43

4.2K 702 383
                                    

တမံမျက်နှာတစ်ခုလုံး ပေါက်ထွက်မတတ် ပူခဲတက်လာ၏။

သော် အသည်းအသန်ဖြစ်နေပြီတဲ့။ တမံအပေါ် အနစ်နာခံပေးဆပ်ခဲ့သော သော်။ အရာရာ တမံသဘော တမံဆန္ဒအတိုင်း ဖြစ်စေခဲ့သော သော်။ တမံအနား ၇နှစ်ကျော် အတူတူရှိပေးခဲ့ပြီး ကောင်းတာဆိုးတာအကုန် မျှဝေထမ်းပိုးပေးခဲ့သော သော်၊ တစ်မိသားစုလုံး လက်ညှိုးဝိုင်းနေလည်း မံကို ချီးကျူးနှစ်သိမ့်ခဲ့သူ တစ်ဦးတည်းဖြစ်သည့် သော်။

ဒီအတောအတွင်း နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်း ပြိုင်ပွဲဝင်နေတဲ့ သော်ကို နေကောင်းလား ကျန်းမာလား တမံတစ်ခွန်း အမေးမရှိခဲ့ဖူးဘူး။

မမကြူဖုန်းကို ချပြီးပြီးချင်း တမံ ဘယ်ကစ ဘာကိုင်ရမှန်းမသိ ဖြစ်သွားသည်။ ဧည့်ခန်းမှာ မြင်မကောင်းအောင် ပြန့်ကျဲနေသည့် အဝတ်တို့က တမံကိုအရှက်ရစေ၏။ သော်အန္တရာယ်ကျရောက်နေချိန် တမံ တစ်ပါးသူနှင့် ပျော်ပါးသာယာနေခဲ့သည်မှာ ဘယ်လောက်စက်ဆုပ်ရွံရှာဖို့ကောင်းသလဲ ကိုယ့်ကိုယ်ကိုယ် မသတီချင်လောက်အောင် ရင်ထုမနာဖြစ်မိသွားသည်။

ရှေ့တန်းထွက်နေသော စစ်သားတို့၏ အိမ်မှာကျန်ခဲ့သော ဇနီးမယားက သစ္စာမရှိဖောက်ပြန်လျှင် စစ်မြေပြင်ပေါ်က ခင်ပွန်းဖြစ်သူ ဘုန်းကံနိမ့်အန္တရာယ်ဖြစ်ရသကဲ့သို့ ... တမံ မှားခဲ့ပြီလား။ အခုချိန် တမံအသိထဲ အကြောက်တရားတွေသာ ခြောက်လှန့်နေခဲ့၏။ သော်သာ တစ်ခုခုဖြစ်ခဲ့လျှင် သေချာသည် ... တမံ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်မှာမဟုတ်။

တမံဘောင်းဘီကို အရင်ရှာဝတ်လိုက်ရသည်။ အင်္ကျီကိုဝတ်ဖို့လုပ်တော့ Kyle အစပိုင်းမှာ ညင်ညင်သာသာ ဖြုတ်ပေးခဲ့သည့် အပေါ်ကြယ်သီးသုံးလုံးပဲ အကောင်းကျန်နေခဲ့ပြီး ကျန်ကြယ်သီးတွေအကုန် ဘယ်ရောက်လို့ရောက်မှန်းမသိ ပြုတ်ထွက်နေခဲ့ပြီ။

တမံကိုယ်ပေါ်က Kyleရှပ်အင်္ကျီဖြူသည် ပခုံးလက်ကျကျ၊ ကိုယ်လုံးပွပွ အရှက်လုံရုံ ခါးရှည်၊ တမံလက်ချောင်းတို့ကို မြှပ်ကွယ်ဖုံးအုပ်နေသည့် လက်စကြောင့် အပြင်လူ မြင်လို့မကောင်းနိုင်။ ချွတ်ပစ်လို့လည်း မရ။ အိပ်ခန်းထဲပြန်ဝင်ပြီး Kyleအဝတ်ဗီဒိုကိုဖွင့်ကာ တွေ့ရာ Longcoatကို ဆွဲယူဝတ်လိုက်၏။

ChillWhere stories live. Discover now