48

2K 379 84
                                    

"အမေရေ့ ... အမေ့! ဒီမှာ အစ်မကြီးကြူကြူ ရောက်လာပြီ"

ကားဂိတ်ကနေ လာကြိုသည့် တူဖြစ်သူ ချိုငယ်၏ အာကျယ်အာကျယ်အသံကြောင့်

"ဟဲ့ တိုးတိုးသာသာလုပ်ပါဟဲ့၊ ငါ့ဘာသာဝင်တွေ့ပါ့မယ်၊ ဘယ့်နှယ့်ကြောင့် လူကြီးကို လှမ်းခေါ်နေတာလဲ"

မွှေးရနံ့ကြူက ဟန့်ရပြန်သည်။ အထုပ်အပိုးတွေနဲ့ မွှေးရနံ့ကြူအနား တူတွေတူမတွေ ဝိုင်းဝိုင်းလည်နေ၏။ အိမ်ပေါက်ဝ ဧည့်ခန်းရောက်သည့်တိုင် ကူသယ်ပေးလာသည့် အထုပ်တွေကို မချနိုင်သေးဘဲ ဘာတွေဖြစ်မလဲလို့ သိချင်နေရှာသည်။ မွှေးရနံ့ကြူခွင့်ပြုချက်မရသေး၍ တစ်ယောက်မှ အထုပ်မဖြည်ရဲသေး။ ဒါတောင် ရောက်နေပြီဖြစ်မှန်း မသိသေး၍ မပေါ်လာသေးသည့် အမျိုးတွေရှိသေးသည်။

"ဟော ကြူကြူရောက်လာပြီပေါ့.. ငါ့တူမကြီးကတော့ လှလို့ဝလို့ဟေ့"

အိမ်အပေါ်ထပ်ကနေ လှေကားလက်ရန်းကို ကိုင်၍ တဆင့်ခြင်း အားပြုဆင်းလာသော အမေ့၏ အစ်မအကြီးဆုံးဖြစ်သူ ကြီးကြီး။ အသက်အရွယ်ရလာပြီဖြစ်၍ ခြေဒူးဆစ်ပိုင်းမကောင်းရှိလှသည့် ကြီးတော်ကြီးက စိတ်ရှိတိုင်းသာဆို မွှေးရနံ့ကြူရှိရာသို့ အပြေးလာပွေ့ဖက်ချင်ရှာမည်။ အိမ်အပေါက်ဝ ဧည့်ခန်းမှာ အထုပ်အပိုး ကလေးတွေကြားထဲက မွှေးရနံ့ကြူကို လှမ်းမြင်ရုံနဲ့တင် ဝမ်းသာပီတိဖြစ်နေပုံက မျက်ဝန်းမှာ မျက်ရည်ကြည်တို့ စို့တက်လို့။

"ကြီးတော်ကြီးရော ကျန်းမာရေးအခြေအနေ ဘယ်လိုလဲ"

ကြီးတော်ကြီး အောက်ထပ်မရောက်ခင် မွှေးရနံ့ကြူက အလျင် လှေကားပေါ်တက်၍ လက်မောင်းကနေကိုင် အတူတွဲဆင်းလာ၏။

"အသက်အရွယ်လေးရလာတော့ ၁၆နှစ်ကလိုတော့ ဘယ်ဟုတ်တော့မလဲကွယ်၊ ဒီလိုပါပဲ ခြေလက်ကိုက်ခဲတာအပြင် အခြားကြီးကြီးမားမား ရောဂါမရှိတာပဲ ဒီအရွယ်မှာ အနေထူးလှပြီပေါ့၊ ငါ့တူမကြီးကတော့ ဝလို့ လှလို့အေ၊ တစ်တစ်လျစ်လျစ်နဲ့ စိတ်ချမ်းသာစရာ"

ဇာတိမြို့မှာ အမေဘက်က တော်စပ်သော ဆွေမျိုးတွေချည်းသာ ရှိ၏။ အဖေက အခြားနယ်ကကုန်သည်ဖြစ်၍ အဖေ့အမျိုးတော့ ဒီအရပ်မှာမရှိ။ အဖေနှင့်အမေအကြောင်းပါပြီး တစ်ကောင်ကြွက် ခြေသလုံးအိမ်တိုင်ထူ နယ်တကာလှည့် ရောင်းဝယ်ဖောက်ကားနေသည့် ကုန်သည်ကြီးအဖေက အမေ့ဘက်လိုက်၍ အမေ့ဇာတိမှာပဲ အတည်တကျနေထိုင်ကာ စီးပွားထူထောင်ဖြစ်သည်။

ChillWhere stories live. Discover now