31

3.6K 800 279
                                    

ပါးပေါ်တင်နေသော ပေါင်ဒါမှုန့်တို့ကို Brushနဲ့ ခါထုတ်ပေးနေလျက် ရဲရဲက တမံမျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေသည်။ ဒီနေ့တမံစိတ်ကြည်နေပုံပဲ။ တမံအိမ်ကို ရဲရဲမရောက်ခင်တည်းက ရိုက်ကွင်းသွားဖို့ တမံက အသင့်ဖြစ်နေလို့ ရဲရဲကိုပြန်စောင့်နေသည်။ ရဲရဲကနောက်ကျနေတာမဟုတ်။

တမံစိတ်ပြေပြီး ပြန်‌ခေါ်လို့ ပထမဆုံး ရှုတင်အတွက် ရဲရဲက ခါတိုင်းနေ့တွေထက် တမင် ဝီရိယထားပြီး အစောရောက်လာခဲ့သည်။

"ရုပ်ခံရှိတဲ့သူတွေကျတော့လည်း လှနေအောင် မိတ်ကပ်လိုမနေပါဘူး၊ လောကမှာ မံမံလို ရုပ်ချောတဲ့သူတွေပဲရှိနေကြရင် အလှကုန်လုပ်ငန်းတွေအကုန် ထမင်းငတ်ပါပြီ ဟင်းဟင်း"

ရယ်သံနှောကာ ညှင်းသွဲ့သွဲ့ ကနွဲ့ကလျဆိုလိုက်သောအခါ တမံမျက်ခုံးကုတ်သွား၏။ စိတ်ကြည်နေသော်ငြား ရှစ်ခေါက်ချိုး စူပုတ်နေတတ်သည့် မျက်နှာထားက မပြေလျော့။ မျက်မှောင်ကြုတ်ကြည့်လာသောအခါ မှေးကျဉ်းကျဉ်းဖြစ်သွားသည့် မျက်ဝန်းစုံတို့နှင့် ရင်ဆိုင်မိ၍ ရဲရဲခဗျ အပြစ်ရှိသူလို အလိုလိုနေရင်း ခေါင်းငုံ့သွားသည်။

"လာဖားမနေနဲ့ ရဲရဲ... မံ မကျေနပ်သေးရင် ပြန်ခေါ်မှာတောင် မဟုတ်ဘူး၊ ရဲရဲလည်း မံ ကို မကျေနပ်သေးရင် ... ဒါမှမဟုတ် ကိုယ်ကိုယ်ကိုယ် အပြစ်တင်စိတ်ရှိနေသေးရင် မံ ရှေ့ရောက်မလာနဲ့၊ တစ်ယောက်နဲ့တစ်ယောက် အနေရခက်နေရင် ညစ်ညမ်းတဲ့လေထုရှုရှိုက်နေရသလိုပဲ ကျန်းမာရေးထိခိုက်တယ်"

"မံကလည်း"

မျက်နှာချိုသွေး ပခုံးကို လက်ညှိုးတို့လိုက်တော့ တမံက ပခုံးတွန့်ပစ်လိုက်ပြီး

"ရှုတင်က မစသေးဘူးလား၊ အပြင်ကို သွားကြည့်လိုက်ဦး"

"ဟုတ်ဟုတ်"

အလှပြင်ပစ္စည်းတွေကိုချပြီး အပြင်ထွက်ဖို့ ရဲရဲခြေလှမ်းစမှ

"ဟိုဘက်ကလူတွေပါ ရောက်ပြီလား တစ်ခါတည်းကြည့်ခဲ့ ရဲရဲ"

ထိုစကားကို ထပ်ဆင့်မှာလိုက်ချိန် တမံက ရဲရဲမျက်နှာကို မကြည့်ဘဲ ဇာတ်ညွှန်းစာရွက်အစွန်းကို ခေါက်လိုက်ဖြန့်လိုက် လုပ်နေသည်။

ChillWhere stories live. Discover now