Past Perfect Tense
တိမ်တမံ။ ဒီစာသင်နှစ်အတွက် ပထမရက်မှာပဲ ဆရာယသော် မှတ်မှတ်ရရဖြစ်သွားတဲ့ကျောင်းသား။ နောက်ရက် အတန်းချိန်ဝင်တိုင်း ဆရာများစင်ပေါ်တက် White Boardကိုကျောခိုင်းပြီး အတန်းသားများနှင့် မျက်နှာချင်းဆိုင် အဖွင့်နှုတ်ဆက်ပြီးတာနှင့် အရင်ဆုံး အကြည့်တစ်ချက်က ထိုကျောင်းသားနေရာကို ရောက်ရောက်သွားသည်မှာ အကျင့်ကြီးလိုဖြစ်နေပြီ။ စာရှင်းနေရင်း ခဏခဏမဟုတ်သည့်တိုင် တစ်ချက်တစ်ချက် အကြည့်ရောက်သွားရခြင်းသည် မတော်တဆတော့မဟုတ်။
"မံသူငယ်ချင်း မရှိဘူး" ပြောခဲ့သော စကားနှင့်အညီ ဒီကျူရှင်မှာ တိမ်တမံ ရင်းနှီးပြောဆိုသည့် ကျောင်းသားမည်သူမှမရှိ။ အခြားမဆိုထားနှင့်။ စာရေးခုံရှည်အစွန်ဆုံးမှာ တစ်ယောက်တည်းဘေးထွက်ထိုင်နေပြီး တစ်ခုံတည်းတစ်တန်းတည်း အတူထိုင်သည့်သူများနှင့် အပြောအဆိုအဆက်အဆံမရှိ။ ခေါင်းမှောက်အိပ်တာတောင် လူရှိတဲ့ဘက် နောက်စေ့ပေးတဲ့ တိမ်တမံ။
ကျူရှင်ကိုအတန်းချိန်တက်ခါနီး ငါးမိနစ်အလိုအတိအကျမှ ရောက်လာလေ့ရှိသည်။ စာသင်ချိန်မစသေး၍ အချိန်ကပ်ပြီးမှလာသော သူ့ကို နောက်ကျတယ်လို့ အပြစ်ပြောရမှာလည်းအခက်။ ကြားနားချိန် သူများတွေလို အချင်းချင်းစကားပြောနေတာမရှိ၊ အပေါ့အပါးသွား၊ မုန့်ထွက်ဝယ်စားတာမျိုးမရှိ။ ကျူရှင်ဆင်းရင် အတန်းသားများအားလုံးကုန်ပြီး နောက်ဆုံးမှ တစ်ယောက်တည်း အေးအေးဆေးဆေး ဆင်းလေ့ရှိသည်။
တိမ်တမံနေပုံထိုင်ပုံကို ယသော် သဘောမကျပါ။ အကြောကြီးနဲ့ သက်သက်မာနကြီးပြနေတာ။ ယသော်လည်း ကျောင်းသားဘဝကနေ ဆရာဖြစ်လာ၍ တိမ်တမံလိုကျောင်းသားမျိုးကို မြင်ပြင်းကပ်သည်။ အတန်းသားအချင်းချင်းမဆိုထားနဲ့။ ဆရာဖြစ်သူကိုပါ မခန့်လေးစား ပက်ခနဲပက်ခနဲ ပြန်ပြန်ပြောတာ အရွဲ့တိုက်တာတော့ လွန်သည်။
စာသင်နေရင်း ယသော်နှင့်မျက်လုံးချင်းဆုံသွားသည့်တိုင် အရင်မျက်လွှာမချတတ်တာ ဆရာသမားကို ဘာထင်နေလို့လဲ။ မျက်နှာထိမျက်နှာထားနဲ့ မျက်နှာပေးကို ယသော်တေးထားသည်။ တိမ်တမံကို တန်းတူ အတန်းသားအချင်းချင်း မည်သူမှ ပညာမပြနိုင်ရင်တောင် ယသော်ကတော့ ဆရာဖြစ်၍ အားလုံးကိုယ်စား တိမ်တမံကို မှတ်လောက်သားလောက်အောင် ပညာပြဦးမည်။
YOU ARE READING
Chill
Romanceစာရေးသူ၏ ခွင့်ပြုချက် မတောင်းဘဲ Audiobook ပြုလုပ်ခြင်း / ဇာတ်လမ်းအစအဆုံး နည်းအမျိုးမျိုးဖြင့် ပြန်လည်ကူးယူတင်ဆက်ခြင်း မပြုလုပ်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်။ This story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ က...
