14

4.7K 916 265
                                    

"သော်ကလည်း မံမသွားချင်ပါဘူးဆို"

သော်ကိုကျောခိုင်းပြီး ကားပြတင်းဘက် ခေါင်းစိုက်ကာ တမံမျက်ခုံးတို့တွန့်ကုတ်ထားလျက်။ ဘယ်လောက်ပဲ မသွားဘူးငြင်းငြင်း အချိန်တန်တော့လည်း သော်ခေါ်ရာနောက် တမံလိုက်ခဲ့တာချည်းပဲ။ သော်ပြောသမျှ ဆယ်ခုမှာ ရှစ်ခုလောက်အထိ တမံလိုက်လျောတတ်သည်။

တမံ လျော့လျော့ပေါ့ပေါ့စဉ်းစားပေးပြီး ကလန်ကဆန်မလုပ်တာ သော်တစ်ဦးပဲရှိ၏။ သော်ပြီးရင် မမကြူပဲ။ မမကြူစကားမပေါက်တောင် သော်ပြောလျှင်ရတတ်သည်။ မကြည်ဖြူလည်း ဆယ်ခုမှာရှစ်ခုလောက်တော့ မလုပ်ပေးတာမဟုတ်ဘဲ နားတော့ပူ၏။ ပွစိပွစိရေရွတ်ကာ သော်ပြောသလို လုပ်ပေးတာပါပဲ။

တယံနှင့်အတူရိုက်ရတဲ့ ကြော်ငြာရိုက်ကွင်းပြီးလို့ ကုမ္မဏီဘက်က ရိုက်ကူးရေးအဖွဲ့သားတွေကို ကာရာအိုကေဆိုင်မှာ ညစာဖိတ်ကျွေးပြီး ပျော်ပွဲရွှင်ပွဲ ပါတီအသေးစား စီစဉ်ပေးတာဖြစ်သည်။ ထိုပွဲသို့ တမံက သွားချင်စိတ်နည်းနည်းလေးမှမရှိ။ ဘယ်သူ့မျက်နှာကိုမှ မမြင်ချင်၊ ဘယ်သူ့အသံကိုမှ မကြားချင်။

ရိုက်ကွင်းမှာ ရဲရဲကိုဆွဲလားရမ်းလား အော်ကြီးဟစ်ကျယ် ပြဿနာတက်ပြီးတည်းက တမံ ဘယ်သူနှင့်မှ မျက်နှာချင်းမဆိုင်ဝံ့တော့။ လူတွေ သူ့ကိုဘယ်လိုတွေးထင်နေမလဲ လိုက်တွေးပူပန်ပြီး အပြင်မှာ ဘယ်သူမှဘာမှလာမပြောဘဲနှင့်ကို တမံတစ်ယောက်တည်း ကိုယ့်အတွေးတွေနဲ့ကိုယ့်ဘာသာ ရန်ပတ်ဖြစ်နေတာ။

ဒေါသတွေထွက် အလိုမကျမှုတွေနှင့် ကိုယ့်ကိုယ်ကိုယ် တစ်ခုခုလုပ်ပစ်ချင်သည့်စိတ်ကို သော်ကြောင့် သည်းခံနိုင်ခဲ့တာ။ ထိုနေ့က တစ်ရက်တည်းအပြီးသတ်ရမည့်ရိုက်ကူးရေးသည် နောက်တစ်နေ့ကို ဆက်သွား၏။ ကျန်ရှိသည့် ရှုတင်တစ်ရက်ကို တမံအနားမှာ သော်အတူတူရှိနေပေးလို့သာ ကောင်းကောင်းအဆုံးသတ်လုပ်နိုင်ခဲ့တာ။ မံအတွက် သော်မရှိလို့ မဖြစ်ဘူး။

"မံ မသွားလို့ ဘယ်ကောင်းမလဲ၊ အားလုံးမျှော်နေကြမှာပေါ့"

သော်လက်တစ်ဖက်က တမံလက်ကိုဆုပ်ကိုင်လာသည်။

"အရယ်ရဆုံးဟာသပဲ၊ မံ မရှိလေ သူတို့ပျော်လေဖြစ်နေမှာပေါ့၊ ဘယ်မှာပဲဖြစ်ဖြစ် တိမ်တမံက လူသားတွေအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ပဲ"

ChillWhere stories live. Discover now