အခန်း(၁၁၂)

1.2K 161 2
                                    

Unicode
ပြန်လည်တွေ့ဆုံရာဝယ်

ပိုင်ရှောင်ချန်းမှာ ဒေါကန်နေပြီး သူ၏ ဆေးပေါင်းဖိုရှေ့တွင် တင်ပျဥ်ခွေထိုင်နေသည်။

" ဒီမြွေတွေက တော်တော်ကို ယုတ်မာတာပဲကွ။ ချစ်စရာတစ်စက်လေးမှကို မကောင်းဘူး။" သူက အေးစက်စက်နှာမှုတ်ကာ မြည်တွန်တောက်တီးနေတော့သည်။
 
" အခု ငါ အဆင့်သုံး စိတ်စွမ်းအင်ဆေးတွေကို ကျွမ်းကျင်သွားပြီကွ။ မင်းတို့ကောင်တွေကို ငါ သင်ခန်းစာမပေးနိုင်ဘူးလို့များထင်နေလား… မြွေစုတ်မြွေနာလေးတွေ။"
 
" မင်းတို့က အချိန်တိုင်း အဆိပ်ရည်တွေပန်းထုတ် တရှူးရှူး တရှဲရှဲလုပ်ရတာ သိပ်ကြိုက်နေတယ်ပေါ့ ဟုတ်လား။ ဟွန်း။ အေး... မင်းတို့ပါးစပ်အကုန်ပိတ်အောင်လုပ်ပေးမဲ့ ဆေးတစ်လုံးကို ငါဖော်စပ်ပြမယ် ကြည့်နေ။" ထိုမြွေများကို သင်ခန်းစာပေးချင်နေသဖြင့် ပိုင်ရှောင်ချန်းက ကြံစည်နေတော့သည်။ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ဖြင့် အင်္ကျီလက်ကို ခါယမ်းလိုက်ကာ မည်သည့် ဆေးဖော်စပ်နည်းကို သုံးရမည်နည်းဟူသော အချက်ကို စဥ်းစားတွေးခေါ်နေတော့သည်။

" ဒီမြွေတွေကို ပါးစပ်ပိတ်အောင်လုပ်ချင်ရင် တော်တော်ကြမ်းတဲ့ ဆေးလုံးလိုမှာပဲ။ သူတို့ရဲ့ ပါးစပ်ကို တကယ်ပြန်ဖွင့်လို့မရအောင် လုပ်နိုင်မဲ့ ဆေးလုံးမျိုးလိုမှာ.....။" သူ့အကြံသူ သဘောကျနေသဖြင့် သူက တစ်ယောက်ထဲ ကြောက်မက်ဖွယ် ရယ်မောနေပြီး သုံးရမည့် ပါဝင်ပစ္စည်းများကို ရွေးချယ်ရန် ပြင်လိုက်သည်။
  
အချိန်များမှာ ကုန်လွန်သွားသည်။ ခုနစ်ရက်အကြာတွင်မူ ပိုင်ရှောင်ချန်းက လုံးဝမိစ္တာပူးနေသည့်အလား ရူးသွပ်နေပြီဖြစ်သည်။ သူ၏ထည့်စရာအိတ်ထဲမှ ဆေးပင်များကို တစ်ပင်ပြီးတစ်ပင် သေချာစစ်ဆေးကာ ဖယ်ထုတ်နေတော့သည်။ အဆုံးတွင် ဆေးပင် သုံးဆယ့်ခုနစ်ပင်ကို သူက ရွေးချယ်လိုက်လေသည်။

ထိုဆေးပင်များကို အထူးနည်းလမ်းတစ်ခုသုံးကာ ကျိုချက်ပြီးသည့်အခါ အလွန်စေးကပ်သော အရာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သို့သော်် ထိုစေးကပ်မှုမှာ ပိုင်ရှောင်ချန်းအတွက် မလုံလောက်သေးပေ။ အပြန်အလှန် ကြီးထွားစေခြင်းနှင့် ဖိနှိပ်ခြင်း နိယာမများကို ယူသုံးပြီး သူက ထိုဆေးလုံးကို ပို၍ စေးကပ်စေရန် ပြုပြင်ပြောင်းလဲမှုများ ထပ်လုပ်ရန် ပြင်လိုက်တော့သည်။
 
တစ်လအကြာတွင် သူ၏ ဆံပင်များမှာ လုံးဝ ဖရိုဖရဲဖြစ်နေလေပြီ။ ဆေးပေါင်းဖိုထဲမှ အနက်ရောင်မီးခိုးထူကြီးများ ထွက်လာပြီး ဆေးဂျိုးများမှာ ထိုဆေးပေါင်းဖိုထဲတွင် ကျန်ခဲ့တော့သည်။ ဤအကြိမ်မှာ ဤလအတွင်း သူ၏ ဆယ်ကြိမ်မြောက် မအောင်မြင်ခြင်းပင် ဖြစ်သည်။ အပြင်ဘက်တွင်မူ မြွေများ၏ တရှူးရှူးတရှဲရှဲအသံများမှာ ပုံမှန်လိုပင် ကျယ်လောင်နေဆဲ။ သူက မျက်မှောင်ကြုတ်လိုက်ပြီး ထိုမြွေများကို သင်ခန်းစာပေးလိုစိတ်များမှာ ပို၍ ပြင်းထန်လာတော့သည်။

ထာဝရအသက္ရွည္လိုေသာ္ အတွဲ ( ၁ ) ( ကျုပ်က ပိုင်ရှောင်ချန်း )Where stories live. Discover now