42

3.6K 720 255
                                    

Kyleအတွက် ညစာထမင်းစားပွဲ၌ ကြက်ချဉ်စပ်၊ ဝက်သားချိုချဉ်ကြော်၊ ပဲကြာဇံဟင်းရည်၊ ဟင်းနုနွယ်ရွက်ကြော် ဟင်းပွဲလေးပွဲရအောင် တမံလုပ်နိုင်ခဲ့သည်။

"တကယ်တော့ အသင့်စားမဝယ်ခဲ့တာ အကြောင်းရှိတယ်"

သူ့ပန်းကန်ထဲ တမံထည့်ပေးလိုက်သော ကြက်သားဟင်းဖက်ကို မစားဘဲ ဟင်းပန်းကန်ထဲကနေ သက်သက်နှိုက်ယူစားသော သူ။ တမံမသိချင်ယောင်ဆောင်ကာ သူ့ကိုဆက်ပြောနေလိုက်သည်။ အခုချိန်တမံပါ နှုတ်ဆိတ်နေလျှင် သူတို့နှစ်ယောက်ကြားက အခြေအနေသည် ရေခဲသားတက်တော့မည်။

"ခင်ဗျား ချက်ချင်း နှင်လွှတ်မှာစိုးလို့၊ အခုလို ချက်စားစရာဝယ်ခဲ့တော့ ချက်ပေးရတဲ့အချိန်မှာ ခင်ဗျားနဲ့အတူ ရှိခွင့်ရတာပေါ့"

Kyleက အစားအသောက်မပြတ်ပါ။ တမံစကားတို့သည် ကြက်ချဉ်စပ်ဟင်းပွဲလောက် အနှစ်သာရမရှိပုံ။

"အရသာတွေ့ပါ့မလား စိတ်ပူနေခဲ့တာ၊ အခုလို ကောင်းကောင်းစားနေတော့ ပျော်မိတယ်"

Kyleက ဝက်ချိုချဉ်ကြော်ဟင်းပွဲကို လှမ်းနှိုက်၏။ မျက်နှာချင်းဆိုင်ထိုင်နေသော တမံဘက်ပိုရောက်နေပြီး Kyleနှင့် လှမ်းနေသော ဝက်ချိုချဉ်ကြော်ဟင်းပွဲကို Kyleအနား တမံတိုးပေးလိုက်သည်။ တမံကို အကြည့်တစ်ချက်မရောက်ဘဲ ထမင်းနှင့်ဟင်း အချိုးကျအောင် တလှည့်စီစားနေလျက် အစားကို သေသေသပ်သပ်ဖြင့် ကြေညက်အောင်သေချာဝါးစားနေသည့် Kyleမေးရိုးလှုပ်နေပုံ၊ နှုတ်ခမ်းလှုပ်နေပုံတို့ကို တမံက လက်နှစ်ဖက်မေးထောက်၍ လိုက်ကြည့်နေမိသည်။

"မံ ရိုက်ပြီးတဲ့ ရုပ်ရှင်မှာ မံက စားသောက်ဆိုင်သေးသေးလေးက စာဖိုမှုးကာရိုက်တာလေ၊ သဏ္ဍာန်လုပ်သရုပ်တူအောင် ဟင်းချက်နည်းအချို့ကို သင်ခဲ့ရတယ်၊ မံက မွေးရာပါ Brightဖြစ်တဲ့လူမိုလို့ တစ်ထွာပြတာနဲ့ တစ်မိုက်စာမြင်နိုင်တယ်၊ နည်းနည်းလေးစိတ်နှစ်ပြီး သင်လိုက်တာ Kyleကို အခုလိုချက်ကျွေးနိုင်ခဲ့ပြီ"

"....."

"တစ်စုံတစ်ယောက်ကို ဟင်းချက်ကျွေးရတာ၊ ကိုယ်ချက်ကျွေးတာကို ကောင်းကောင်းစားနေတာမြင်ရတာ ဒီလောက်ကြည်နူးပီတိဖြစ်ဖို့ကောင်းမှန်း မသိခဲ့ဘူး"

ChillWhere stories live. Discover now