည့်ပျံသန်းလာပေလိမ့်မည်။
စောစောက စမ်းသပ်ရန်အတွက် ရုပ်သေးရုပ်တစ်ရုပ်ကို ဆင့်ခေါ်ကာ သူစေလွှတ်ခဲ့သည်။ ထိုရုပ်သေးရုပ်က လျင်မြန်စွာ လှုပ်ရှားနိုင်သော်လည်း လေသင်တုန်းဓားများ၏ တစ်စစီ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။ ထိုအခြင်းအရာကြောင့် လုထျန်းလဲ့သည် အရှိန်လျော့ရုံမှလွဲ၍ ရွေးချယ်စရာမရှိကြောင်း သိရှိလိုက်သည်။ သူနှင့်သင့်တော်သည့် ဟန်ချက်တစ်ခုကို ရှာဖွေနိုင်မှသာ ရှေ့သို့ဆက်လက် ရွေ့လျားနိုင်လိမ့်မည်။
YOU ARE READING
ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )
RandomUnicode ထာဝရအသက်ရှည်လိုသော် စာစဉ် မိတ်ဆက် ဤစာစဉ်သည် သေရမည်ကိုကြောက်ကာ ထာဝရအသက်ရှည်သည့်နည်းလမ်းကို စွဲလမ်းတပ်မက်စွာ ရှာဖွေနေပြီး မိသားစုနှင့် မိတ်ဆွေများအပေါ်တွင်လည်း သံယောဇဉ်တွယ်လွန်းသည့် လူငယ်လေးတစ်ယောက် အကြောင်းကို လူ့စရိုက်ပီပြင်စွာ ဟာသဆန်ဆန် ရေ...